Homeမေးမြန်းခန်း
တပ်ပေါင်းစုအဖြစ်သာ ငြိမ်းချမ်းရေး ဆွေးနွေးမည် – ယူအန်အက်ဖ်စီ နှင့် မေးမြန်းချက်
တပ်ပေါင်းစုအဖြစ်သာ ငြိမ်းချမ်းရေး ဆွေးနွေးမည် – ယူအန်အက်ဖ်စီ နှင့် မေးမြန်းချက်
DVB
·
August 31, 2011

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သီးခြားစီခွဲပြီး ဒေသဆိုင်ရာအစိုးရတွေနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးဖို့ အစိုးရရဲ့ ကမ်းလှမ်းချက်ကို ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ) က ပယ်ချလိုက်ပြီး တပ်ပေါင်းစုအနေနဲ့ ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။
[caption id="attachment_14952" align="alignright" width="310" caption="နိုင်ဟံသာ"]
[/caption]
အစိုးရရဲ့ ဩဂုတ် ၁၈ ရက် ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီက သမ္မတဦးသိန်းစိန်ဆီ ပြန်ကြားချက်မှာ နိုင်ငံရေးပြဿနာဟာ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သီးခြားဖြစ်ပွားနေတာမဟုတ်ဘဲ ပြည်ထောင်စုအဆင့် သို့မဟုတ် တမျိုးသားလုံး အဆင့် ပြဿနာတွေဖြစ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြေရှင်းကြမှသာ ပြေလည်နိုင် မယ်လို့ ယုံကြည်တာကြောင့် အစိုးရရဲ့ကမ်းလှမ်းချက်ကို လက်မခံတာလို့ တုံ့ပြန်ထားပါတယ်။
ဒီတုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ကို မေးမြန်းထားပါတယ်။
“အဓိကတော့ ဟိုဘက်က ဗဟိုအစိုးရ ကိုယ်စားလှယ်နဲ့ ကျနော်တို့ ဒီဘက်က ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ပါ။ တဖွဲ့ချင်း သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်နဲ့ ဆက်သွယ်နေရမယ်ဆိုရင် အဲဒါသဘာဝမကျဘူးလို့ မြင်တယ်။ အဲဒီလို သီးခြားစီ ခွဲပြီးလုပ်တယ်ဆိုရင် အချိန်လည်းကြာတယ်။ ကျနော်တို့ကိုလည်း ခွဲပြီးတော့ အနိုင်ယူဖို့ လုပ်တဲ့ပုံစံလို့မြင်တယ်။ ဒါကြောင့် တပြည်လုံး၊ တမျိုးသားလုံး ကိစ္စဖြစ်တဲ့အတွက် ဗဟိုအစိုးရကနေ တာဝန်ယူဖြေရှင်းစေချင်တယ်။ ကျနော်တို့ဘက်ကလည်း အားလုံးပေါင်းပြီးတော့ တပ်ပေါင်းစုအနေနဲ့ ဖြေရှင်းဖို့ ပြောလိုတာပါ။ ”
အစိုးရက မလိုက်လျောဘူးဆိုရင် စစ်ပွဲတွေဖြစ်မလား၊ လိုက်လျောမယ်ဆိုရင်ရော ဘာ တွေဖြစ်နိုင်လဲ။
“လိုက်လျောမယ်ဆိုရင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာမယ်။ မလိုက်လျောဘူးဆိုရင် ကျနော်တို့ဘက်က လက်မခံဘူး၊ မဆွေးနွေးဘူး။ အဲဒါတော့ ကျနော်တို့ သဘောတူထား တယ်။”
တကယ်လို့ လိုက်လျောတယ်ဆိုရင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ အနေနဲ့ ဘာတွေ ပြင်ဆင်ထားပါသလဲ။
“သူတို့မှာ ဖွဲ့စည်းထားသလို ကျနော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ်စားပြုတဲ့၊ တော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးကို ကိုယ်စားပြုတဲ့အဖွဲ့ ကျနော်တို့ ဖွဲ့ထားပြီးပါပြီ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဖွဲ့၊ အဲဒီအဖွဲ့နဲ့ပဲ တွေ့ဆုံကြမယ်။ တွေ့ဆုံတဲ့အခါကျရင် အဆင်အဆင့်ပေါ့။ ပထမတော့ အစိုးရဘက်က ထိုးစစ်ကိုရပ်ဖို့၊ ဒုတိယအနေနဲ့က တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာဖို့၊ တတိယအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို လုပ်သွားဖို့ပေါ့။”
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝင်ပြီး ဖြေရှင်းပေးချင်ပါ တယ်ဆိုပြီး စာထုတ်ထားတာ ရှိတယ်။ သူ့ရဲ့ အခန်းကဏ္ဍကရော။
“ဒီအခန်းကဏ္ဍက အစိုးရဘက်က ထားတဲ့သဘောထားပေါ် မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စမှာ ပါဝင်ပြီးတော့ ဖြေရှင်းခွင့်ပြုရင်၊ ဒါမှမဟုတ်ရင် သူ့အနေနဲ့ ကျနော်တို့နဲ့ ဒီအစိုးရကြားမှာ တွေ့ဆုံဆွေးနွေးနိုင်ခွင့် လုပ်ကိုင်ခြင်း၊ ညှိနှိုင်းပေးနိုင်တဲ့ အခွင့်အာဏာရှိနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကျနော်တို့ဘက်က လိုလားပါတယ်။ ဒါပေမယ့် အစိုးရဘက်က ဘယ်လို လိုလားတယ်ဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေတယ်ဆိုတော့ အဲဒီကိစ္စကိုတော့ ကျနော်တို့က ကြိုမပြောဘဲနဲ့ အစိုးရရဲ့ သဘောထားပေါ်မှာကိုပဲ ကျနော်ထားတယ်။”
အစိုးရဘက်က မလိုက်လျောဘူးဆိုရင် တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်လား။
“ဒါကတော့ အစိုးရပေါ်မှာ အများကြီး မူတည်တယ်။ ကျနော်တို့ကတော့ အဲဒီလိုပဲ လုပ်ရမှာပဲလေ။ အစိုးရဘက်က ထိုးစစ်တွေ ထပ်လုပ်ရင် ကျနော်တို့လည်း အဲဒီလို ထပ်လုပ်ရမှာပါ။”
ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီကို ၂၀၁၁ ခု ဖေဖော်ဝါရီမှာ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်း ပါဝင်ပါတယ်။
