DVB Logo
Home
မြန်မာသတင်း
အရေးပေါ်စီမံချက်ဥပဒေ ရုပ်သိမ်းရေးအဆို ရှုံးနိမ့်
DVB
·
August 30, 2011
Donate to DVB

နိုင်ငံတော်အရေးပေါ်စီမံချက်ဥပဒေ ပယ်ဖျက်ရေး အဆိုတင်ချက်ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့မဲခွဲတဲ့အခါ အဆိုရှုံးနိမ့်သွားပါတယ်။

ပြည်တွင်းစစ်အခြေအနေကို အကြောင်းပြုပြီး ၁၉၅၀ ပြည့်နှစ်က ပြဌာန်းတဲ့ နိုင်ငံ တော်အရေးပေါ်စီမံချက်ဥပဒေအပြင် ဒီဥပဒေနဲ့ ဆက်စပ်နေတဲ့ ရာဇသတ်ကြီးပြစ်မှုတွေကို ပယ်ဖျက်ဖို့ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းတာပါ။

ဒီအဆိုနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးအပြီး မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၃၃၆ မဲ၊ ကြားနေမဲ ၄၁ မဲ၊ ထောက်ခံမဲ ၈ မဲနဲ့ အဆိုရှုံးနိမ့်တာ လို့ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။

“ဆွေးနွေးတယ်ဆိုတဲ့နေရာမှာတော့ အားလုံးကန့်ကွက်ပြီး ဆွေးနွေးတာပါ။ ပြည် ထောင်စုဝန်ကြီးကလည်း ဒီအဆိုကို မလိုအပ်ဘူးဆိုပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောပါတယ်။”

လွှတ်တော်ဥက္ကဋ္ဌက ဦးသိန်းညွန့်ရဲ့သဘောထားကို မေးတဲ့အခါ “ဒီမိုကရေစီကျကျ ပဲ ထောက်ခံကန့်ကွက်ခြင်း လုပ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌက မတ်တတ်ရပ် မဲခွဲခိုင်းတာလို့ ဆိုပါတယ်။

“တပ်မတော်သားကိုယ်စားလှယ်အားလုံးနဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အားလုံး ၃၃၆ ယောက် ကန့်ကွက်တယ်ဆိုတဲ့ဘက်မှာ ရပ်တယ်။”

အဆိုရှင် ဦးသိန်းညွန့်ကတော့ “ရှုံးတယ်ဆိုသော်လည်း ဒီအရှုံးကို ၀မ်းမြောက် ၀မ်းသာ ခံယူပါတယ်” လို့ ပြောပါတယ်။

လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေက ဒီအဆိုကိုကန့်ကွက်တဲ့အချက်ဟာ ၁၉၅၀ ပြည့်နှစ်တုန်းကလိုပဲ ပြည်တွင်းစစ်ဖြစ်တဲ့ အခြေအနေ ဖြစ်နေတုန်းပဲဆိုတာ ထင်ရှားစေ တယ်လို့လည်း ဦးသိန်းညွန့်က ဆိုပါတယ်။

ကရင်ပြည်နယ် မြ၀တီမဲဆန္ဒနယ်ကိုယ်စားလှယ်နဲ့  ကချင်ကိုယ်စားလှယ်တို့ရဲ့ ပြော ပြချက်ကိုလည်း ဦးသိန်းညွှန့်က ရည်ညွှန်းပြောပြပါတယ်။

“သူတို့ပြောစကားအရဆိုရင်တော့ တိုင်းပြည်က မအေးချမ်းသေးဘူး။ ဒါကြောင့် ဒီဥပဒေက လိုတယ်ပေါ့၊ လုံခြုံရေးအရလည်း လိုတယ်ပေါ့၊ ပြည်တွင်းပြည်ပ အဖျက်သ မားတွေ ရှိနေတာပေါ့၊ ဆန့်ကျင်နေတော့ ဒါကလိုတယ်ဆိုပြီးတော့ ၀န်းသိုလွှတ်တော် ကိုယ်စားလှယ် ဆွေးနွေးတဲ့အထဲမှာလည်း ကျနော်ကြားလိုက်တာပဲ။”

၁၉၅၀ ပြည့်နှစ် နိုင်ငံတော်အရေးပေါ်စီမံချက်ဥပဒေ၊ ဒီဥပဒေနဲ့ ဆက်စပ်နေတဲ့ ရာဇသတ်ကြီးပြစ်မှုတွေကို မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ)၊ န၀တ၊ နအဖ စစ်အစိုးရလက်ထက်တို့မှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ဒဏ်ချမှတ်တာတွေ လုပ်ခဲ့ပါတယ်။

လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် တင်ပြတဲ့ တရားရုံးမထီမဲ့မြင်ပြုမှုဥပဒေနဲ့ အရေးပေါ်စီမံချက်ဥပဒေ ပယ်ဖျက် ရေး အဆိုတွေ ရှုံးနိမ့်ထားပြီး လွတ်ငြိမ်းသာခွင့်ဥပဒေကို သမ္မတကထုတ်ပြန်ဖို့ မေတ္တာရပ်ခံ ကြောင်း အဆိုကိုတော့ အတည်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013