အိမ်မွေးခွေးကို နာဇီကဲ့သို့ နှုတ်ဆက်ပုံ သင်ပြပေးသည့် အမျိုးသား ဖမ်းဆီးခံရ (ရုပ်သံ)

စကော့တလန်နိုင်ငံသား အမျိုးသားတဦးဟာ အိမ်မွေးခွေးတကောင်ကို နာဇီလို နှုတ်ဆက်ဖို့ သင်ပြပေးနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ မေ ၉ ရက်နေ့က ဖော်ပြပါတယ်။ မားကပ်စ်မီချန်းအမည်ရ အဲဒီအမျိုးသားဟာ ချစ်သူမိန်းကလေးရဲ့ ခွေးကလေးကို နာဇီလို နှုတ်ဆက်ဖို့ သင်ပြပေးနေတာကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မီချန်းဟာ ခွေးကလေးကို “မင်း ဂျူးတွေကို ဘယ်လိုပြောမလဲ” လို့ ထပ်တလဲလဲမေးခဲ့ပြီး ရှေ့ညာဘက်လက်ကို မြှောက်ပြ နှုတ်ဆက်နိုင်ဖို့ သင်ပြပေးခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ချစ်စရာကောင်းတဲ့ ခွေးကလေးရဲ့ အပြုအမူကို ချစ်သူမိန်းကလေးကို ပြချင်တာမျိုးသာဖြစ်တယ်လို့ မီချန်းက ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက်မှာ ခုလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာခဲ့တဲ့အပေါ်သူ့အနေနဲ့ ခွဲခြားဆက်ဆံလိုစိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ “ကျနော့်ရဲ့အပြုအမူဟာ ဂျူးလူမျိုးတွေကို ထိခိုက်နစ်နာစေခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ကျနော် တမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ တောင်းပန်ပါတယ်။” ခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မီချန်းကို သူ့ရဲ့နေအိမ်မှာ ဧပြီ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ လာနက်ခ်ရှိုင်းယားပြည်နယ် စုံစမ်းစစ်ဆေးရေးမှူး ဒေးဗစ်ကော့ဗန်းက “ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဆိုးဆိုးရွားရွား နိုင်လွန်းပါတယ်။ ကျနော်တို့ ဒီနေ့ လူ့အသိုင်းအ၀ိုင်းထဲမှာ ဒါကို လက်ခံနိုင်စရာမရှိတဲ့ အပြုအမူမျိုးပါ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up