အက်စ်အက်စ်အေနှင့် အစိုးရတပ် တိုက်ပွဲ၊ ရွာကိုလက်နက်ကြီးကျည်သင့်
DVB
·
August 30, 2011

ရှမ်းပြည်နယ်မှာ အစိုးရတပ်နဲ့ အက်စ်အက်စ်အေ (ရှမ်းပြည်တပ်မတော်) တို့ တိုက်ပွဲတွေဖြစ်နေပြီး အစိုးရတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ဆန် ကျေးရွာထဲကို ထိမှန် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
[caption id="attachment_14879" align="alignright" width="310" caption="၀မ့်မိုတ်ရွာ လက်နက်ကြီးကျသည့် နေရာ"]
[/caption]
မနေ့က မွန်းလွဲပိုင်း ၁ နာရီလောက်မှာ အစိုးရတပ် ခလရ ၂၂ ၊ ခမရ ၅၀၄ နဲ့ ၅၀၅ ပူးပေါင်းတပ်တွေဟာ ကျေးသီးမြို့နယ် ၀မ့်မိုတ်ရွာ တောင်ဘက်ရှိ တောင်ကုန်းပေါ်ကနေ အက်စ်အက်စ်အေဘက်ကို တနာရီကျော်အတွင်း လက်နက်ကြီး ကျည် ၂၀ ကျော် ပစ်ခတ်ရာမှာ အနီးဝန်းကျင်က ကျိုင်းလိုင်နဲ့ ခိခတ်ရွာက နေအိမ်တချို့ကို ထိမှန်တယ်လို့ ဒေသခံက ပြောပါတယ်။
ကျေးရွာ မူလတန်းကျောင်းဝင်း၊ ကျိုင်းလိုင်ဘုန်းကြီး ကျောင်းဝင်း၊ ကျားဖြူစေတီ တောင်ကုန်း စတဲ့နေရာတွေမှာ လက်နက်ကြီးတွေ ကျရောက်ပြီး ဆီကြိတ်စက် တလုံးပျက်စီးတယ်လို့ ဆိုပါတယ်။ တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ကျောင်းသား နဲ့ ဆရာမတွေ ဘေးကင်းတယ်လို့လည်း သိရပါတယ်။
ဒီရွာ ၂ ရွာက အိမ်ခြေပေါင်း ၇၈ ခု၊ လူပေါင်း ၂၈၀ ကျော်ဟာ ပစ်ခတ်မှုနဲ့ဝေးတဲ့ ၀မ်ဟိုင်းနဲ့ ခုမ်ပန်ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလကတော့ “သမ္မတပြောထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တည်ဆောက် နေတယ်ဆိုတဲ့ မိန့်ခွန်းတွေဟာ သူတို့ အပြောနဲ့အလုပ် မညီဘူးလို့ ကျနော်တို့ မြင်ရတယ်” လို့ ဝေဖန်ပြောကြားပါတယ်။
“၁၈ ရက်နေ့ ပြည်ထောင်စုအစိုးရ အတွင်းရေးမှူး ဦးသိန်းကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်ထားတယ်လေ။ ဒါပေမယ့် ထိုးစစ် ဆင်တာတွေ၊ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ဒီအစိုးရက အာဏာသက်ရောက်မှု မရှိဘဲ စစ်တပ်ကြိုးကိုင်ထားတဲ့ အနေအထားကို တွေ့နေရတယ်။ အစိုးရက ပြောနေတာတမျိုး၊ စစ်တပ်က လုပ်နေတာက တမျိုး။”
ဌာနေပြည်သူ့စစ်အသွင်ပြောင်းရေးကို လက်မခံတဲ့ ၀မ်ဟိုင်းအခြေစိုက် အက်စ် အက်စ်အေ တပ်မတော်နဲ့ အစိုးရတပ်တို့ဟာ ကျေးသီးမြို့နယ်နဲ့ သီပေါမြို့နယ်တို့မှာလည်း စနေနဲ့ တနင်္ဂနွေနေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။
တိုက်ပွဲအပြီးမှာ အစိုးရတပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရွာသားတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလ ၂၇ ရက် မနက် ၇ နာရီလောက်ကလည်း သီပေါမြို့နယ် နမ့်လန်အုပ်စု လွိုင်ကန်ရွာနားမှာ အစိုးရတပ် ခမရ ၅၀၅၊ ခလရ ၆၇ နဲ့ ရှမ်းပြည်တပ်မတော် နယ်မြေ ၉ တပ်ရင်းတို့ ၅ မိနစ်ကျော် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားပြီး အစိုးရတပ်ဘက်က ၅ ဦး ဒဏ်ရာရ ပါတယ်။
မနေ့ မနက်ကလည်း အက်စ်အက်စ်အေ တပ်ရင်း ၁၅၂ နဲ့ အစိုးရတပ် ခမရ ၅၀၃၊ ၅၀၄ တပ်တို့ ကျေးသီးမြို့နယ် ၀မ့်မိုတ်ရွာနားမှာ တိုက်ပွဲဖြစ်ပြီး ထိခိုက်မှုစာရင်းတော့ မသိရသေးဘူးလို့ အက်စ်အက်စ်အေ တပ်မှူးတဦးက ပြောပါတယ်။
သီပေါမြို့နယ် လွိုင်ကန်ရွာနားက တိုက်ပွဲမှာ အက်စ်အက်စ်အေက ဆုတ်ခွာသွား ပြီးနောက် အစိုးရတပ် ခမရ ၅၀၅ နဲ့ ခလရ ၆၇ က လွိုင်ကန်ရွာထဲဝင်ပြီး အိမ်ဆိုင်တဆိုင်က ကုန်ခြောက်ပစ္စည်း ကျပ် ၃ သိန်းကျော်ဖိုး သိမ်းယူသွားပြီး အိမ်နံရံနဲ့ ပြတင်းကို ဖျက်ဆီး သွားတယ်လို့လည်း ပြောပါတယ်။
ဝမ်ပန်းရွာထဲကို သေနတ်ပစ် ခြိမ်းခြောက်ရာမှာလည်း ရွာသားပိုင် ထော်လာဂျီတ စီး၊ လက်ဘက်ခြောက်နယ်စက်၂ လုံး ကျည်သင့်ပျက်စီးသွားပါတယ်။
ဒါ့အပြင် နားမောင်၊ နားပိုင်၊ ပိန်းညောင်၊ ၀မ့်ပန်း၊ နမ့်တိုင်ဖိုင်းရွာတို့က ရွာသား ၅၀ ကျော်ကို တည ဖမ်းခေါ်စစ်ဆေးပြီး တချို့ကို မနေ့မနက်မှာ ပြန်လွှတ်ပါတယ်။ ၂၀ ကို ဒီနေ့မနက်အထိ ခြိမ်းခြောက်စစ်မေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
