Home မြန်မာသတင်း အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေးအဆိုကို လွှတ်တော်က အတည်မပြု
အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေးအဆိုကို လွှတ်တော်က အတည်မပြု
parliment အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်ကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ တင်သွင်းတာကို လွှတ်တော်က အတည်မပြုဘူးလို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ် ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းတဲ့ “၂၁ ရာစုနဲ့ညီညွတ်တဲ့၊ ဂုဏ်သိက္ခာကို အာမခံနိုင်တဲ့ အကျဉ်း ထောင် အက်ဥပဒေသစ်ကို မူကြမ်းရေးဆွဲပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်ပေးဖို့အဆို” ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အတည်မပြုဖို့ ဆုံးဖြတ်လိုက်တာပါ။
ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနက အလားတူ အကျဉ်းထောင်ဥပဒေ ပြင်ဆင် ရေးနဲ့ပတ်သက်ပြီး ဥပဒေမူကြမ်းတွေ တင်သွင်းဖို့ရှိတာကြောင့် ဒီနေ့အဆိုတင်တာကို အတည်မပြုတာလို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါ တယ်။
“ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံ ဆွေးနွေးတယ်။ ပြည်ခိုင်ဖြိုးပါတီက ၃ ဦးက ကန့်ကွက်တယ်။ ပြည်ထောင်စုဝန်ကြီးက အကျဉ်းထောင်နဲ့ ပတ်သက်ပြီးတော့ ဒီဥပဒေကို လွှတ်တော်မှာတင်ပြဖို့ အကြောင်းအရာ တွေကို လုပ်ထားပါတယ်လို့ ပြောတော့ လွှတ်တော်ဥက္ကဋ္ဌက ဒါဆိုရင် ပြည်ထဲရေးဝန်ကြီး ကလည်း ဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ အဆိုကြမ်းတင်မယ်ဆိုတော့ ဒါတွေက လွှတ် တော်မှာ မှတ်တမ်းပဲ တင်ထားတော့မယ်ဆိုပြီးတော့ ဦးသိန်းညွန့်ကိုလည်း ပြန်ဖြေရှင်းခွင့် မပေးဘူး။ စာနဲ့ပဲ ဒီအဆိုဟာ မလိုအပ်ဘူးဆိုပြီး ဒါနဲ့ပဲ ရုပ်သိမ်းဖို့ ခိုင်းလိုက်ပါတယ်။”
ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့ အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး နဲ့ဆိုင်တဲ့ ဆွေးနွေးချက်တွေနဲ့ပက်သက်ပြီးတော့လည်း ဦးဖေသန်းက ပြောပြပါတယ်။
“ဘယ်အခန်းမှာ ဘယ်လိုပြင်ဆင်မယ်ဆိုတာ မပြောသေးဘူး။ ခြုံပြောသွားတာဆို တော့ အချို့ကို ပြင်ဆင်ဖို့လုပ်ထားတယ်၊ လွှတ်တော်ကို တင်သွင်းမယ်ပြောတော့ ထောင်ထဲမှာဖြစ်နေတဲ့ အဆိုးဆုံးအခြေအနေ၊ အစားအသောက် အနေအထိုင်တွေကအစ တိုက်ပိတ်တာတို့၊ နယ်ဝေးကို ပို့တာတို့၊ ဆေးခန်းမပြနိုင်တာတို့၊ သတင်းစာ၊ စာအုပ်တွေ ဖတ်ခွင့်မရတာတို့၊ ထောင်ထဲမှာ ထောင်အရာရှိဆိုတဲ့လူတွေက အပြစ်ပေးတာတွေ၊ အကုန်လုံးမဟုတ်သည့်တိုင်အောင် တချို့တဝက် ဥပဒေတွေ ပြောင်းလဲပြင်ဆင်မယ်လို့ မျှော်လင့်ပါတယ်။”
ပြည်ထဲရေးဝန်ကြီးဌာနက ပြင်ဆင်ဖို့တင်သွင်းမယ့် ဥပဒေတွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအပါအဝင် အကျဉ်းသားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဥပဒေမျိုးတွေ ပါဝင်လာမလားလို့လည်း လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစု တချို့က သံသယရှိနေကြပါတယ်။
ဒီနေ့အဆိုတင်သွင်းတဲ့ ဦးသိန်းညွန့်ကတော့ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆက်ပြီးဆောင်ရွက်ရမယ်လို့ ပြောကြားပါတယ်။
“ဒီဥပဒေကို လွှတ်တော်ထဲမှာ ကျနော်တို့ ဆွေးနွေးခွင့် ရပြီဆိုတာနဲ့ တပြိုင်နက် အခြေခံဥပဒေ ပုဒ်မ ၄၄ မှာ ပါတဲ့ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ပြစ်ဒဏ်များ ပြဋ္ဌာန်းခွင့် မရှိစေရ ဆိုတဲ့အချက်ရယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပါတဲ့ မည်သူ့ ကိုမျှ ညှဉ်းပန်းနှိပ်စက် သို့မဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ပြုမူခြင်း မပြုရ၊ ပြစ်ဒဏ်ပေးခြင်း မပြုရဆိုတဲ့ အချက်တွေနဲ့ ကိုက်အောင်တော့ ကျနော်တို့က မီးမောင်း ထိုးပြီး ဆောင်ရွက်ရမှာပေါ့။”
အကျဉ်းထောင်ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာလည်း မေးမြန်းမှု ရှိပါတယ်။ ၁၉၆၂ ခုနှစ် အကျဉ်းထောင်အက်ဥပဒေအရ ခရိုင်တရားသူကြီးတွေက ပြည် ထောင်စုတရားလွှတ်တော်ကို အကျဉ်းထောင် အစီရင်ခံစာ တင်ပြတာကို အခု ဆက်ပြီး ဆောင်ရွက်ဖို့ ရှိမရှိ မေးမြန်းချက်ဖြစ်ပါတယ်။
မနက်ဖြန် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ၁၉၅၀ ခုနှစ် နိုင်ငံတော်အရေးအ ပေါ်အခြေအနေ အက်ဥပဒေကို ရုပ်သိမ်းရေးအဆိုကို ဆွေးနွေးဖို့ရှိပါတယ်။
ဆက်စပ်သတင်းများ