မူဆယ်- ကျောက်ဖြူ လျှပ်စစ်ရထားလမ်း နှစ်ကုန်မှာ ဖောက်မည်
ရွှေအောင်
·
August 29, 2011
ရှမ်းပြည်နယ် မူဆယ်ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ လျှပ်စစ်ရထားလမ်း သစ်ကို ဒီနှစ်ကုန်ပိုင်းကစပြီး ဖောက်လုပ်ဖို့ရှိတယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
ဩဂုတ် ၂၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဝန်ကြီးဌာနသုံးခုလောက်နဲ့ စာနယ်ဇင်းတချို့တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာလို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ အယ်ဒီတာချုပ်တဦးက ပြောပါတယ်။
ရထားလမ်းသစ်ဖောက်လုပ်ဖို့ လမ်းအူကြောင်းရှာဖွေထားပြီဖြစ်ပြီး မူဆယ်- လားရှိုး- မန္တလေး- မင်းဘူးကနေ ကျောက်ဖြူထိ ဖောက်လုပ်သွားမှာဖြစ်ပါတယ်။
ရထားလမ်းအရှည်မိုင် ငါးရာရှည်လျားပြီး၊ ငါးနှစ်အတွင်း အပြီးဖောက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီရထားလမ်းကို တရုတ်နဲ့ BOT စနစ် (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်းစနစ်) နဲ့ နှစ် ၅၀ ငှားရမ်အသုံးပြုခွင့်ပေးပြီး ဖောက်လုပ်သွားမှာဖြစ်တယ်။ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။
မူဆယ် - ကျောက်ဖြူရထားလမ်းဖောက်လုပ်ပြီးရင်တော့ မြန်မာပြည်မှာ ပထမဆုံး လူစီးနဲ့ ကုန်တင် လျှပ်စစ်ရထား ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။