Home
မေးမြန်းခန်း
ရန်ကုန်တိုင်းအစိုးရက စီမံကိန်းကြီးတွေပြန်သုံးသပ်မယ်ဆိုတာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပဲ- ဒေါက်တာညိုညိုသင်း
အေးနိုင်
·
May 6, 2016
အမျိုးသားဒီမိုကရေစီအစိုးရတက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း ကျူးကျော်ပြဿနာ၊ စီမံကိန်းများပြန်လည်သုံးသပ်ခြင်းတွေကို ဦးစားပေးကိုင်တွယ်မယ့်အကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သက်တမ်းကာလက ရန်ကုန်မြို့တွင်း စီမံကိန်းတွေနဲ့ ပတ်သက်လို့ အချက်အလက်ခိုင်မာစွာနဲ့ ထောက်ပြဆွေးနွေးခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။ မေး။ ။ အစိုးရသစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး အတွင်းက ကျူးကျော်တွေကိစ္စကို စံမံချက်ချမှတ်ပြီး သေသေချာချာကိုင်တွယ်မယ်လို့ ပြောကြားခဲ့ ပါတယ်။ ဒီကျူးကျော်ကိစ္စကို ဘယ်လိုမျိုးကိုင်တွယ်သင့်သလဲခင်ဗျ။ “ကျူးကျော်တွေထဲမှာလေ အများစုကတော့လေ တကယ်ကိုပေါ့နော် အိမ်ခြေမဲ့။ အိမ်ခြေမဲ့ ဆိုတဲ့နေရာမှာ အိမ်ယာဝယ်ယူဖို့ရန်ကုန်မြို့မှာ ဘယ်လိုမှ မတတ်နိုင်လို့ ကျူးကျော်နေထိုင်ရတဲ့ လူတွေလည်းပါသလို တချို့တွေကျတော့ စီးပွားရေးလုပ်စားတဲ့လူတွေလည်း ပါတယ်။ တချို့တွေ ကလည်း ရတဲ့နေရာမှာ အကွက်ကလေးသွားယူ ဦးထားတယ်။ ဦးထားပြီးရင် အလုပ်သမားလေး ထားထားတယ် အဲဒီမှာ ကျူးကျော်အနေနဲ့ပေါ့နော်။ နောက် အဲဒီအကွက်ကို သူများရောင်းတယ် ပေါ့နော်။ အဲဒါမျိုးပေါ့နော်။ စီးပွားရေးလုပ်စားတဲ့လူတွေလည်းပါတယ်။ အဲဒီတော့ ဘယ်သူက တကယ့်ကို အိမ်ခြေအိမ်ရာမရှိတာလဲ၊ ဘယ်သူက စီးပွားရေးလုပ်စားတဲ့လူလည်းဆိုတာကို ခွဲခြားဖို့ဆိုတာက အချိန်ယူပြီးတော့ပေါ့ စစ်မှန်တဲ့ စစ်တမ်းတွေ ကောက်ရမှာပေါ့နော်။ စစ်တမ်းတွေကောက်တဲ့ အလုပ်ကလည်း တကယ့်ကိုပဲ အစိုးရအနေနဲ့ အထူးသဖြင့် အောက်ခြေအာဏာပိုင်တွေအနေနဲ့က ခြစားမှု ကင်းကင်းရှင်းရှင်းနဲ့ပေါ့နော် စစ်မှန်တဲ့ စာရင်းတွေကို ဖော်ထုတ်ဖို့ လိုတာပေါ့။ အဲဒါမှသာလျှင်သူက တကယ်အစစ်အမှန် အိမ်ရာမဲ့ လူတန်းစားကိုရပြီးတော့ အဲဒီသူတို့တွေအတွက်ကို ကျမတို့က ကုစားမှုအစီအစဉ်တွေ လုပ်ပေးနိုင်မှာပေါ့။ ဒါကြောင့်မို့လို့ မှန်ကန်တဲ့ စာရင်းဇယားတွေရရှိဖို့ကတော့ အရမ်းအရေးကြီးတာပေါ့ ဒီကိစ္စကိုဖြေရှင်းဖို့ဆိုရင်လေ။” မေး။ ။ နေရာချထားရေးအတွက် ဘယ်နေရာတွေမှာ သင့်တော်တာရှိလဲ။ ဒီကိစ္စကို ထင်သလောက် လွယ်ကူပါ့မလား။ “ဟုတ်တယ်၊ အမှန်ကတော့ အစိုးရဘက်ကနေ ကျမတို့ ပြီးခဲ့တဲ့ငါးနှစ်မှာ မကြာခန ကြားခဲ့တာကတော့ မြေမရှိဘူး၊ မြေမရှိဘူးဆိုပြီးပေါ့နော် ညည်းတွားသံကြားတယ်။ အမှန်ကတော့ ရန်ကုန်မြို့မှာ မြေမရှိတာမဟုတ်ဘူး။ မြေကိုပေါ့နော် ခေတ်အဆက်ဆက်မှာ တဦးတယောက်၊ နှစ်ဦးနှစ်ယောက်လောက်ကပဲ သိမ်းပိုက်ထားလို့ပေါ့နော်။ သိမ်းပိုက်ထားလို့၊ မတရားသိမ်းပိုက်ထားတဲ့အတွက်ကြောင့်မို့လို့ ဒါက မြေမရှိဘူးဆိုတဲ့ပြဿ နာ တက်နေတာလေ။ အမှန်ကတော့ နိုင်ငံတော်ပိုင်မြေတွေက ရန်ကုန်မှာ အများကြီးပဲ။ ကျမသဘောအရဆိုရင် နိုင်ငံတော်ပိုင်မြေတွေမှာ ဘာလုပ်သင့်လဲဆိုတော့ ဒါ အိမ်ရာတကယ်မရှိတဲ့လူတွေအတွက်ကို အရင်ပေါ့နော် ယာယီနေထိုင်တဲ့အစီအစဉ်တွေ လုပ်ပေးသင့်တယ်။ အဲလိုလုပ်ရင်းနဲ့မှ အချိန်ကာလတခုရောက်တဲ့အခါမှာ ဥပမာ -နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည်အခါမှာ ဘယ်သူက အိမ်ရာတကယ်မရှိဘဲနဲ့၊ ဘယ်သူက ရှိတယ်ဆိုတာ အဖြေရလာမှာလေ။ ဒါကြောင့်မို့လို့ ကျမကတော့ အိမ်ရာမဲ့လူတန်းစားတွေအတွက်ကို ယာယီနေထိုင်ဖို့အစီအစဉ်တွေ အစိုးရနေ ဦးဆောင်ပြီးတော့ ဖော်ထုတ်စေချင်တယ်။ အဲဒီမှာ တကယ်လာနေတဲ့သူတွေက သာလျှင်၊ အိမ်ရာမဲ့အနေနဲ့ တကယ်လာနေတဲ့သူတွေကသာလျှင် အိမ်ယာမဲ့လူတန်းစားအနေနဲ့ သတ်မှတ်ပြီးတော့ သူတို့ကို သက်ဆိုင်ရာနေရာတွေမှာ သူတို့အတွက် အငှားချပြီးတော့ နေထိုင်ခွင့် ကျမတို့အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်ပေါ့နော်။ အနည်းဆုံးတော့ ၂ နှစ်၊ ၃ နှစ်အချိန်ယူပြီးတော့ ဒီကိစ္စတွေကို ဆောင်ရွက်ရမှာ။ မဟုတ်လို့ရှိရင်တော့ ဟို အခုပြီးခဲ့တဲ့ ကျမတို့အစိုးရလက်ထက်မှာ ဖြေရှင်းခဲ့သလိုမျိုး တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လိုက်၊ မဲဖောက် ပေးလိုက်။ အငှားချအိမ်ရာတွေလုပ်လိုက်၊ မဲဖောက်ပေးလိုက် အဲဒါကတော့လေ ဘယ်လို ပြောမလဲ ဒါဟာ ရေရှည်ကုစားမှုမဟုတ်ဘူးပေါ့နော်၊ ဒါ ဆေးမြီးတိုတွေပဲဖြစ်တယ် ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျမတို့က တကယ်ထိထိရောက်ရောက် ဒီပြသနာကို ဖြေရှင်းမယ်ဆို လို့ရှိရင် အချိန်ယူပြီးတော့ တိကျတဲ့ စာရင်းဇယားတွေနဲ့အညီ အခုနလို ယာယီနေထိုင်တဲ့ အစီအစဉ်တွေ စီစဉ်ပြီးတော့မှ အမှန်တကယ် အိမ်ရာမရှိတဲ့လူတွေ ပေါ်ပေါက်လာတော့မှပဲ အဲဒီလူတွေကို စစ်မှန်တဲ့ အိမ်ရာမရှိတဲ့လူတွေကိုပဲ ပြန်လည်ပြီးနေရာချထားရေး အစီအစဉ်တွေ လုပ်သင့် တယ်လို့ မြင်ပါတယ်။ တကယ်လုပ်ရင်တော့ဖြစ်တယ်၊ အစိုးရအနေနဲ့ စိတ်စေတနာ ကောင်းကောင်းနဲ့၊ အဂတိလိုက်စားမှုကင်းကင်းရှင်းရှင်းနဲ့ လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်တာ မရှိပါဘူး။” မေး။ ။ ၀န်ကြီးချုပ်ကလည်း ကိုင်တွယ်ဆောင်ရွက်ဖို့ပြောထားပြီးပြီ၊ နေရာတွေကလည်း ရှိတယ်ဆိုတော့ အကောင်အထည်ဖော်ဖို့ ရန်ပုံငွေရှာဖွေရေးက လွယ်ကူမလား အခက်အခဲ ရှိနိုင်မလား။ “အဲဒါကတော့ ကျမတို့ ပြီးခဲ့တဲ့သက်တမ်းမှာဆိုလို့ရှိရင် ဦးသိန်းစိန်အစိုးရက ဘီလီယံ ၂၀ တောင်မှ ဒါ အိမ်ခန်းပေါင်း ၆ သောင်းအတွက်ကို သမ္မတရုံးရန်ပုံငွေကနေ သူထုတ်ပေးခဲ့တာ ရှိတယ်ပေါ့နော်။ အဲဒါကို ရန်ကုန်တိုင်းအစိုးရက နောက်ဆုံးနှစ်ဖြစ်တော့ ရွေးကောက်ပွဲလည်း မနိုင်တော့ သူတို့ အိမ်ရာ အခန်း ၁ ထောင့် ၂ ရာပဲလုပ်ပေးသွား တယ်ပေါ့နော်။ အဲလိုမျိုးပေါ့နော်၊ ကျမတို့ တကယ်လုပ်မယ်ဆိုရင်၊ ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်ဖို့အတွက် ဘီလီယံ ၂၀၊ ၃၀ ကတော့ အသာလေးသုံးလို့ရပါတယ်။ တနှစ်ကို ဘီလီယံ ၂၀ သုံးမယ်ဆိုရင် အိမ်ခန်းပေါင်း ၆ သောင်း၊ ငါးနှစ်ဆက်တိုက်လောက် ကုန်ခံလိုက်မယ်ဆိုရင် တော်တော်လေး ဒီပြသနာက ပြေလည်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရက နှစ်စဉ် သူ့မှာ ၀င်ငွေရှိတယ်လေ။ တချို့တွေကပြောတယ်၊ နားလည်မှု လွဲတာရှိတယ်။ ‘အစိုးရက ပိုက်ဆံမရှိတော့ဘူး၊ ပိုက်ဆံမရှိတော့ဘူး။’ မဟုတ်ဘူး၊ အစိုးရက သူက နှစ်စဉ် အခွန်က ရနေတာပဲ။ ရတဲ့ငွေကို ကျမတို့က အကျိုးရှိရှိ ပြန်သုံးဖို့ပဲပေါ့နော်။ မဟုတ်တဲ့နေရာတွေမှာ မသုံးမိဖို့ အရေးကြီးတာပေါ့။ မေး။ ။ ရန်ကုန်တိုင်းအတွင်းက စီမံကိန်းကြီးတွေကို ပြန်လည်သုံးသပ်ရမယ့် အနေအထားမျိုး တွေကို ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုတာရှိပါတယ်။ တချို့စီမံကိန်းကြီးတွေက လက်ကျွံထားကုန်ကြပြီ မဟုတ်လား။ ပြန်သုံးသပ်ရင် ပြဿ နာတွေ တက်နိုင်မလား။ “အမလေး ကျမက စီမံကိန်းတော်တော်များများ ပြီးခဲ့တဲ့ ၅ နှစ်မှာ ကျမ သေသေချာချာ ထဲထဲဝင်ဝင်လေ့လာခဲ့တာလည်းရှိပါတယ်။ ဒီစီမံကိန်းတွေက များသောအားဖြင့် အဲဒီစီမံကိန်း တွေက ပြည်သူလူထုအတွက်ကို အကျိုးမရှိမယ့် စီမံကိန်းတွေပဲဖြစ်တယ်။ လူနည်းစု လက်တဆုပ်စာလူတန်းစားကိုပဲ အကျိုးရှိမယ့်စီမံကိန်းတွေ ဖြစ်တယ်လေ။ အဲဒါကတော့ သေချာတယ်၊ ရဲရဲတင်းတင်းကို ကျမက ပြောရဲတယ်။ အဲဒီတော့ အဲဒီလိုဟာတွေကို ပြန်ပြီးတော့ သုံးသပ်မယ်ဆိုတော့ ဒါဟာ အင်မတန်ကောင်းတဲ့ အစိုးရသစ်ရဲ့လုပ်ရပ်ဖြစ်တယ်။ ကျမကတော့ ကြိုဆိုရမယ်။ ကျမတို့ပြည်သူလူထုတရပ်လုံးကလည်း တကယ်ကို အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးရင် ကောင်းမယ်။ ဥပမာအားဖြင့်ဆိုရင် တချို့နေရာတွေမှာပေါ့နော်၊ စီးပွားရေး သမားတွေကပေါ့နော် တောင်သူလယ်သမားတွေကို မက်လုံးပေးတာတွေရှိတယ်။ ‘ဒီလယ်မြေကို ရောင်းပါ၊ ရောင်းပြီးလို့ရှိရင် ဘယ်လိုအစီအမံတွေပေါ့၊ ကွန်ဒို ဘယ်နှခန်းပေးမယ်၊ ဘာလုပ်ပေးမယ်’ တို့ဆိုတာ၊ အဲဒါမျိုးတွေက စာရွက်စာတမ်းနဲ့လည်း သူတို့ ကတိပေးနိုင်တာမျိုး မဟုတ်ဘူး။ သက်သက်မဲ့ လယ်သမားတွေဆီက ဒါ ညာပြီးတော့ပေါ့နော် မက်လုံးပေးပြီး ဆောင်ရွက်နေတယ်ဆိုတာကို ကျမတို့ သိရတယ်။ အမှန်မှန်က ဒါမျိုးတွေက မဖြစ်သင့်ဘူး။ သက်ဆိုင်ရာအဏာပိုင်တွေက ဒါတွေကို ထိထိရောက်ရောက်အရေးယူသင့်တယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ကိုပဲ လယ်သမားကိုပေါ့နော် လယ်သမားရဲ့လယ်ကို သိမ်းပြီး တကယ်ကိုပဲ သူတို့ပြောသလို အဆင့်မြင့်အိမ်ရာကြီးတွေ၊ ကွန်ဒိုခန်းကြီးတွေ ပြန်ပေးမယ်ဆိုလို့ ရှိရင် ဒါ စာချုပ်ချုပ်ပြီးမှ၊ သက်ဆိုင်ရာကုမ္ပဏီက အစိုးရရှေ့မှာ စာချုပ်ချုပ်ဆိုပြီး လယ်ယာမြေ ဆုံးရှုံးတဲ့သူတွေနဲ့ စာချုပ်ချုပ်ဆိုပြီး ကတိပေးသင့်တယ်လေ။ အခုလိုမျိုး အပေါ်ယံစကားလေးတွေ ပေါ့နော်၊ ပြောတဲ့လူတွေကလည်း ကုမ္ပဏီရဲ့ ပိုင်ရှင်တွေလည်း မဟုတ်ဘူး။ ကြားပွဲစားတွေက ပြောတာဆိုတော့ ကျမတို့ လယ်သမားတွေအနေနဲ့ ရေရည်မှာ ဒုက္ခရောက်သွားနိုင်တယ်။ နောက်ပြီးတော့ အစိုးရအနေနဲ့ အဲဒီနေရာမှာ အဲဒီလုပ်ငန်းရှင်တွေက ကျမတို့ မြင်ရသမျှက ဒီမြေတွေကို နိုင်ငံခြားသားဆီကို ပြန်ရောင်းပြီး ထွက်သွားမှာ၊ ဘာမှ သူက ဒီနေရာမှာ လုပ်ပေးမှာ မဟုတ်ဘူး။ ဒီနေရာမှာ မီးရဖို့၊ ရေရဖို့ဆိုတဲ့ အခြေခံအဆောက်အအုံတွေ ကိစ္စတွေကိုတော့ နိုင်ငံတော်က တာဝန်ယူပြီးလုပ်ရမှာ။ ဒါကြောင့်မို့လို့ ကျမတို့က ပြည်သူ့ဘဏ္ဍာ ကို သုံးစွဲရမယ့်နေရာမှာ၊ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲပြီး ဒီမြေတွေကို ကျမတို့က မြို့ပြမြေတွေ အဖြစ် ဖော်ထုတ်တဲ့နေရာမှာ အကျိုးရှိသင့်တဲ့လူက အကျိုးရှိရမယ့်လူက ပြည်သူလူထုပဲ ဖြစ်သင့်တာပေါ့။ ခုနပြောတဲ့ လက်တစ်ဆုပ်စာ၊ လက်ငါးချောင်းတောင် မပြည့်တဲ့ လူတစ်စုပဲ မဖြစ်သင့်ဘူးလေ။ ဒါကြောင့်မို့လို့ ကျမတို့က ဒါတွေကို သေသေချာချာ ဒီစီမံကိန်းတွေကို ပြန်လည်သုံးသပ်သင့်တယ်။ ဒီစီမံကိန်းတွေက တကယ့်ကိုပဲ လက်တစ်ဆုပ်စာလူတန်းစားကိုပဲ အကျိုးရှိမယ်ဆိုတာ ထင်ရှားနေလို့ပဲ။” မေး။ ။ မြန်မာပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားမှု၊ ခြစားမှုက အသားကျတော့ ဒီအကျင့်ပျက်မှုအန္တရာယ်ကို ကျော်ဖြတ်နိုင်ပါ့မလား။ “အဲဒါကတော့ စနစ်တကျလုပ်ရမှာပဲ။ ကျော်ဖြတ်ဖို့ဆိုတာကလည်း ရှိရင်းစွဲဗျုရိုကရေစီ ယန္တရားကြီးမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ ဘယ်လိုပြောလဲ ဘယ်လောက်ကြံ့ခိုင်လဲပေါ့နော်။ ဘယ်လောက်၊ ဘယ်လောက်မာလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့နော်။ အဲလောက်ကြီးတော့၊ ကျမတို့ပြည်သူလူထုမျှော်မှန်းသလောက်ကြီးတော့ အချိန်တိုအတွင်းမှာတော့ မြန်မြန်ဆန်ဆန် တော့ ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် ကြိုးတော့ ကြိုးစားရမှာပေါ့လေ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024