DVB Logo
Home
မြန်မာသတင်း
ဟင်္သာတက ဗလီကျောင်းကို အရပ်သား ၃၀၀ ၀ိုင်း
DVB
·
August 28, 2011
Donate to DVB

မနေ့ ဩဂုတ်လ ၂၇ ရက်နေ့က ဟင်္သာတမြို့နယ်က ဗလီကျောင်းတခုကို အရပ်သား ၃၀၀ လောက် ၀ိုင်းထားပြီး သူတို့အလိုရှိတဲ့ လူနှစ်ဦးကို ထုတ်ပေးဖို့ တောင်းဆိုတဲ့ ပြဿနာတခု ဖြစ်ပွားခဲ့ပါတယ်။

ဒီပြဿနာကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ သံဃာတော်တွေက ၀င်ရောက်ဖြေရှင်း လိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

၂၇ ရက်နေ့က ဟင်္သာတ ဥယျာဉ်တောင်ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းမှာ ဆိုင်ကယ် မောင်းနင်လာသူတဦးနဲ့ စက်ဘီးစီးနင်းလာတဲ့ လူရွယ် ၂ ဦးတို့ ထိခိုက်မိရာကနေ အချင်းများပြီး ထိုးကြိတ်ခဲ့သလို နှစ်ဦးက  အနီးက ဗလီအတွင်းကို ထွက်ပြေး ၀င်ရောက်ပါတယ်။

ဗလီကျောင်းဝင်းထဲ ၀င်ပြေးသွားတဲ့ လူရွယ် ၂ ဦးကို ထုတ်ပေးဖို့ အထိုးခံလိုက်ရတဲ့ ကိုစိန်ဝင်းရဲ့ ဆွေမျိုးသားချင်းတွေက ဗလီပြင်ပကနေ တောင်းဆိုရာကနေ လူထု ပိုမိုများလာတာလို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ည ၈ နာရီခွဲလောက်က ဗမာစီးလာတဲ့ ဆိုင်ကယ်နဲ့ ကုလားလေး စီးလာတဲ့ စက်ဘီး ငြိတာကနေ တယောက်နဲ့ တယောက် အချင်းများပြီး ကုလားလေး နှစ်ယောက်က ထိုးလိုက်တာ။ ထိုးပြီးတော့ သူတို့က ဗလီကျောင်းထဲ ၀င်ပြေးတာ။ ဒါကို အထိုးခံလိုက်ရတဲ့ဘက်က တရားခံကို ထုတ်ပေးဖို့ တောင်းဆိုရင်းနဲ့ လူအုပ်များလာတော့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ မြို့မိ၊ မြို့ဖတွေက ၀ိုင်းပြီးဖြေရှင်းပေးကြတယ်။”

အခင်းဖြစ်စဉ်မှာ ထိုးနှက်ပြီး ဗလီတွင်းဝင်ရောက်သူနှစ်ဦးကို ဗလီတာဝန်ရှိသူတွေ ၀ှက်ထားတယ်လို့ အပြင်မှာ တောင်းဆိုသူတွေက ထင်မြင်ပေမယ့် အဲဒီနှစ်ဦးဟာ ဗလီထဲကို ဖြတ်ပြီး ကျန်ထွက်ပေါက်ကနေ ထွက်ပြေးသွားပြီး ရပ်ကွက်တခုမှာ ရောက်ရှိနေတာကို ဖော်ထုတ် ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

တရာခံနှစ်ဦးကို ဖမ်းမိချိန်မှာ လူအုပ်က ပိုများလာတဲ့အတွက် မြို့လူထု လေးစားရတဲ့ ဘုန်းကြီးနှစ်ပါးက ၀င်ရောက် ဖျန်ဖြေပေးခဲ့ပြီးနောက် ပြဿနာ ပြေလည်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“တရာခံကို ရဲစခန်းမှာ ထားပြီးတော့ မြို့လူထု လေးစားတဲ့ ဓမ္မဗိမာန်ကျောင်းတိုက်က ရဟန်းနှစ်ပါးကို အကူအညီတောင်းရတာပေါ့။ လူထုကို ဖျန်ဖြေပေးဖို့ပေါ့။ အဲဒါနဲ့ ဦးကေတုမာလာ ဆိုတဲ့ ဦးဇင်းကပဲ လူမျိုးရေး အဓိကရုဏ်းဆိုတာ မဖြစ်သင့်တဲ့ဟာ၊ ဘာသာ ကိုးကွယ်မှုကို ဖယ်လိုက်ရင် လူလူချင်း ရန်ညှိုးထားတာ မကောင်းတဲ့ ကိစ္စမို့လို့ သူပြောတာကို နားထောင်ပါ။ သူညှိနှိုင်းပေးပါမယ်ဆိုပြီး တဖက်အာဏာပိုင်ကိုလည်း အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့၊ ဥပဒေအရ ထိရောက်စွာ အရေးယူဖို့နဲ့ တဖက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ နောက်နောင် ဒါမျိုး မဖြစ်ဖို့ အကုန်ရှင်းပေးလိုက်တော့ ညတနာရီခွဲလောက်မှာ ကိစ္စ အားလုံးပြီးသွားတယ်။”

ဆရာတော်ရဲ့ မိန့်ကြားချက်အတိုင်း ဒီဖြစ်ရပ်ကို အတတ်နိုင်ဆုံး လျင်လျင်မြန်မြန်နဲ့ အကောင်အထည်ဖော်အောင် လုပ်ပေးမယ်ဆိုတာကို ခရိုင်တပ်ဖွဲ့မှူးကိုယ်တိုင်ရော မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူးတွေကပါ ပြောဆိုခဲ့ကြတဲ့အတွက် ကျေကျေနပ်နပ်နဲ့ ပြဿနာ ပြီးဆုံးသွားတယ်လို့လည်း ပြောပါတယ်။

အထိုးခံလိုက်ရတဲ့ ကိုစိန်ဝင်းဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာကလွဲရင် ဘယ်သူမှ တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013