DVB Logo
Home
မြန်မာသတင်း
ပါတီဗဟိုကော်မတီအစည်းအဝေးခေါ်ယူရန် လက်မှတ်ဟောင်းများသုံးခဲ့ဟု ဦးဌေးဦးရှင်းလင်း
DVB
·
May 2, 2016
ပါတီဗဟိုကော်မတီအစည်းအဝေးခေါ်ယူရန် လက်မှတ်ဟောင်းများသုံးခဲ့ဟု ဦးဌေးဦးရှင်းလင်း
Donate to DVB

ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးခေါ်ယူဖို့ ပါတီခေါင်းဆောင်ထံ တောင်းဆိုမှုဟာ လက်မှတ်အဟောင်းတွေကို အသုံးပြုပြီး တောင်းဆိုခဲ့တာဖြစ်တယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ရှင်းလင်း ပြောကြားလိုက်ပါတယ်။

ပါတီထိပ်တန်းခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ပါတီဝင်တချို့က ပါတီကနေ အနားပေးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့  ပါတီဗဟိုကော်မတီအစည်းအဝေးခေါ်ယူဖို့ ဗဟိုကော်မ တီဝင်ထက်ဝ က်ကျော်ဖြစ်တဲ့ ၁၃၆ ဦးက  ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ လက်မှတ်ရေးထိုး တောင်းဆို ထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့တာပါ။

ပါတီဒုခေါင်းဆောင် ဦးဌေးဦးကတော့ ဒါဟာ လက်မှတ်အဟောင်းတွေကို အသုံးပြုခဲ့တာသာ ဖြစ်တယ်လို့  ပြောတဲ့အကြောင်း ကြံ့ခိုင်ရေးပါတီအာဘော်  ပြည်ထောင်စုနေ့စဉ်သတင်းမှာ ခုလိုဖော်ပြထားပါတယ်။

''၁၃၆ ဦး လက်မှတ်ထိုးပြီး တောင်းဆိုတယ်လို့ ပြောတဲ့အခါကျတော့ အပြင်မှာရှိတဲ့ သူက ဘာထင်လဲဆိုတော့ အနားယူခွင့်ပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ချက်ချင်းကြီး မကျေနပ်တဲ့ သူတွေက ၁၃၆ ဦးတောင် ရှိလာတယ်သလိုလိုဖြစ်နေတယ်။ ကျနော့်ကို ဧရာဝတီတိုင်းမှာ အစည်းအဝေးတွေ လုပ်တဲ့အချိန် လက်မှတ်ထိုးပေးပါဆိုတော့ တက်ရောက် လက်မှတ်သဘောနဲ့ ထိုးပေးလိုက်တယ်။ ခေါင်းစဉ်ကြည့်လိုက်တဲ့ အခါကျတော့ ပါတီညီလာခံ ခေါ်ပေးဖို့ကိစ္စ ဖြစ်နေတယ်။ ဦးမောင်ပါလည်း လက်မှတ်ထိုးထားတယ်။ အဲ့ဒါဘာလဲဆိုရင် ကျနော်တို့ လွှတ်တော်တွေမပြီးသေးတဲ့ အချိန်မှာ ပါတီညီလာခံခေါ်ပေးပါဆိုပြီး လုပ်ကြမယ် ဆိုပြီးတော့။ လွှတ်တော်က ဇန်နဝါရီ ၂၈ ရက်နေ့ပြီးတယ်။ ၂၆ ရက်နေ့မှာ လက်မှတ်ထိုးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ခေါ်တွေ့တယ်။ ခင်ဗျားတို့လုပ်နေတာ ကျနော် တို့သိတယ်။ ကြားတယ်။ တရားဝင်လာတင်တာမရှိဘူးနော်။ သူတို့ တင်ရမလိုလို၊ မတင်ရ မလိုလိုနဲ့။ ရတယ်။ ပါတီညီလာခံဆိုတာ ခေါ်ပေးမယ်။ ပါတီညီလာခံနဲ့ ပတ်သက်ပြီးခေါ်ပေးဖို့ ဆိုရင် အချက် သုံးချက်ရှိတယ်။ အရင်တုန်းက ကိုယ်စားလှယ်တက်ရောက်ခဲ့တဲ့ ၇၅ ရာခိုင်နှုန်း လက်မှတ်ထိုးလို့ ရှိရင်၊ ဗဟိုကော်မတီဝင်ရဲ့ ရာခိုင်နှုန်း ၅ဝ က လက်မှတ်ထိုးလို့ရှိရင် ဗဟို အလုပ်အမှုဆောင်ကော်မတီက အရေးတကြီးလိုအပ်ရင် လုပ်ပေးနိုင်တယ်လို့ပြောတာ။ ဖွဲ့စည်းပုံ အခြေခံစည်းကမ်းအရ ပြောတာ။ အကုန်လုံးကိုလည်း ရှင်းပြခဲ့တယ်။ အဲ့ဒါတွေ ပြီးသွားပြီ။ ပြီးသွားတဲ့ အချိန်ကျမှ အရင်လက်မှတ်တွေနဲ့ လာပြီးတော့လုပ်တယ်။''

ဒါ့အပြင် ပါတီဝင်တဦးဟာ တခြားပါတီ၊ တခြားပုဂ္ဂိုလ်ကို သစ္စာခံတယ်ဆိုရင်၊ ပါတီရဲ့ လမ်းညွှန်ချက်တွေကိုမခံယူဘဲ တခြားပါတီက လမ်းညွှန်ချက်တွေကို ခံယူတယ်ဆိုရင် ပါတီဝင် အဖြစ်က ပျက်ပြယ်တယ်လို့လည်း ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားခဲ့တယ်လို့ လည်းဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီပူးတွဲ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကတော့ မနှစ်သြဂုတ်လက ပါတီဌာနချုပ်ကို ၀င်ရောက်စီးနင်းခဲ့တာနဲ့  ပါတီကနေ သူ့ကို အနားပေး ထုတ်ပယ်တာဟာ  ပါတီစည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်ခြင်းမရှိတာကြောင့်  ပါတီဗဟိုကော်မတီ ထက်ဝက်ကျော်က အရေးပေါ်ညီလာခံခေါ်ယူကျင်းပဖို့ လက်မှတ်ထိုးတောင်းဆိုထားတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က နေပြည်တော်မှာ သတင်း စာရှင်းလင်းပြောကြားခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်က ဖြုတ်ချခဲ့ပြီး မကြာသေးခင်က သူအပါအ၀င် ပါတီဗဟိုအလုပ်အမှုဆောင် ၁၇ ဦးကို ပါတီက အနားပေးကြောင်း အကြောင်းကြားစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013