နိုင်ငံတ၀ှမ်းလုံးအတွက် မိုးတုစင်တာများ ပြင်ဆင်ထားရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

ဓာတ်ပုံ - Chanat Katanyu
နိုင်ငံတ၀ှမ်းလုံးအတွက် ဆည်မြောင်း တာတမံတွေမှာ စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းတွေ လည်ပတ်နိုင်စေဖို့ မိုးတုစင်တာတွေ အဆင်သင့်ပြင်ဆင်ထားကြဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရသူ ဆန်ဆမ်ကောက်ကမ်နာ့ဒ်က ၀န်ကြီးချုပ် ပရာယွတ်ရဲ့ ညွှန်ကြားချက်နဲ့ တော်ဝင်မိုးတုလုပ်ဆောင်ရေး စင်တာတွေကို ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် ဘယ်အချိန်မှာ စတင်မယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ မိုးတုရွာသွန်းပေးမယ့် လေယာဉ်တွေကို ရေလှောင်ကန်တွေနဲ့ ရေကာတာတွေပေါ်မှာ ရွာသွန်းပေးမှာဖြစ်ပြီး ရေရရှိအောင် ပြုလုပ်သွားမယ်လို့ သူက ပြောပါတယ်။ ဒါဟာ နိုင်ငံတ၀ှမ်း မိုးခေါင်ရေရှားမှုကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုအဖြစ် လုပ်ဆောင်ရတာဖြစ်ပြီး အကြီးမားဆုံး ထိခိုက်တဲ့ ဒေသတွေကို ရေဖြန့်ဝေပေးသွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကတော့ ထိုင်းနိုင်ငံ နေရာတော်တော်များများမှာ မုန်တိုင်းနဲ့ မိုး သည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ခဲ့ပြီး မြောက်ပိုင်းခရိုင်တွင်းက စိုက်ပျိုးမြေ တော်တော်များများ ထိခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ ခုလို မိုးသည်းထန်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေဟာ အရှေ့တောင်နဲ့ အရှေ့မြောက် မုတ်သုန်ရာသီဥတုမှတဆင့် အကျိုးသက်ရောက်စေတာဖြစ်တယ်လို့ မိုးလေ၀သနဲ့ စိုက်ပျိုးနည်းပညာဆိုင်ရာ အဖွဲ့အစည်းက ဆိုပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတ၀ှမ်း မိုးခေါင်ရေရှားမှုဒဏ် ခံနေရတဲ့ ထိုင်းနိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ဒေသအလိုက် ထိခိုက်ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းနိုင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ရမှာဖြစ်တယ်လို့ ရေသုံးစွဲမှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ မြို့တော်ဝန် သနာဆက်ခ် ၀ပ်ထနာသနာက ပြောပါတယ်။ ထိုင်းနိုင်ငံ ရေသုံးစွဲမှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ရေကို ခြိုးခြံချွေတာ သုံးစွဲမှုဆိုင်ရာ အစီအစဉ်တွေကို လှုံ့ဆော်ပညာပေးမှုတွေ နိုင်ငံတ၀ှမ်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ သနာဆက်ခ်က နိုင်ငံသားတွေအနေနဲ့ မိုးရာသီ မကျရောက်ခင် ကာလအထိ ရေကို စနစ်တကျ ခြိုးခြံချွေတာ သုံးစွဲမှုတွေ လုပ်ဆောင်ခြင်းဖြင့် အားထုတ်ကြရမှာဖြစ်တယ်လို့ တိုက်တွန်းလိုက်တာပါ။ လက်ရှိ ဆည်မြောင်းတာတမံတွေမှာ ရှိနေတဲ့ သုံးစွဲနိုင်တဲ့ ရေပမာဏဟာ လာမယ့် ဇူလိုင်လအထိသာ လုံလောက်နိုင်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up