DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး တည်ငြိမ်မှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟုဆို
DVB
·
August 26, 2011
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံးစမ်းရေးမှူးရဲ့ တိုက်တွန်းချက်ကို အစိုးရအရာရှိတွေက  မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့  တုံ့ပြန်ခဲ့ပါတယ်။

နေပြည်တော်တွေ့ဆုံပွဲမှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်မှ အကျဉ်းသားများအား ပြန်လွှတ်ပေး ရန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီဖြေကြားချက်နဲ့ပတ်သက်လို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အေအေပီပီလို့ ခေါ်တဲ့ (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ) ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ပြောပါတယ်။

“သူတို့က ပြောတဲ့ပုံစံက နိုင်ငံတော်တည်ငြိမ်ရေးကို သေချာတယ်ဆိုမှ ဒီလူတွေကို လွှတ်ပေးမယ်ဆိုတဲ့အခါကျတော့ ဒီလိုပုံစံမျိုးနဲ့သွားရင် နိုင်ငံတော် တည်ငြိမ်ရေးက ဘယ်တော့မှ ရမှာမဟုတ်ဘူး။ အဲဒီအတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာပဲ သေသွားနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ တည်ငြိမ်မှုဆိုတာ ဘယ်လိုမျိုး တိုင်းတာမှာလဲဆိုတာ ထားဖို့လိုတယ်။ ဆိုတော့ တည်ငြိမ်မှုကို ဘာနဲ့မှ တိုင်းတာတာ မဟုတ်ဘဲနဲ့ သူတို့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ တည်ငြိမ်မှုဆိုတာမျိုးတော့ ဘယ်လိုမှ ရနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။”

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ရှိတယ်လို့ အေအေပီပီက ပြောပါတယ်။

အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ငြင်းဆန်နေပေမယ့် မိသားစုဝင် ၂ ဦးကို နယ်ဝေးထောင်တွေမှာ ထောင်ဝင်စာသွားတွေ့နေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းရဲ့ မိခင်က သားနဲ့ခင်ပွန်းကို ပြန်လွှတ်ဖို့ မျှော်လင့်နေပါတယ်။

“အိမ်က သူ့အဖေ ၈၈ ကျောင်းသားကိုဇော်ဇော်မင်း ရှိတယ်​။ သားအဖ ၂ ယောက်ပါ။.တယောက်တကွဲစီ။ အမျိုးသားက တောင်ငူထောင်မှာ။ သားကြီးက မုံရွာမှာပေါ့။ မျှော်လင့်နေရတာပေါ့။ နိုင်ငံရေး အကျဉ်းကျ မိသားစု အားလုံးကတော့ အကုန်လုံး မျှော်လင့်နေကြတာပေါ့။ လကုန်လောက်မှ သွားဖြစ်မယ်။ သူ့အဖေဆီ အရင်သွားပြီးမှ သားဆီသွားမယ်လေ။ အခုဆို လေးနှစ်တောင် ရှိနေပါပြီ။”

ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ချုပ်) ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းဟာ  မုံရွာထောင်မှာ ၁၅ နှစ်ခွဲကျခံနေရတာဖြစ်ပြီး ဖခင်ဖြစ်တဲ့ ၈၈ မျိုးဆက် ဦးဇော်ဇော်မင်းလည်း တောင်ငူထောင်မှာ ထောင်ဒဏ် (၆၅) နှစ်ကျခံနေရတာပါ။

နေပြည်တော်တွေ့ဆုံပွဲမှာပဲ ပြည်ထဲရေးဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက မစ္စတာ ကင်တားနား တင်ပြတဲ့ နိုင်ငံရေး အကျဉ်းသားဆိုသူ ၁၀၀ ကျော်ဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ မဟုတ်ဘဲ၊  မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ ဗုံးဖောက်ခွဲမှု ကျူးလွန်သူတွေနဲ့ သောင်းကျန်းသူတွေလို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကတော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ မစ္စကင်တားနားရဲ့ အမေးကို မဖြေဘဲ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူမရှိလို့ ငြင်းခဲ့ပါတယ်။

မနေ့တုန်းက ၅ ရက်တာ သူ့ခရီးစဉ်အဆုံးမှာ မစ္စတာ ကင်တားနားက  နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စဟာ မြန်မာနိုင်ငံ ဒီမိုကရေစီဖော် ဆောင်ရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ ကိစ္စရပ်ဖြစ်ပြီး လက်ရှိအချိန်ဟာ အစိုးရအနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲလုပ်ဖို့ အချိန်ကောင်းလို့ သူယူဆတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အစိုးရသစ်လက်ထက်မှာ အကျဉ်းထောင်တွေရဲ့ အခြေအနေတွေ အပေါ်ယံ အပြောင်းအလဲ တချို့ တွေ့ခဲ့ရပေမယ့် အရေးကြီးတဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

“အပေါ်ယံတိုးတက်မှုတွေ တချို့ရှိနေတာ ကျနော်တို့ သတိထားမိတယ်။ ဥပမာ ထောင်ထဲမှာ စာရေး၊ စာဖတ်ခွင့်၊ တီဗွီ ကြည့်ခွင့်ရတဲ့ ကိစ္စမျိုးတွေ တိုးတက်လာတာ တွေ့ရတယ်။ ဒါပေမယ့် အဓိက ကျတဲ့သုံးနေရာမှာ တိုးတက်တာ မတွေ့ရသေးဘူး။ အဓိကကျတဲ့သုံးခုဆိုတာ ဥပမာ အကျဉ်းထောင်ရဲ့ အကျယ်အ၀န်း၊ လူ ၅၀၀၀ လောက်ဆန့်တဲ့ အင်းစိန်အကျဉ်းထောင်မှာ ၅၀၀၀ မက ထားနေတော့ ကျပ်ကျပ်သိပ်သိပ်နဲ့ အိပ်နေရတယ်။ ဒီလိုအနေအထားတွေက တိုးတက်ဖို့လိုတယ်။ နောက်တခုက အစားအသောက်က နေ့တဓူဝကျွေးနေတဲ့ အစားအသောက်ဆိုတာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအသောက်မျိုး မဟုတ်ဘူး။ နောက်တခုက ကျန်းမာရေး စောင့်ရှောက်မှုက အင်မတန်မှ ညံ့ဖျင်းတယ်။ ဒီသုံးနေရာစလုံးက မတိုးတက်သေးဘူး။ ဒါက အဓိက တိုးတက်ရမယ့် သုံးနေရာဖြစ်ပါတယ်။”

၂၀၁၀ ဖေဖော်ဝါရီခရီးစဉ်နောက်ပိုင်းမှာ ဗီဇာအပိတ်ခံခဲ့ရတဲ့ ကုလသမဂ္ဂစုံစမ်းရေးမှူး မစ္စတာ ကင်တာနားဟာ ဩဂုတ်လ ၂၁- ၂၅ အထိ မြန်မာပြည်ကို လေးကြိမ်မြောက်အဖြစ် ပြန်ရောက်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013