Live
Home
ဆောင်းပါး
သန်း​ရွှေ အလွန် (၁)
DVB
·
August 26, 2011
မြန်မာနိုင်ငံကို ၂၃ နှစ်ကြာ စစ်တပ်အာဏာရှင် အုပ်ချုပ်မှုက​နေပြီး​တော့​ ၂၀၀၈ ခုနှစ် ဖွဲ့​စည်း​အုပ်ချုပ်ပုံအ​ခြေခံဥပ​ဒေအရ ပြည်သူက​နေ ​ရွေး​ချယ်တင်​မြှောက်တဲ့​ အရပ်သား​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေဆီကို မတ်လ ၃၀ ရက်​နေ့​မှာ တိုင်း​ပြည်အာဏာ လွှဲ​ပြောင်း​ခဲ့​ပါတယ်။ စစ်တပ်အုပ်ချုပ်မှုက​နေ ပြည်သူက ​ရွေး​ကောက်တင်​မြှောက်တဲ့​ အရပ်သား​အစိုး​ရဆီကို အာဏာလွှဲ​ပြောင်း​ပေး​လိုက်တယ်ဆိုတဲ့​ သ​ဘောထား​မျိုး​ပါပဲ။ အဲဒီ အရပ်သား​အစိုး​ရဆိုတာကလည်း​ စစ်ဗိုလ်ချုပ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရအသစ်ပါ။ အဲဒီလို တမူထူး​ခြား​တဲ့​နေ့​မှာပဲ မြန်မာနိုင်ငံကို ပ​ဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့​တဲ့​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေက​နေ ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို အာဏာလွှဲ​ပြောင်း​တဲ့​နေ့​လည်း​ ဖြစ်ပါတယ်။ တိုင်း​ပြည်ကို တချက်လွှတ်အာဏာနဲ့​ အုပ်ချုပ်ခဲ့​တဲ့​၊​ ဘဝရှင်မင်း​တရား​ကြီး​လို့​ လူသိများ​တဲ့​ ဗိုလ်ချုပ်မှူး​ ကြီး​သန်း​ရွှေ ​နောက်ပိုင်း​ မြန်မာနိုင်ငံဟာ စစ်​ရေး​၊​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ဘာ​တွေ ​ပြောင်း​လဲခဲ့​သလဲ၊​ ဘယ်လိုမျိုး​ ​ပြောင်း​လဲသလဲ --- မြန်မာ့​တပ်မ​တော်ရဲ့​ ကျဆင်း​တဲ့​ စိတ်ဓာတ်ပိုင်း​ဆိုင်ရာ စွမ်း​ရည်​တွေနဲ့​ ပတ်သက်လို့​ တပ်မ​တော်က​နေ အငြိမ်း​စား​ယူထား​တဲ့​ ဗိုလ်ချုပ်ချစ်လှိုင်၊​ ဗိုလ်မှူး​အောင်လင်း​ထွဋ်နဲ့​ ဗိုလ်ကြီး​ဇော်မိုး​တို့​ရဲ့​ သုံး​သပ်ချက်​တွေနဲ့​ တင်ပြသွား​ပါ့​မယ်။ အ​ရှေ့​တောင်အာရှမှာ တိုင်း​ရင်း​သား​လက်နက်ကိုင်အ​ပေါ် နှိမ်နင်း​ချေမှုန်း​ရေး​၊​ ဝါဒမတူ ဆန့်​ကျင်ဘက်နိုင်ငံ​ရေး​အဖွဲ့​အစည်း​တွေကို နှိပ်စက်တာနဲ့​ နာမည်ကြီး​တဲ့​ မြန်မာ့​တပ်မ​တော်ကို ၁၉၄၅ ခုနှစ်မှာ ဗြိတိသျှတပ်မ​တော်အကူအညီနဲ့​ ပြန်လည်ဖွဲ့​စည်း​ခဲ့​ပါတယ်။ လွတ်လပ်​ရေး​ ရပြီး​ခေတ် တ​လျှောက်လုံး​မှာ တပါတီအာဏာရှင်​ဟောင်း​ ဗိုလ်ချုပ်ကြီး​ ဦး​နေဝင်း​က မြန်မာ့​တပ်မ​တော်ကို စနစ်တစ်ကျ တိုး​တက်ဖွဲ့​စည်း​ တည်​ဆောက်ခဲ့​ပါတယ်။ တရုတ်ဖြူ ကျူး​ကျော်မှုနဲ့​ ပြည်တွင်း​စစ် စစ်ပွဲ​တွေမှာ မြန်မာ့​တပ်မ​တော်ဟာ အရှိန်​ကောင်း​ကောင်း​နဲ့​ အင်အား​ကြီး​မား​ လာပြီး​တော့​ ၁၉၆၂ ခုနှစ်မှာ တိုင်း​ပြည်ရဲ့​ စစ်​ရေး​ကိုသာမက အုပ်ချုပ်​ရေး​ အာဏာအဝဝကို သိမ်း​ပိုက်ခဲ့​ပါတယ်။ အဲဒီကစလို့​ တရုတ်ကွန်မြူနစ်ပါတီရဲ့​ စစ်​ရေး​အကူအညီနဲ့​ ဗကပရဲ့​ စစ်​ရေး​အရှိန်အဟုန်ကို ထိန်း​သိမ်း​ထား​နိုင်ခဲ့​ပြီး​ နိုင်ငံအ​ရှေ့​ဘက်ခြမ်း​မှာ ရှိတဲ့​ ကရင်နဲ့​ မွန်စတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကိုလည်း​ပဲ အထိုက်အ​လျောက် ထိန်း​ထား​နိုင်ခဲ့​ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်း​ဖို့​ ဆန္ဒပြပွဲ​တွေ ​ပေါ်​ပေါက်လာ ပြီး​တဲ့​နောက်မှာ စစ်တပ်က တိုင်း​ပြည်အာဏာကို သိမ်း​ပိုက်ပါ​တော့​တယ်။ အဲဒီ အာဏာသိမ်း​မှုမှာ ပါဝင်ခဲ့​ပြီး​ ၁၉၉၂ မှာ စစ်တပ်ကြီး​အကဲနဲ့​ နဝတ စစ်​ကောင်စီရဲ့​ ဥက္ကဋ္ဌ ဖြစ်လာတဲ့​ ဗိုလ်ချုပ်ကြီး​သန်း​ရွှေက​နေ မြန်မာ့​တပ်မ​တော်ကို အ​ရှေ့​တောင်အာရှမှာ အင်အား​အကြီး​ဆုံး​ တပ်မ​တော်တခု ဖြစ်ဖို့​အတွက် စတင် ကြိုး​ပမ်း​လာပါ​တော့​တယ်။ တပ်ရင်း​၊​ တပ်မနဲ့​ စစ်တိုင်း​အသစ်​တွေကို တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​တယ်။ ​ခြေလျင်တပ်​တွေ တိုး​ချဲ့​ရုံသာမက နိုင်ငံတကာအဆင့်​မီ ကြည်း​တပ်နဲ့​ဆိုင်တဲ့​ ​လေ​ကြောင်း​ရန်ကာကွယ်​ရေး​ တပ်၊​ ဒုံး​ကျည်လက်နက်တပ်ရင်း​၊​ အ​မြောက်တပ်နဲ့​ သံချပ်ကာတပ်ရင်း​တွေ တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​ပါတယ်။ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကာကွယ်​ရေး​ဦး​စီး​ချုပ် ရာထူး​က​နေ မတ်လ ၃၀ ရက်​နေ့​မှာ တရား​ဝင် လွှဲ​ပြောင်း​ပေး​ပြီး​ ​နောက်ပိုင်း​မှာ ကာကွယ်​ရေး​ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ တပ်မ​တော်အဖွဲ့​အစည်း​ပိုင်း​ကို သိသာမြင်သာတဲ့​ အ​ပြောင်း​အလဲ​တွေ ဘာ​တွေ လုပ်​ဆောင်​နေပြီလဲ၊​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်နဲ့​ သူ့​ရာထူး​ကို ဆက်ခံတဲ့​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်တို့​ လက်ထက် မြန်မာ့​တပ်မ​တော်ကြီး​က ဘာ​တွေ ဖြစ်​နေပြီလဲ။ တပ်မ​တော်မှာ တချိန်က ကာကွယ်​ရေး​ဦး​စီး​ချုပ် (​ရေ) တာဝန်ယူခဲ့​ဖူး​တဲ့​ အငြိမ်း​စား​ ဗိုလ်ချုပ်ချစ်လှိုင်က ခုလို သုံး​သပ်ပါတယ်။ “ဟိုအရင်နဲ့​ အခုနဲ့​ဆိုရင် ကိုယ်​ခေတ်ကိုယ်​ကောင်း​တယ်လို့​ ယူဆတဲ့​သူ​တွေ တချို့​ ရှိတယ်​လေ။ လူ​ပေါ်မှာ မူတည်တာ​ပေါ့​လေ။ သို့​သော် တိုး​တက်မှု ရှိတာက​တော့​ တိုင်း​ပြည်အတွက် တိုး​တက်​နေရမှာ​ပေါ့​။ ဘယ်အစိုး​ရမဆို ကိုယ့်​တိုင်း​ပြည် တိုး​တက်​အောင် လုပ်​နေကြတာပဲ​လေ။ လုပ်ပြီး​တော့​မှ မကြိုက်တာ ရှိရင် ရှိမယ်။ လုပ်တာက​တော့​ သူ့​မှာတာဝန်လည်း​ ရှိ​တော့​ လုပ်လည်း​ လုပ်မှာပဲ။ အဲဒီအရ တပ်ကို ဆက်ပြီး​ ထူ​ထောင်လို့​ ကျ​နော်တို့​ရဲ့​ တပည့်​တွေ၊​ သား​မြေး​တွေ ဆိုကြပါစို့​ ကျ​နော်တို့​ရဲ့​ တူ​တွေ သား​တွေလည်း​ ဆက်ထူ​ထောင် လာကြတာ သူတို့​လည်း​ ဟိုတုန်း​က အစဉ်အလာ​တွေ​တော့​ မ​မေ့​ မ​ပျောက်ဘဲ ဆက်လုပ်သွား​ကြတာပါပဲ။ တိုး​တက်မှု​တွေက​တော့​ ​စော​စောက ​ပြောသလို​ပေါ့​ ရုပ်ပိုင်း​မှာ​တော့​ တိုး​တက်တာ ​ပြောနိုင်တာ​ပေါ့​။ စိတ်ပိုင်း​သည် တွက်လို့​မရတဲ့​ ကိစ္စပါ။ ” အရင် ဦး​နေဝင်း​လက်ထက်က ကာကွယ်​ရေး​ဝန်ကြီး​ဌာန အထူး​စစ်ဆင်​ရေး​အဖွဲ့​ ကစထမှူး​ ၂ ​နေရာ ရှိ​နေရာက​နေ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်မှာ ၆ ​နေရာအထိ တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​ပါတယ်။ အရင်က မြန်မာ့​တပ်မ​တော်မှာ ဗိုလ်ချုပ်ကြီး​ တဦး​တည်း​ ရှိခဲ့​ရာက သုံး​ဦး​အထိ တိုး​မြှင့်​ခဲ့​ပြီး​ ဒုတိယဗိုလ်ချုပ်ကြီး​အဆင့်​ ရာထူး​တွေကိုလည်း​ တိုး​မြှင့်​ပေး​အပ်ခဲ့​ပါတယ်။ တပ်​တွေကို တိုး​ချဲ့​ရုံသာမကဘဲ အုပ်ချုပ်​ရေး​ရာထူး​အဆင့်​တွေကိုလည်း​ တိုး​မြှင့်​ပေး​တဲ့​ သ​ဘောပါပဲ။ ပြည်တွင်း​မှာ​နေထိုင်တဲ့​ ဗိုလ်ချုပ်ချစ်လှိုင်က​တော့​ (တပ်မ​တော်မှာ) စိတ်ပိုင်း​ဆိုင်ရာ စွမ်း​ရည် ကျဆင်း​နေတယ်လို့​ ​ပြောမသွား​ပေမယ့်​ ပြည်ပမှာ ​နေထိုင်တဲ့​ စစ်​ထောက်လှမ်း​ရေး​ အရာရှိ​ဟောင်း​ ဗိုလ်မှူး​ ​အောင်လင်း​ထွဋ်က​တော့​ မြန်မာ့​တပ်မ​တော်မှာ အဓိကစွမ်း​ရည်ကြီး​ သုံး​ရပ်ဖြစ်တဲ့​ စစ်​ရေး​စွမ်း​ရည်၊​ အုပ်ချုပ်​ရေး​စွမ်း​ရည်၊​ စည်း​ရုံး​ရေး​ စွမ်း​ရည်​တွေ ကျဆင်း​နေတယ်လို့​ ​ပြောပါတယ်။ “ကျတယ်လို့​ပဲ ​ပြောရမယ်ဗျ။ စည်း​ရုံး​ရေး​စွမ်း​ရည်၊​ စစ်​ရေး​စွမ်း​ရည်၊​ အုပ်ချုပ်​ရေး​စွမ်း​ရည်ဆိုပြီး​ စွမ်း​ရည်ကြီး​ သုံး​ရပ်​ပေါ့​ဗျာ။ ပြန်ချိန်ထိုး​ကြည့်​ရင် စစ်​ရေး​ စွမ်း​ရည်က က​လေး​စစ်သား​နဲ့​ ​ထောင်က ထွက်တဲ့​စစ်သား​နဲ့​ ဘယ်လိုမှ စစ်တိုက်လို့​ မရဘူး​။ ဒါ​ကြောင့်​မို့​ စစ်သား​တွေ ကျကြတာ။ အုပ်ချုပ်​ရေး​ စွမ်း​ရည်ဆိုတာကလည်း​ ရဲ​ဘော်ကို စား​ဝတ်​နေ​ရေး​နဲ့​ ​နေ​ရေး​ထိုင်​ရေး​ကအစ အိမ်ခန်း​တောင်မှ မစီစဉ်​ပေး​နိုင်ဘူး​ဗျာ။ ကိုယ့်​ဘာသာ တဲထိုး​ပြီး​နေရတယ်ဗျာ။ ကိုယ့်​ရိက္ခာ ကိုယ်ရှာစား​ပြီး​ ဆန်​လောက်ပဲ ​ပေး​တယ်ဗျာ။ ရိက္ခာ​တွေ ဖြတ်ပစ်တာ ရှိတယ်ဗျ။ ဒါမျိုး​တွေက အုပ်ချုပ်​ရေး​စွမ်း​ရည်ကို ဘယ်လိုမှ မမြှင့်​တင်နိုင်ဘူး​။ စည်း​ရုံး​ရေး​ စွမ်း​ရည်ဆိုတာက​တော့​ စပ်ဆက်တယ်​လေ။ အူမ မ​တောင့်​ဘူး​ဆိုရင် သီလမ​စောင့်​နိုင်ဘူး​။ ​သေနတ်ကိုင်တဲ့​ကောင်က ​သေနတ်နဲ့​ စည်း​ရုံး​တဲ့​ အခါကျ​တော့​ လာဘ်​တောင်း​တာ​ပေါ့​။ ဂိတ်ရှိရင် ​သေနတ်ပြပြီး​ ပိုက်ဆံ​တောင်း​ပြီ။ ရွာ​ရောက်ရင် အနိုင်ကျင့်​ပြီ။ အရင်တုန်း​က ရွာ​ရောက်ရင် ကြက်​လောက်ပဲ ယူတာ။ အခု​တော့​ မဟုတ်​တော့​ဘူး​။ ပိုက်ဆံယူတာတို့​ အကုန်လုံး​ ဖြစ်လာတာ။ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောရရင်​တော့​ စွမ်း​ရည်သုံး​ရပ်စလုံး​က​တော့​ လုံး​ဝကို မရှိသ​လောက် ဖြစ်​နေပြီ။ တကယ့်​တကယ် စစ်ဖြစ်ကြည့်​ ကျ​နော်တို့​ တပ်မ​တော်ကြီး​က အ​မြှောက်​တွေ၊​ ​လေယာဉ်ပျံ​တွေသာ ရှိရင် ရှိမယ်။ ​ခြေလျင်တပ် မ​ကောင်း​ရင် စစ်မနိုင်နိုင်ဘူး​။” မတ်လ ၃၀ ရက်​နေ့​မှာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​ကို ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေက​နေ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို လွှဲ​ပြောင်း​ပေး​လိုက်ပါတယ်။ ကာကွယ်​ရေး​ ဦး​စီး​ချုပ်အသစ် ဖြစ်လာတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ DSA ဗိုလ်သင်တန်း​ အပတ်စဉ် ၁၉ မှာ တက်​ရောက်ခဲ့​ပြီး​ သူ့​အထက်က စီနီယာ ဗိုလ်ချုပ်​တွေကို ​ကျော်ပြီး​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်လာတာပါ။ စီနီယာ ဗိုလ်ချုပ်​တွေက ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို ဦး​စီး​ချုပ်အသစ်အဖြစ် လွယ်လွယ်ကူကူ လက်ခံပါ့​မလား​ဆိုတာ ​မေး​စရာ​မေး​ခွန်း​ ဖြစ်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ တပ်မ​တော်ထဲက ​အောက်​ခြေအဆင့်​ အရာရှိ အကြပ်စစ်သည်​တွေ ကြား​မှာ​တော့​ သိသာတဲ့​ပြောင်း​လဲမှုမျိုး​ ​တွေ့​ရမှာ မဟုတ်ဘူး​လို့​ အငြိမ်း​စား​အရာရှိတဦး​ ဖြစ်တဲ့​ ဗိုလ်ကြီး​ဇော်မိုး​က​တော့​ သုံး​သပ်ပါတယ်။ “​အောက်​ခြေက ဒါ​တွေ စိတ်မဝင်စား​ဘူး​။ ဥပမာ ​ပြောပြမယ်ဗျာ။ ​အောက်​ခြေက တပ်ရင်း​မှူး​ ဘယ်သူလဲဆိုတာကို ရဲ​ဘော်က ​တော်ရုံတန်ရုံ မသိဘူး​။ တပ်ခွဲမှူး​ ဆိုတာကလည်း​ ​ပြောမှ ​ဟေ့​ကောင် ဒါက မင်း​ တပ်ခွဲမှူး​ ဆိုမှ ​အော် ကျ​နော့်​တပ်ခွဲမှူး​လား​။ အဲလို​ပြောမှ သိတာ။ အဲလိုမျိုး​ပဲ တပ်ခွဲမှူး​ဆိုတဲ့​ အရာရှိကလည်း​ သူသိတဲ့​ အဆင့်​သည် သူ့​ပတ်ဝန်း​ကျင်မှာရှိတဲ့​ တပ်ရင်း​မှူး​တွေ၊​ တိုင်း​မှူး​ပဲ သိတယ်။ ကျန်တာ သူဘာမှ မသိဘူး​။ စိတ်မဝင်စား​ဘူး​။ သူလုပ်ရမယ့်​ အလုပ်သည် operation ကိစ္စ၊​ operation မှာ သူကိုယ်တိုင်ကိုယ်ကျ ပါပြီး​တော့​မှ အဓိက ဒဏ်ရာရမှု မဖြစ်​ရေး​ ဒါပဲ စိတ်ဝင်စား​တယ်။ သူတို့​က ကိုယ့်​ဘာသာ ကိုယ့်​လမ်း​ကြောင်း​ကို သွား​နေတာ။ တကယ်​တော့​ ​အောက်က အပိုင်း​က​တော့​ ဘယ်သူပဲ လာလာ အမိန့်​နာခံရမှာ။” ဒါ​ပေမယ့်​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ​တော်ကို အုပ်ချုပ်မှုဆိုင်ရာ မနိုင်နင်း​တာ​တွေနဲ့​ ထိန်း​ချုပ်မှု​တွေ လစ်ဟာနိုင်တယ်လို့​ တပ်မ​တော်အရာရှိ​တွေနဲ့​ ပြည်တွင်း​ပြည်ပ စစ်​ရေး​အကဲခပ်​တွေက ထင်​ကြေး​ပေး​ သုံး​သပ်​နေကြပါတယ်။    

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024