DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအလုပ်သမားများ နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက်သပိတ်မှောက် (ရုပ်သံ)
DVB
·
April 29, 2016
စစ်ကိုင်းအလုပ်သမားများ နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက်သပိတ်မှောက် (ရုပ်သံ)
Donate to DVB

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Veener Fly Wood သစ်အချောထည်စက်ရုံက အလုပ်သမားတွေ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းမပေးလို့ ဧပြီ ၂၉ ရက် မနက်ကစပြီး နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက် သပိတ်မှောက်ဆန္ဒပြနေ ပါတယ်။

အလုပ်သမားတွေဟာ သပိတ်စခန်းဖွင့်ပြီး ထိုင်သပိတ်နဲ့  ရက်ပေါင်း ၆၀ ကျော်ကြာတဲ့ အထိ ဆန္ဒပြနေပေမယ့် တာဝန်ရှိသူတွေက တစုံတရာဖြေရှင်းမပေးလို့ ဒီနေ့ကစပြီး နေပြည်တော်ကို အလုပ်သမား အင်အား ၁၀၀ ကျော်လောက်နဲ့  ချီတက်ဆန္ဒ ထုတ်ဖော်ရတာလို့ အလုပ်သမားသပိတ်ခေါင်းဆောင်  ဦးခိုင်မင်းက ပြောပါတယ်။

“တာဝန်ရှိလူကြီးမင်းများ တကြိမ်တခါမှ ကျနော်တို့ကိစ္စကို ပြီးမြောက်အောင် ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိတဲ့အတွက် ကျနော်တို့တွေက ရက်ပေါင်းကြာလာသည်နဲ့အမျှ အလုပ်သမားတွေရဲ့ စားဝတ်နေရေးနဲ့ အမျိုးသမီးတွေရဲ့ကျန်းမာရေး ကလေးမိခင်တွေရဲ့ ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်လာတဲ့အတွက်ကြောင့် ကျနော်တို့တွေက သပိတ်စစ်ကြောင်း ထွက်ရတာ ကျနော်တို့ နေပြည်တော်အထိချီတက်မယ်။ နေပြည်တော် သမ္မတရုံးရှေ့ အထိကျနော်တို့ ချီတက်မယ်။ နေပြည်တော်သမ္မတရုံးရှေ့မှာ ကျနော်တို့ သပိတ်စခန်းဖွင့် မယ်ပေါ့ဗျာ။ အဓိကကတော့ တရားဥပဒေစိုးမိုးရေးနှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ပေးရေး၊ ဥပဒေချိုးဖောက်သော ခရုံနီများ အလိုမရှိ ဆိုပြီးတော့ သပိတ်စစ်ကြောင်းထွားလာတာ။”

ဒီကနေ့ မနက်က ဆန္ဒပြအလုပ်သမားတွေ စတင်ထွက်ခွာလာချိန် စစ်ကိုင်း တံတားထိပ်မှာ ခရိုင်ဦးစီးမှူးနဲ့ ရဲမင်းကြီးတွေက တားဆီးခဲ့ပေမယ့် သူတို့တောင်းဆိုချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုရင် ရပ်မယ်၊ မဖြေရှင်းပေးနိုင်ဘူးဆိုရင် ဆက်လျှောက်မယ်လို့ အလုပ်သမားတွေက ပြောဆိုခဲ့တဲ့အတွက် တာဝန်ရှိသူတွေက လမ်းဖွင့်ပေးခဲ့တယ်လို့ အလုပ်သမား သပိတ်ခေါင်းဆောင်ကပြောပါတယ်။ ဒီကနေ့ မွန်လွဲပိုင်းမှာတော့ အလုပ်သမားတွေဟာ မြစ်ငယ်မြို့နယ်ထဲ ၀င်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ဧပြီ ၂၆ ရက်ကလည်း နေပြည်တော်ကို ကားနဲ့သွားရောက် ဆန္ဒပြဖို့ ကြိုးပမ်းခဲ့ပေမယ့် ၀မ်းတွင်းအကျော် မိတ္ထီလာအကြားမှာ တားဆီးခံခဲ့ရလို့ စစ်ကိုင်းကို ပြန်လာခဲ့ရပြီး ဒီကနေ့ နေပြည်တော်ကို ထပ်မံလမ်းလျှောက်သွားရောက် ဆန္ဒပြဖို့ ထွက်ခွာသွားကြတာပါ။

အိန္ဒိယနိုင်ငံသားပိုင် အဆိုပါသစ်အချောထည်စက်ရုံက အလုပ်သမားတွဟာ  တရက်ကို အလုပ်ချိန် ၁၂ နာရီလောက် အလုပ်လုပ်ရပေမယ့် အချိန်ပိုကြေးမရတဲ့အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာကစပြီး အချိန်ပိုကြေးကို  ဥပဒေအတိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုခဲ့ပြီးနောက် စက်ရုံနဲ့ မြို့နယ်တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ အချိန်ပိုကြေး၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေး၊ နေထိုင်စရိတ်၊ စားစရိတ်၊ လမ်းစရိတ်တွေကို ဇန်ဝါရီလမှာ အပြီးညှိနှိုင်းပြီး ဖေဖော်ဝါရီမှာ စတင်အကျိုးခံစားခွင့်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် အလုပ်ရှင်ဘက်က စာချုပ်ကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး အလုပ်သမားတွေက ရပိုင်ခွင့်တွေ တောင်းဆိုခဲ့ရာမှာ  ဒီအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမား ၁၆၀ ကျော် အလုပ်ထုတ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့တုန်းကလည်း စစ်ကိုင်းမှာ လေပြင်းတွေတိုက်၊ မိုးသီးတွေ ကြွေကျတဲ့အတွက် သပိတ်စခန်းလည်းပျက်စီးသွားပြီး မိုးသီးဒဏ်ခံခဲ့ရတဲ့ အလုပ်သမား ၃၀ ကျော် ဖျားနာလို့ ဆေးရုံတင်ခဲ့ရပါတယ်။

ရိုက်ကူး - ရဲလင်းအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013