DVB Logo
Home
မြန်မာသတင်း
တရား​ရုံး​မထီမဲ့​မြင်ပြုမှုဥပ​ဒေ ဖျက်သိမ်း​ရေး​အဆို ရှုံး​နိမ့်​၊ လွှတ်​တော်၌ လျှို့​ဝှက်မဲ​ပေး​စနစ် ပျက်​နေ
DVB
·
August 25, 2011
တရား​ရုံး​မထီမဲ့​မြင်ပြုမှုဥပ​ဒေ ဖျက်သိမ်း​ရေး​အဆို ရှုံး​နိမ့်​၊ လွှတ်​တော်၌ လျှို့​ဝှက်မဲ​ပေး​စနစ် ပျက်​နေ
Donate to DVB

တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှုဥပ​ဒေ ဖျက်သိမ်း​ဖို့​ အဆိုကို ပြည်သူ့​လွှတ်​တော် အစည်း​အ​ဝေး​မှာ ဒီ​နေ့​ မဲခွဲဆုံး​ဖြတ်တဲ့​အခါ မဲအပြတ်အသတ်နဲ့​ ရှုံး​နိမ့်​သွား​ပါတယ်။

သင်္ဃန်း​ကျွန်း​ မဲဆန္ဒနယ်​မြေက လွှတ်​တော် ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ တင်သွင်တဲ့​ ၁၉၂၆ ခုနှစ် တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှုဥပ​ဒေ​တွေကို ဖျက်သိမ်း​ဖို့​ အဆိုကို ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ် ၃ ဦး​က ကန့်​ကွက်​ဆွေး​နွေး​အပြီး​ လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က အဆိုကို ပြန်ရုပ်သိမ်း​ဖို့​ ​ပြောကြား​ပါတယ်။

အဆိုရှင် ဦး​သိန်း​ညွန့်​က ပြန်မရုပ်သိမ်း​နိုင်​ကြောင်း​ ​ပြောကြား​တာ​ကြောင့်​ မဲခွဲ ဆုံး​ဖြတ်ရာမှာ ကန့်​ကွက်မဲ ၃၅၉၊​ ​ထောက်ခံမဲ ၃ မဲ၊​ ကြား​နေမဲ ၂၆ နဲ့​ အဆိုရှုံး​နိမ့်​သွား​ တာလို့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်တဦး​က ​ပြောပြပါတယ်။

စက်ခလုတ်နှိပ်ပြီး​ လျှို့​ဝှက်မဲ​ပေး​ပေမယ့်​ စက်ခလုတ်ပျက်​နေလို့​ဆိုပြီး​ ကန့်​ကွက်၊​ ​ထောက်ခံ၊​ ကြား​နေ တလှည့်​စီမတ်တတ်ရပ်ခိုင်း​ပြီး​ မဲ​ရေတွက်တာလို့​ ​ပြောပါတယ်။

“ကန့်​ကွက်တဲ့​ ကိုယ်စား​လှယ် ထပါဆို​တော့​ တခန်း​လုံး​ပြည့်​ နီး​ပါး​ပဲဗျာ အဓိကက​တော့​ ပြည်ခိုင်ဖြိုး​ပါတီဝင်​တွေ​ပေါ့​။ မတ်တက်ရပ်လိုက်တာ​ပေါ့​ဗျာ။ ​နောက်မှ ​ထောက်ခံတဲ့​ ကိုယ်စား​လှယ်​တွေ ထဆို​တော့​ ဦး​သိန်း​ညွန်အပါအဝင် ၃ ​ယောက်ပဲ ရတယ်ခင်ဗျ။”

မတ်တတ်ရပ်မဲ​ပေး​ပြီး​ချိန်မှ ရုပ်မြင်သံကြား​ပေါ်မှာ အ​ဖြေတမျိုး​ပေါ်လာပြန်တယ်လို့​ ဆိုပါတယ်။

“အဲဒီလိုလုပ်​နေတုန်း​မှာပဲ အဲဒီ တီဗွီစခရင်က မီး​ပေါ်လာတယ်ခင်ဗျ။ ​ထောက်ခံ တဲ့​လူက ၂၃ ​ယောက်၊​ ကြား​နေတဲ့​လူက ၂၈ ​ယောက်၊​ ကန့်​ကွက်တဲ့​လူက ၃၃၇ ​ယောက် ဆိုပြီး​တော့​ ​ပေါ်လာတယ်။ အဲဒီမှာ ဦး​သိန်း​ညွန်က နည်း​နည်း​ ပြန်ပြီး​ပြော​တော့​ အဲဒီ စခရင်က ပျက်​နေတာ စက်ခလုပ်ခုံက ပျက်​နေလို့​ပါတဲ့​ အဲဒီဟာကို အတည်ကိုင်လို့​ မဖြစ် ဘူး​ပေါ့​။ အခု လက်ရှိ ကိုယ်တိုင် မတ်တတ်ရပ်တာပဲ အတည်ခိုင်မာတယ် ဆိုပြီး​တော့​ အဲဒီ အဆိုကို ရုပ်သိမ်း​ခိုင်း​သွား​တယ်ခင်ဗျ။”

လျှို့​ဝှက်မဲ​ပေး​စနစ် ချွတ်ယွင်း​နေတာ​ကြောင့်​ ဥပ​ဒေဖျက်သိမ်း​ရေး​ဘက်က ​ထောက်ခံသူ ပိုနည်း​သွား​တာလို့​လည်း​ အဲဒီလွှတ်​တော်ကိုယ်စား​လှယ်က သုံး​သပ်ပါတယ်။

“​ထောက်ခံလိုက်တဲ့​လူ​တွေ မတ်တတ်ရပ်လို့​ ​ပြောလိုက်တဲ့​အချိန်မှာ မရပ်ရဲတဲ့​ လူ​တွေ ပါတယ်​ပေါ့​ဗျာ။ ​ပေါ်​ပေါ်ထင်ထင် မလုပ်ရဲတဲ့​လူ​တွေ ပါတယ်။ ပြည်ခိုင်ဖြိုး​ပါတီက လည်း​ အဲဒီလို ​ထောက်ခံတဲ့​လူ​တွေ ပါပါလိမ့်​မယ်။ ဒါ​ပေမဲ့​ တကယ်တမ်း​ မတ်တတ်ရပ် ဆို​တော့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက အဲဒီ​လောက်အထိ ပွင့်​ပွင့်​လင်း​လင်း​ သတ္တိ မရှိ​သေး​ဘူး​ ခင်ဗျ။”

အများ​ကပဲ ရပ်ပြီး​တော့​ လုပ်ကြ​ပေါ့​ဗျာ။ ဦး​သိန်း​ညွန်အပါအဝင် ၃ ​ယောက်ပဲ ​ထောက်ခံတဲ့​လူ ထဲမှာ ပါပြီး​တော့​လေ ၂၆ ​ယောက်က ကြား​နေတဲ့​ထဲမှာ ပါတယ်။ ” ပြည်ခိုင်ဖြိုး​ပါတီဝင် အများ​စုဖြစ်​နေတဲ့​ လွှတ်​တော်မှာ ဒီမိုကရက်တစ်အင်အား​စု ​တွေရဲ့​ အဆို​တွေ ကန့်​ကွက်ခံ​နေရ​ပေမယ့်​ လုပ်သင့်​တာ ဆက်​ဆောင်ရွက်မယ်လို့​ အဲဒီလွှတ်​တော်ကိုယ်စား​လှယ်က ​ပြောပါတယ်။

“မဲဆန္ဒရှင်​တွေကို အသိ​ပေး​ပြီး​တော့​ တကယ်တမ်း​ လုပ်သင့်​ လုပ်ထိုက်တာကို ​တော့​ လွှတ်​တော်မှာ တင်​ပေး​ရမှာ​ပေါ့​။ ဒါမှ ကျ​နော်တို့​ရဲ့​ တာဝန်က ​ကျေမယ်​လေ။ ကြိုက် တာ မကြိုက်တာက​တော့​ အပထား​ပေါ့​ဗျာ။ ကျ​နော်တို့​ လုပ်သင့်​လုပ်ထိုက်တာကို သတ္တိရှိ ရှိနဲ့​လုပ်ဖို့​ လူ​တွေအများ​ကြီး​ရှိပါတယ်။ ”

ဒီ​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ အ​ထွေ​ထွေလွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​ ဆက် လက်ထုတ်ပြန်​ရေး​အတွက် သမ္မတကို လွှတ်​တော်က​မေတ္တာရပ်ခံ​ကြောင်း​၊​ ၂၁ ရာစုနဲ့​အညီ ဂုဏ်သိက္ခာနဲ့​ အာမခံချက်ရှိတဲ့​ အကျဉ်း​ထောင်အက်ဥပ​ဒေမူကြမ်း​ ​ရေး​ဆွဲပြီး​ တတိယအ ကြိမ် ပြည်​ထောင်စုလွှတ်​တော်မှာ ​ဆွေး​နွေး​အတည်ပြုနိုင်​ရေး​ စတဲ့​အဆိုနှစ်ရပ်ကိုလည်း​ ဦး​သိန်း​ညွန့်​က တင်သွင်း​ပါတယ်။

အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​ ထုတ်ပြန်​ရေး​ အဆိုကို​တော့​ မနက်ဖြန် လွှတ်​တော်မှာ ထပ်ပြီး​ဆွေး​နွေး​မယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013