DVB Logo
Home
မြန်မာသတင်း
ဧက ရာနှင့်ချီသိမ်းထားသည့် လယ်ကိစ္စကို ဦးသိန်းစိန်ထံ တင်ပြမည်
DVB
·
August 25, 2011
ဧက ရာနှင့်ချီသိမ်းထားသည့် လယ်ကိစ္စကို ဦးသိန်းစိန်ထံ တင်ပြမည်
Donate to DVB

မြန်မာ ဘီလီယံဂရု (Myanmar Billion Group) က ဧရာဝတီတိုင်းထဲမှာ လယ်ဧက ရာနဲ့ချီပြီး သိမ်းခဲ့တာကို မကျေနပ်တဲ့  လယ်သမားတွေ သမ္မတဆီ စာတင်ဖို့ စီစဉ်နေကြပါတယ်။

မြန်မာဘီယီယံဂရုမှာ ထိပ်တန်း စီးပွားရေးသမား အောင်ကိုဝင်း (ဆရာကျောင်း)က ဥက္ကဋ္ဌဖြစ်ပြီး  အရင် စစ်အစိုးရရဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးမောင်အေးနဲ့ နီးစပ်သူအဖြစ် သိကြပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ညောင်တုန်းမြို့နယ်၊ ဆင်ထုံး တိုက်နယ်အပိုင် အောက်စုကျေးရွာနှင့် စက်ကော့တောင်ကျေးရွာမှာ Myanmar Billion Group က အနည်းဆုံး လယ်ဧက ၃၀၀ ကို သိမ်းဆည်းခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအထိ စာပို့တိုင်ကြားခဲ့ပေမယ့် မထူးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

လယ် ၈ ဧက အသိမ်းခံခဲ့ရတဲ့ ဦးအေးသိန်းက “၉၉ ခုနှစ်ကနေပြီးတော့ Billion က အစဦးဆုံး သိမ်းတယ်။ ကျနော်က အဲဒီမှာ နွေစပါးစိုက်တာ။ မိုးစပါးရိတ်ပြီးတဲ့ ကောက်ရိတ်တွေလည်း ကျန်သေးတာပေါ့ဗျာ။ နွေစပါး စိုက်တဲ့အချိန် မရောက်တရောက်မှာ အလံလာစိုက်တယ် စီမံချက်လို့ ပြောတာပဲဗျ။ လာစိုက်တဲ့လူတွေက မြေစာရင်း ကိုယ်တိုင်ပါတယ်။ ကျနော်က မြေစာရင်းကို ဘာလို့ စိုက်သလဲ မေးတော့ သူတို့ ခိုင်းလို့လို့ ပြောတာပဲ” လို့ ဆိုပါတယ်။

ဦးအေးသိန်းက သူ့အသက် ၁၉ နှစ်သားကတည်းက အဲဒီလယ်မှာ လုပ်ကိုင်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။ လယ်သိမ်းခံရသူ တချို့ကတော့ လက်လုပ်လက်စား ဘ၀ရောက်ကုန်တယ်လို့ ဆိုပါတယ်။

အခုတော့ လယ်သိမ်းခံခဲ့ရသူတွေထဲက ဦးအေးသိန်း အပါအ၀င် ၁၁ ဦးက ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် နှင့် သမ္မတဦးသိန်းစိန်ဆီကို တင်ပြသွားဖို့ စီစဉ်နေကြပါတယ်။

ဒီအမှုမှာ လိုက်ပါကူညီပေးနေတဲ့ (AFDC - activists for free and developement comunities)  လို့ခေါ်တဲ့ လွတ်လပ်ပြီး ပြည့်ဝစွာဖွံ့ဖြိုးသော အရပ်ဘက် အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေး အဖွဲ့က ဦးချစ်ဦးမောင်က လယ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုဟာ အစိုးရက ဖြေရှင်းပေးရမယ့် ကိစ္စလို့ ပြောပါတယ်။

“လယ်ယာမြေနဲ့ ပတ်သက်ရင် လယ်သမားတွေရဲ့ လွတ်လပ်စွာ သက်မွေးဝမ်းကျောင်းပိုင်ခွင့်တွေကို ချိုးဖောက်ထားတာ။ နောက်တခုက လယ်ယာမြေနဲ့ ပတ်သက်ပြီး တကယ်တမ်း ရှင်းရမှာက အစိုးရရဲ့ တာဝန်ပဲလေ။ အဲဒီတော့ အစိုးရနဲ့ တိုက်ရိုက် ရှင်းဖို့ပဲ။ သူတို့ အရင်တုန်းက လုပ်ခဲ့တာက အစိုးရဝန်ထမ်းတွေနဲ့ပဲ ရှင်းခိုင်းထားတာဆိုတော့ အစိုးရ ဝန်ထမ်းတွေရဲ့ ခြစားမှုနဲ့ပဲ အောက်ခြေမှာတင် ဖြစ်ခဲ့တဲ့ ကိစ္စ။”

ဒါကြောင့် အိုင်အယ်အို သဘောတူညီချက် ၁၁ အရ တောင်သူလယ်သမားတွေရဲ့ လွတ်လပ်စွာစုဝေးခွင့်ကို ကျင့်သုံးပြီး လယ်ယာမြေပြဿနာတွေ ပြေလည်စေဖို့ ၁၁ ဦးပါဝင်တဲ့ ကိုယ်စားပြုကော်မတီတခုကို ဖွဲ့ထားတယ်လို့ ဆိုပါတယ်။

အဲဒီကော်မတီထဲမှာ တောင်သူ လယ်သမား၊ ရှေ့နေနဲ့ AFDC အဖွဲ့ဝင်တွေပါဝင်ပြီး လယ်ယာမြေကိစ္စတွေ ညှိနှိုင်းဖြေရှင်းပေးဖို့ ဧရာဝတီတိုင်း ၀န်ကြီးချုပ်နဲ့ သမ္မတ ဦးသိန်းစိန်အစိုးရကို  စာတင်သွားမယ်လို့ ပြောပါတယ်။

အခုတော့ သိမ်းထားတဲ့လယ်တွေကို မြန်မာဘီလီယံဂရုက ငါးကန်တွေ တူးထားပြီး လယ်သမားတွေကတော့ အစိုးရသစ်လက်ထက်မှာ သူတို့ လယ်တွေ ပြန်ရမယ်လို့ မျှော်လင့်နေပါတယ်။

မြန်မာပြည်မှာ လယ်မြေအားလုံး နိုင်ငံတော်ပိုင်ဖြစ်ပြီး၊ လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိတဲ့ ဥပဒေကြောင့် ဆင်းရဲသားလယ်သမားတွေရဲ့ လယ်မြေတွေ အကာအကွယ်မဲ့ သိမ်းဆည်း ခံနေရတာလို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013