Home
ဆောင်းပါး
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောင်ရန်ရှောင်ရန် ၁၀ ချက် (သတင်းဆောင်းပါး)
DVB
·
April 26, 2016
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နဲ့ ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေး သုခမိန်ဟာ အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွေထဲက တခုဖြစ်တဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေး (အေအမ်အမ်) ထဲကို သမိုင်းမှာ ပထမဆုံးအကြိမ် ရောက်လာပါတော့မယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီးသစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိတ်က ဆက်ဆံရေးမှာ အဖုအထစ် အနည်းငယ်ရှိတဲ့ ဒီအဖွဲ့အစည်းအကြောင်းကို အနည်းငယ်တော့ သိထားသင့်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ အာဆီယံ သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုဟာ လာမယ့် ၄ နှစ်တာ ကာလအတွင်း မြောက်မြားလှစွာသော အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အာဆီယံ-မြန်မာ ဆက်ဆံရေး အရေးပါမှုကို ပိုမိုခိုင်မာသေချာစေမယ့် ရှေ့ပြေးနိမိတ် ဖြစ်ပါတယ်။ နှစ်စဉ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာက အာဆီယံဌာနချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြို့တော်တွေမှာ အာဆီယံ အစည်းအဝေးပွဲပေါင်း ၁၀၀၀ ကျော်လောက် ကျင်းပလေ့ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က နှိမ့်ချဖို့လိုပါတယ်။ ၁၉၉၀ ကတည်းကနေစပြီး သူ့ဘ၀ တလျှောက်လုံးဟာ မြန်မာ့ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုနဲ့ လှုံ့ဆော်အားပေးမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာရဲ့ အာရုံစူးစိုက်မှုနဲ့ မီဒီယာတွေမှာ ခေါင်းကြီးပိုင်းမှာ နေရာယူခဲ့ပါတယ်။ အာဆီယံဝန်ကြီးတွေ တခါမှ မရခဲ့ဘူးတဲ့ ကမ္ဘာတ၀န်းလုံးက အသိအမှတ်ပြုမှုကို နိုဘယ်လ်ဆုရှင် တဦးအနေနဲ့ ရရှိထားပါတယ်။ ဒုတိယအနေနဲ့ ပြောရရင်တော့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေဟာ တရားဝင်မတွေ့ဆုံမီ တညကြိုပြီးတော့ သာမန် တွေ့ဆုံလေ့ ရှိကြပါတယ်။ တရားမ၀င်မဟုတ်တဲ့ သာမန်တွေ့ဆုံချိန်မှာတော့ မျက်နှာစုံညီ အစည်းအဝေးပြင်ပမှာ တင်ပြလိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ခေါင်းဆောင်တွေက ဆွေးနွေးလို့ရပါတယ်။ ဒီအထဲက တချို့ အရမ်းလေးနက်တဲ့ အကြောင်းအရာတွေကို အာဆီယံ အစည်းအဝေးမတိုင်မီ တွေ့ဆုံကြတဲ့ အာဆီယံ အရာရှိတွေက ဆွေးနွေးပြောဆိုပြီးသားလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဝင်မဟုတ်တဲ့ သဘောတူညီမှုနဲ့ ဆုံးဖြတ်ချက်တွေ ရှိမယ်ဆိုရင် နောက်တနေ့မှာ တရားဝင် ဖြစ်လာနိုင်ပါတယ်။ တတိယအနေနဲ့ အာဆီယံက အများဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေ ချရတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားလည်ရပါမယ်။ ဒီလုပ်ထုံးလုပ်နည်းအောက်မှာ ဘယ်လောက်ပဲကြာကြာ မူဝါဒတွေအားလုံးဟာ အားလုံးရဲ့ဆန္ဒနဲ့ သဘောတူညီရတာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့သဘာဝ ရှိတဲ့သူ့အတွက်တော့ ဒါဟာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ရပါမယ်။ ၂၀၁၄ ခုနှစ် မြန်မာက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဒေသတွင်းမှာ ကောင်းမွန်တဲ့ ပုံရိပ်လိုအပ်နေတဲ့ အစိုးရက အာဆီယံ စိတ်ဓာတ်အတိုင်း လိုက်နာပြီး အာဆီယံအဖွဲ့ကို ကိုယ်စားပြုဖို့ နေပြည်တော်က အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့အတွက်တော့ အလားတူ ပြဿနာ မရှိနိုင်တော့ပါဘူး။ စတုတ္ထတခုကတော့ ဒီနှစ်ဟာ လာအိုရဲ့ ဥက္ကဋ္ဌတာဝန်ယူမှုအောက်မှာ အမြင့်ဆုံးအနေနဲ့ အဓိက အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးရမှာ ဖြစ်တဲ့အတွက် အာဆီယံအတွက် ထူးခြားတဲ့ နှစ်တခုလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမာ့္ဘခေါင်းဆောင်တွေနဲ့ အတော်များများ တွေ့ဆုံလာခဲ့လို့  နိုင်ငံတကာ အခြေအနေအပေါ် သူ့ရဲ့အမြင်က အာဆီယံအတွက် အသုံးဝင်လာနိုင်ပါတယ်။ အဖွဲ့အစည်းတခုလုံးကို တခုတည်းအနေနဲ့ ကိုယ်စားပြုနိုင်ဖို့ အာဆီယံအမြင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က သူနဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ ၅ ခုမြောက်အချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံအဖွဲ့ထဲကို အသစ်ရောက်လာတဲ့သူ ဖြစ်တဲ့အတွက် တခြား အာဆီယံ ကိုယ်စားလှယ်တွေကို အာရုံစိုက်ရပါမယ်။ ဆယ်စုနှစ် ၂ ခုနီးပါး ကမ္ဘာ့အဆင့်နဲ့ချီပြီး အာရုံစူးစိုက် ဆွဲဆောင်မှုကို သူတို့တွေ ဘယ်တုန်းကမှ မရခဲ့ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ကြီးကျယ်ခမ်းနား လေးစားဖွယ်ဖြစ်တဲ့ သူ့ရဲ့ တည်ရှိနေမှုဟာ သူတို့အတွက် ခြိမ်းခြောက်မှုတခုလို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပျင်းရိငြီးငွေ့စရာ မိန့်ခွန်းတွေကို သေသေချာချာ နားထောင်ပြီး အထူးသဖြင့် အဖွဲ့ဝင်အသစ်တွေဖြစ်တဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ စကားစမြည် ပြောရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကြီးကြီးနဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်ပြုတဲ့ နိုင်ငံရေးဝါဒနဲ့ နိုင်ငံရေးကျော်ကြားမှုက တဦးတယောက်ရဲ့ အထင်ကြီးလေးစားမှုကို မလိုအပ်တော့ပါဘူး။ ဆဋ္ဌမမြောက်အနေနဲ့ အာဆီယံနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအားလုံး အထူးသဖြင့် အရင်က အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်နဲ့ တခြားထုတ်ပြန်ချက်တွေကို အာဆီယံရဲ့ ရပ်တည်မှု၊ ရွေးချယ်မှု၊ အဖွဲ့အစည်းရဲ့ အနှစ်သာရတွေကို နားလည်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အကူတွေက ဖတ်ထားရပါမယ်။ အာဆီယံရဲ့ သံတမန်ရေး ယဉ်ကျေးမှုမှာတော့ ပြောဆို ရေးသားခြင်းဟာ အရေးပါတဲ့ အရာ ၂ ခုအဖြစ် ရှိနေပါတယ်။ အာဆီယံရဲ့ တွေးခေါ်မှုပုံစံကို ကိုယ်စားပြုနိုင်တဲ့ ၂၀၁၄ ခုနှစ် မြန်မာအာဆီယံဥက္ကဋ္ဌ တာဝန်ကို ယူခဲ့တာဟာ စံထားအတုယူဖွယ် ဖြစ်ခဲ့ပါတယ်။ သတ္တမအချက်ကတော့ ဇူလိုင် ဗီယန်ကျင်းမှာ အာဆီယံဝန်ကြီးများ အစည်းအဝေး တက်ရင် မြန်မာပြည်မှာ သမ္မတအထက်က ရှိနေပေမယ့် အာဆီယံဝန်ကြီးတွေအားလုံးရဲ့ အထက်မှာတော့ ရှိနေမှာ မဟုတ်သလို လိုက်နာစောင့်ထိန်းသင့်တဲ့ သံခင်းတမန်ခင်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေပါတယ်။ ဆွေးနွေးဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ အခန်းကဏ္ဍတွေကို ခွဲခြားထားဖို့ သူ့အတွက် တာဝန်ရှိနေပါတယ်။ အချက် ၈ အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အရေးကိစ္စကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးပြင်ဆင်ထားဖို့ လိုသလို ဖြစ်နိုင်ရင် တရားမ၀င် မဟုတ်တဲ့ သာမန် အလွတ်သဘော တွေ့ဆုံမှုတွေမှာ ဆန္ဒအလျောက် ဆွေးနွေးနိုင်ပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ ကြိုးပမ်းချက်တရပ်အနေနဲ့ ထိခိုက် အတိမ်းအစောင်းမခံတဲ့ ဒီကိစ္စတွေကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းတွေက ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အရင်သမ္မတဟောင်း ဦးသိန်းစိန်ကတော့ ဒီကိစ္စကို နိုင်ငံတကာ ညီလာခံတွေမှာ ဆွေးနွေးတင်ပြဖို့အတွက် မီးစိမ်းပြခဲ့ပါတယ်။ ဒီကိစ္စကို ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်အတွက် သက်တောင့်သက်သာမရှိရင် ဆွေးနွေးပွဲမတိုင်မီ သူ့ရဲ့အခြေအနေကို အဆင့်မြင့် အရာရှိတွေ ကြိုတင်သိထားဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ နားလည်မှုတွေ လွဲမှားနိုင်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက ခေါင်းမာပြီး ဆက်ဆံရေးညံ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ သူ့ကို ပြစ်တင်ထားတဲ့ တပ်ခ်ဘိုင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိစ္စ မလေးရှားက ဆွေးနွေးလာရင် ဗီယန်ကျင်း ထိပ်သီးဆွေးနွေးပွဲကနေ ထွက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ န၀မမြောက်ကတော့ ဂုဏ်သရေရှိတဲ့သူတွေနဲ့ ဧည့်သည်တွေနဲ့ အုပ်စုလိုက် ဓာတ်ပုံရိုက်ရင်တော့ အတိုက်အခံခေါင်းဆောင်နဲ့ရော နိုင်ငံရေးမှာ အထင်ကရ ပုဂ္ဂိုလ်တဦး အနေနဲ့ အလယ်ဗဟိုမှာ အမြဲရပ်ရပါမယ်။ အာဆီယံရဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အလေ့အထအရတော့ အာဆီယံဥက္ကဋ္ဌက အမြဲ အလယ်မှာ ရပ်လေ့ရှိပါတယ်။ တန်းစီတာက ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌနဲ့ တခြားဝန်ကြီးတွေရဲ့ အခြေအနေကို သိပြီး လိုက်နာဖို့ အရေးကြီးသလို ဒါမှလည်း ကြောင်တောင်တောင် အခြေအနေတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဆီယံမိသားစုထဲ ၀င်လာတဲ့အတွက် ကျားမ တန်းတူညီမျှမှုကလည်း အစီအစဉ်မှာ အရေးပါလာမှာ ဖြစ်ပါတယ်။ ဒသမအချက် အနေနဲ့ကတော့ တခုတည်းသော အာဆီယံရဲ့ လက်ဆွဲနှုတ်ဆက်ပုံစံကလည်း အရေးပါပါတယ်။ အာဆီယံခေါင်းဆောင်သစ်တွေက ဒီလက်ဆွဲနှုတ်ဆက်တဲ့ ပုံစံကို မလေ့ကျင့်ထားတဲ့အတွက် တခါတရံ လူမှုရေး မီဒီယာနဲ့ ကမ္ဘာ့တ၀န်း ရုပ်သံတွေမှာ အရှက်တကွဲ အကျိုးနည်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့ ကြောင်တောင်တောင် ပုံစံကိုလည်း အရင်က မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ ဒါကြောင့် အာဆီယံရဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံကို လေ့ကျင့်ထားဖို့ လိုပါတယ်။ တန်းစီတဲ့နေရာ အစွန်ဆုံးမှာ နေရာယူထားရင်တော့ လက်ဆွဲနှုတ်ဆက်ရာမှာ နောက်လက်တဘက်ကို ထုတ်စရာ မလိုတော့ဘူးပေါ့။ (ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းစာပါ ၀ါရင့် သတင်းစာဆရာ က၀ီချောင်ကစ်တ၀မ်ရဲ့ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါတယ်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024