Home
မြန်မာသတင်း
ခရီး​သွား​လုပ်ငန်း​ အရှုံး​​ပေါ်​နေမှုကို ကယ်တင်​ရေး​ ပြင်ပြီ
ရွှေအောင်
·
August 24, 2011
ပြည်တွင်း​မှာ အ​မေရိကန်​ဒေါ်လာ​ဈေး​ ကျ​နေတာ​ကြောင့်​ ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​ ထိခိုက်​နေတာကို ကယ်တင်ဖို့​ ဟိုတယ်ခရီး​ဝန်ကြီး​ဌာနက ပညာရှင်​တွေဆီက အကြံဥာဏ်​တွေ ရယူ​ဆောင်ရွက်​နေပြီလို့​ သတင်း​ရရှိပါတယ်။ နေပြည်​တော်မှာ မ​နေ့​ကကျင်း​ပတဲ့​ ဧည့်​လမ်း​ညွှန် အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ ဟိုတယ်ခရီး​ဝန်ကြီး​က အဲဒီလို​ပြောသွား​တယ်လို့​ ​ဆွေး​နွေး​ပွဲကို တက်​ရောက်ခဲ့​တဲ့​ ဧည့်​လမ်း​ညွှန်အသင်း​ ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ညီညီက ​ပြောပါတယ်။ “ခရီး​သွား​လုပ်ငန်း​မှာ ဘာ​တွေ ​ဖြေ​လျှော့​ပေး​ရင် ​ကောင်း​မလည်း​၊​ ဘယ်အပိုင်း​ကို သူတို့​ ဝင်ပြီး​တော့​ ကူညီရင် ​ကောင်း​မလည်း​ ဆိုတာ စတင်စဉ်း​စား​နေပြီလို့​တော့​ မ​နေ့​က ​နေပြည်​တော်မှာလုပ်တဲ့​ ဧည့်​လမ်း​ညွှန် အလုပ်ရုံ ​ဆွေး​နွေး​ပွဲမှာ​တော့​ ဝန်ကြီး​ပြောတဲ့​အထဲမှာ ထည့်​ပြောသွား​တယ်ခင်ဗျ။” အကြံဥာဏ်ယူပြီး​တော့​ လက်​တွေ့​လုပ်​ဆောင်ချက်​တွေ ​နောက်ဆက်တွဲလာ မယ်လို့​ ​မျှော်လင့်​တယ်လို့​လည်း​ ဦး​ညီညီက ​ပြောပါတယ်။ “ဟိုတယ်ခရီး​က လူကြီး​တွေကို သမ္မတရဲ့​ အကြံ​ပေး​အဖွဲ့​က ဘာ​တွေအကြံ​ပေး​ဖို့​ ရှိလဲ​ပေါ့​နော်၊​ ခရီး​သွား​လုပ်ငန်း​တိုး​တက်​အောင် ဘာ​တွေ​ပြောချင်လဲဆိုတာမျိုး​ကို အကြံဥာဏ်​တွေ ယူ​နေပြီ​ပေါ့​နော် ​လော​လောဆယ်မှာ အကြံဥာဏ်ယူပြီး​တော့​ စတင်လုပ်​ဆောင်မယ်လို့​ ​မျှော်လင့်​ရပါတယ်။” လတ်တ​လောမှာ​တော့​ ​ဒေါ်လာ​ဈေး​ကျ​နေတာ​ကြောင့်​ ခရီး​သွား​လုပ်ငန်း​တွေ အရှုံး​ပေါ်​နေတယ်လို့​ ဆိုပါတယ်။ ဒီက​နေ့​ ​ဒေါ်လာ​ပေါက်​ဈေး​က တ​ဒေါ်လာကို ကျပ် ၇၃ဝဖြစ်ပါတယ်။ ဟိုတယ်ခနဲ့​ ခရီး​သည်​တွေအတွက် ငှား​ရတဲ့​ ကား​ခ​တွေလည်း​ ၃၀ ရာခိုင်နှုန်း​အထိ ​ဈေး​တက်​နေတယ်လို့​လည်း​ ဆိုပါတယ်။ အိမ်နီး​ချင်း​နိုင်ငံ​တွေနဲ့​နှိုင်း​ယှဉ်ရင် မြန်မာပြည်ကိုလာလည်ရတဲ့​ စရိတ်ကလည်း​ မြင့်​နေပါတယ်။ ထိုင်း​နိုင်ငံခရီး​စဉ်တခုအတွက် ​ဒေါ်လာ ၈၀၀ နှုန်း​လောက် ဖြစ်​နေချိန်မှာ မြန်မာပြည်အတွက်က ​ဒေါ်လာ ၁,၅၀၀ ​လောက်ဖြစ်​နေတာပါ။ မြန်မာပြည်ကို ဒီနှစ်ထဲ ကမ္ဘာလှည့်​ခရီး​သည် တသိန်း​ကျော် ဝင်​ရောက်ထား​ပြီး​ နှစ်ကုန်မှာ ခရီး​သည်ငါး​သိန်း​လောက် ဖြစ်မယ်လို့​ အစိုး​ရက ​မျှော်မှန်း​နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024