Home မြန်မာသတင်း လွတ်လပ်သည့် လူ့အခွင့်အရေးကော်မတီ ဖွဲ့ရန် ကင်တားနားကို လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို
လွတ်လပ်သည့် လူ့အခွင့်အရေးကော်မတီ ဖွဲ့ရန် ကင်တားနားကို လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို
quintana မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မတီတရပ်ဖွဲ့စည်းဖို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကို တောင်းဆိုလိုက်ပါတယ်။
မစ္စတာကင်တားနားနဲ့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးတို့ နေပြည်တော်၊ ဇမ္ဗူသီရိခန်းမမှာ ဒီနေ့ မနက် (၁၀) နာရီခွဲကနေ (၁၂ နာရီခွဲအထိ တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြလိုက်ကြတာလို့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပြပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ထိထိရောက်ရောက်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးတွေကို အမြင်ဖလှယ်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မတီတခုဖွဲ့ရမယ်။ အရင်တုန်းက လူ့အခွင့်အရေး ကော်မတီဆိုတာ အစိုးရ ဝန်ထမ်းတွေချည်းပဲ။ အများပြည်သူယုံကြည်သော လေးစားသော အများက လက်ခံနိုင်တဲ့ပုဂ္ဂိုလ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မတီကို ဖွဲ့ပါ။ အဲဒီထဲမှာ အစိုးရဝန်ထမ်းလည်း တစိတ်တဒေသ ပါချင်ပါနိုင်တယ်၊ အစိုးရဝန်ထမ်းချည်းပဲ ဖွဲ့တဲ့လူ့အခွင့်အရေး ကော်မတိဆိုရင်တော့ အများပြည်သူ မယုံကြည်ဘူးဆိုတာ အဲဒီအချက်ကို ကျနော်ပြောခဲ့တယ်။ သူနဲ့ သူ့အဖွဲ့ရဲ့ တုံ့ပြန်ပုံကလည်း ကျနော်တင်ပြတဲ့အပေါ်မှာ သဘောပေါက်ပါတယ်။”
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတွေ ထုတ်ပြန်လာအောင် အစိုးရကိုတိုက်တွန်းဖို့လည်း ဦးသိန်းညွန့်က တောင်းဆိုခဲ့ တယ်လို့ ပြောပြပါတယ်။
“လူ့အခွင့်အရေး အခြေအနေကောင်းမွန်ဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ရမယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကြေ ညာစာတမ်း ဖြန့်ဝေတဲ့လူတွေကိုတောင် လုံခြုံရေးအဖွဲ့အစည်းတွေက ဖမ်းဆီးအရေးယူခဲ့ တာတွေ ကြုံခဲ့ဖူးတယ်။ နောက်တခု အကျဉ်းထောင်နဲ့ပတ်သက်ရင် အချက်၂ ချက် ထောက်ပြတယ်။ အခုလက်ရှိ အကျဉ်းထောင်ဥပဒေမှာ ပါတဲ့အခန်း ၁၅ ကို ရုပ်သိမ်းထားတယ်။ ဒီအခန်း ၁၅ ကိုသာ မရုပ်သိမ်းဘူးဆိုရင် အဲဒါက နိုင်ငံရေး အကျဉ်းသမားတွေကို ဒဏ်ပေးတာ။ မိမိယုံကြည်ချက်၊ အစိုးရကို ပြောင်းလဲအောင် အစိုးရကို ဝေဖန်လို့ အပြစ်ပေးထားတဲ့သူ အားလုံးဟာ နိုင်ငံရေး ပြစ်မှုပဲဆိုတဲ့ အိန္ဒိယ ဥပဒေ ဖွင့်ဆိုချက်ပါ၊
“သူ့ကို ကျနော် နမူနာအနေနဲ့ ဘာပြောလိုက်လည်းဆိုတော့ မင်းကိုနိုင်ကို အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ချလိုက်တယ်။ သို့သော် သူ့ကို အင်မတန်ဝေးလံတဲ့ ကျိုင်းတုံကို ပို့လိုက်တဲ့အတွက် မင်းကိုနိုင်ကိုတင် အပြစ်ဒဏ်ပေးတာမဟုတ်ပဲနဲ့ သူ့မိသားစု ထောင်ဝင်စာသွားတွေ့တဲ့ သူတွေကိုပါ ထိခိုက်တဲ့အတွက် ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာပါ။ ထောင်ထဲမှာ လောလောဆယ် လွတ်ငြိမ်းချမ်းသာခွင့် မပေးခင်မှာ အနီးအနား ပြန်ထားပါ။ အဝေးထောင်ရောက်နေတဲ့သူတွေကို ပြန်ခေါ်ပါ။”
တွေ့ဆုံဆွေးနွေးမှုထဲမှာပါဝင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက လည်း တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးကြပါတယ်။
မစ္စတာကင်တားနားဟာ ဒီနေ့မှာ လွှတ်တော်အစည်းဝေးကျင်းပတာတွေကို လေ့လာပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံပါတယ်။ မနက်ဖြန်မှာတော့ ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့ အစိုးရက သတ်မှတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး အင်းစိန်အကျဉ်းထောင်ကို သွားရောက်ဖို့ရှိပါတယ်။
မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က စတင်ရောက်ရှိတဲ့ မစ္စတာကင်တားနားဟာ ပြည်ထောင်စု တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယရဲချုပ်၊ အလုပ်သမား ဝန်ကြီးဌာနဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အစိုးရအကြံပေးအဖွဲ့ဝင်တွေ စတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုတွေ့ဆုံပြီးဖြစ်ပါတယ်။
ဆက်စပ်သတင်းများ