DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အမှုသည် လူငယ်နှစ်ဦး​ မိသား​စုနှင့်​တွေ့​ခွင့်​မရ
DVB
·
August 23, 2011
Donate to DVB

မတရား​အသင်း​နှင့်​ ဆက်သွယ်မှု (၁၇၊​၁) ပုဒ်မနဲ့​ တရား​စွဲခံရဖွယ်ရှိတဲ့​ လူငယ် ၂ ဦး​ကို မိသား​စုက အခုထိ ​တွေ့​ခွင့်​မရဘူး​လို့​ သိရပါတယ်။

ပြည်မြို့​က ​မောင်ဇာနည်ထွန်း​နဲ့​ အုတ်ဖိုက ​မောင်​ဝေဖြိုး​တို့​ကို သဲကုန်း​မြို့​နယ်အပိုင် အင်း​မမြို့​မှာ အာဏာပိုင်​တွေက ခုလ ၁၂ ရက်မှာ ဖမ်း​ဆီး​သွား​ခဲ့​ပြီး​ ဘာ​ကြောင့်​ဖမ်း​ဆီး​သွား​သလဲဆိုတာကို မိသား​စုက ခုထိ မသိပါဘူး​။

သူတို့​နှစ်ဦး​စလုံး​ကို ပြည်​ထောင်မှာ ချုပ်​နှောင်ထား​ပြီး​ မိသား​စုနဲ့​လည်း​ ​တွေ့​ခွင့်​ မရဘူး​လို့​ ဒီ​နေ့​ ​တွေ့​ဖို့​သွား​ရောက်ခဲ့​တဲ့​ ​မောင်ဇာနည်ထွန်း​ရဲ့​ မိသား​ဝင်တဦး​က ​ပြောပြပါတယ်။

“၁၅ ရက်​နေ့​မှာ ပြည်အမှတ် ၁ ရဲစခန်း​ကို ​ရောက်​နေတယ်ဆို​တော့​ ဒီ​လောက်ကြီး​လည်း​ ဖြစ်လိမ့်​မယ်မထင်လို့​ ​ပေါ့​ဆလိုက်တာ။ ၁၆ ရက်​နေ့​ ရုံး​ထုတ်တာကို သွား​မ​တွေ့​လိုက်ဘူး။ ၁၇ ရက်​နေ့​မှာ ​ထောင်ကြီး​အချုပ်ထဲ ​ရောက်သွား​ပြီဆို​တော့​ ​ထောင်ကိုသွား​တွေ့​တယ်။ ​တွေ့​ခွင့်​မရဘူး​။ ပစ္စည်း​၊​ အစား​အ​သောက်၊​ အဝတ်အစား​ ဘာမှ​ပေး​မရဘူး​။ အဲဒါ​ကြောင့်​ အခု ၂၃ ရက်​နေ့​မှာ ​ရှေ့​နေပါဝါလွှဲဖို့​ လက်မှတ်သွား​ထိုး​ခိုင်း​တယ်။ ၂ နာရီထိုး​မှာချိန်း​လို့​ သွား​တော့​လည်း​ မရဘူး​။ ​တွေ့​ ခွင့်​လည်း​ မ​ပေး​ဘူး​။ လက်မှတ်လည်း​ ထိုး​ခိုင်း​လို့​ မရခဲ့​သေး​ဘူး​။ ​ထောင်ပိုင်အစည်း​အ​ဝေး​ သွား​နေလို့​ဆိုပြီး​ မနက်ဖြန် ၈ နာရီထိုး​ ပြန်ချိန်း​ထား​တယ်။”

သူတို့​ နှစ်ဦး​ကို ဖမ်း​ဆီး​သွား​တဲ့​ ၁၂ ရက်​နေ့​မှာပဲ ပြည်မြို့​က ​မောင်ဇာနည်ထွန်း​ရဲ့​ ​နေအိမ်ကို ရဲ နှစ်ဦး​နဲ့​ အရပ်ဝတ် စုစု​ပေါင်း​ အ​ယောက် ၂၀ ​လောက် ဝင်​ရောက်ရှာ​ဖွေခဲ့​ပေမယ့်​ ဘာသက်​သေအ​ထောက်အထား​မှ ​တွေ့​သွား​တာမရှိဘူး​လို့​ မိသား​စုဝင်က ​ပြောပါတယ်။

လာမယ့်​ ၃၁ ရက်​နေ့​မှာ​တော့​ ​မောင်ဇာနည်ထွန်း​ကို မတရား​အသင်း​နှင့်​ ဆက်သွယ်မှုပုဒ်မနဲ့​ တရား​ရုံး​ထုတ်ဖို့​ရှိ​နေတာကို သိခဲ့​ရတယ်လို့​ မိသား​စုဝင်က ဆိုပါတယ်။

“ဘယ်​နေ့​ရုံး​ထုတ်မလဲလို့​ သွား​ကြည့်​တာ ၁၇/၁ နဲ့​ စွဲထား​တယ်လို့​ ​ပြောတယ်။ ဒီလကုန် ရုံး​ထုတ်မယ်လို့​ ​ရေး​ထား​တယ်။ ရုံး​ထုတ်ရက်ကို မသိလို့​ သွား​စုံစမ်း​တာ၊​ အခု​လော​လောဆယ်​တော့​ သူ့​ကို​တွေ့​ချင်တယ်၊​ စိတ်ပူတယ်၊​ ဘယ်လို​နေရထိုင်ရလည်း​ သိချင်တယ်။ ကျန်း​မာ​ရေး​ကအစ​ပေါ့​။ လူချင်း​လည်း​ ​တွေ့​ချင်တယ်၊​ ပစ္စည်း​တွေလည်း​ ပို့​ချင်တယ်။”

အခု အဖမ်း​ခံထား​ရတဲ့​ အသက် ၂၄ နှစ်အရွယ် ​မောင်ဇာနည်ထွန်း​ရဲ့​ သူငယ်ချင်း​ ​မောင်​ဝေဖြိုး​က အုတ်ဖိုမှာ ​နေတာဖြစ်ပြီး​ အမှုလိုက် ​ရှေ့​နေပါဝါလွှဲဖို့​ မိသား​စုက ဒီ​နေ့​ ​ထောင်ကို သွား​ရောက်ခဲ့​ပေမယ့်​ ​တွေ့​ခွင့်​မရခဲ့​တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013