ကံမလယ်သမားမှု ရှေ့နေ ထုတ်ပယ်ခံရ
အေးနိုင်
·
August 23, 2011
ပြည်ထောင်စုတရားလွှတ်တော်ရုံးက မကွေးတိုင်း ကံမမြို့ စစ္စရံ ရွာသားတွေဘက်က ရှေ့နေလိုက်တဲ့ အထက်တန်းရှေ့နေဦးတင်အောင်ထွန်းကို ဒီလ ၉ ရက်နေ့မှာ အထက်တန်းရှေ့နေအဖြစ်ကနေ အမိန့်စာထုတ်ပြီး ထုတ်ပယ်ခဲ့ပါတယ်။
ထုတ်ပယ်ခံရတဲ့အကြောင်းကို ဦးတင်အောင်ထွန်းက ပြောပြပါတယ်။
“အဲဒီအမိန့်စာထဲမှာ ကျနော်လိုက်ပါဆောင်ရွက်နေတဲ့ အမှုတွေမှာ အခြေအနေ မကောင်းဘူးဆိုရင် ကျနော့်အမှုသည်တွေကနေ တိုင်စာတွေ ပေးပို့လေ့ရှိတဲ့အတွက် ကျနော်က တိုင်စာများ ရေးပေးတယ်လို့ ကျော်ဇောသတင်းရှိကြောင်း၊ နောက်တချက်က အမှုများလိုက်ပါဆောင်ရွက်ရာတွင် ကောင်းသတင်းကျော်ဇောခြင်းဖြင့် လိုက်ပါလိုသူ တဦးမဟုတ်ကြောင်း၊ နောက်တချက်က ရှေ့နေကျင့်ဝတ် သိက္ခာနဲ့အညီ အမှုလိုက်ပါသူ တဦးမဟုတ်ကြောင်း၊ စုံစမ်းမှု အစီရင်ခံစာအရ စိစစ်တွေ့ရှိရသည်ဆိုပြီးတော့ အဲဒိအချက်ကို ဖော်ပြပြီးတော့ ကျနော့်ကို ရှေ့နေလိုက်ခွင့်များ အက်ဥပဒေပုဒ်မ ၁၃ (စ) အရ ဒီအမိန့်ထုတ်ပြန်သည့် နေ့ကစပြီးတော့ အထက်တန်းရှေ့နေအဖြစ်က ထုတ်လိုက်သည်ဆိုပြီး အမိန့်စာထွက်လာတယ်။ အဲဒီစုံစမ်းမှုဆိုတာက ဘယ်တုန်းက ဘယ်လိုစုံစမ်းတာလဲ၊ ဘယ်သူကအစီရင်ခံတာလဲ၊ ဘယ်လိုစိစစ်သလဲဆိုတာ ကျနော်က ဘာမှမသိဘူး။”
ဒီအပေါ် ပြန်ဖြေရှင်းခွင့်လည်း မရခဲ့ပါဘူးကြောင်း၊ ခုလို ထုတ်ပယ်ခံရတဲ့အတွက် သူ့အကျိုးထက်စာရင် သူ့အမှုသည်တွေအတွက် နစ်နာပါတယ်လို့ မကွေးတိုင်းရှေ့နေ ကွန်ရက်အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဦးတင်အောင်ထွန်းက ပြောပါတယ်။
ဦးတင်အောင်ထွန်းဟာ ဒီဖြစ်ရပ်မတိုင်ခင်က မကွေးတိုင်းကံမမြို့ စစ်စရံရွာသားငါးဦးအမှုကို လိုက်ပါဆောင်ရွက်ခဲ့သလို မီဒီယာတွေနဲ့ ပြောဆိုရှင်းလင်းခဲ့ပါတယ်။
အခုထုတ်ပယ်ခံရပေမယ့် အများပြည်သူအကျိုးအတွက် ဥပဒေဘောင်ထဲကနေ ဆောင်ရွက်လို့ရတဲ့ အလုပ်တွေ ရှိပါတယ်လို့ ဦးတင်အောင်ထွန်းက ပြောပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီနှစ်မတ်လမှာ စတင်တာဝန်ယူပြီး ပြောဆိုတဲ့မိန့်ခွန်းမှာ တရားစီရင်ရေးစနစ် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ပါရှိသလို မနေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းမှာလည်း “ဒီလွှတ်တော်ကြီးကပဲ သဘောတူ အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးဆောင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာလည်း ဥပဒေနဲ့အညီ တရားစီရင်ရေး၊ ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ရေး အပြစ်များမှာ ဥပဒေအရ ပြန်လည်ချေပပိုင်ခွင့်နဲ့ အယူခံပိုင်ခွင့်ရှိရေး ဆိုတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနဲ့ အညီ တိကျမှန်ကန်စွာ ထမ်းရွက်မည်ဖြစ်ပါသည်” လို့ ပြောသွားပါသေးတယ်။
ဦးတင်အောင်ထွန်း ရှေ့နေအဖြစ်က ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ သံဃာတော်တွေဘက်က လိုက်ပါဆောင်ရွက်ရင်း လိုင်စင်ပိတ်သိမ်းခံခဲ့ရတဲ့ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ဒေသအာဏာပိုင်ရဲ့ ဒေသတရားရုံးကနေ စစ်ဆေးစုံစမ်း မေးမြန်းခြင်းမပြုဘဲ တဖက်သတ်လုပ်တာဟာ ရှေ့နေတယောက်ရဲ့ အသက်မွေးဝမ်းကျောင်း လိုင်စင်ကို ပိတ်ပြစ်ရာကျသည်ထိ အရေးယူတာတော့ မသင့်လျော်ပါဘူး။ နှစ်ဖက်ကြားနာ စုံစမ်းခွင့်ပြုသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။
“တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ဖို့ သမ္မတကြီးကိုယ်တိုင်က ကြိုးစားနေတယ်ဆိုရင် တရားရုံးတွေမှာ ပြဿနာပေါင်း များစွာရှိနေတယ်၊ အဲဒီလို မတရားချိုးဖောက်ခံရတာတွေရှိနေတယ်။”
ဦးတင်အောင်ထွန်းဟာ အထက်တန်းရှေ့နေသက်တမ်း ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ အထက်တန်းရှေ့နေ သက်တမ်း သုံးနှစ်ပြည့်တာနဲ့ တရားရုံးချုပ်ရှေ့နေအဖြစ် တက်လှမ်းနိုင်ဖို့ ကြိုးပမ်းခဲ့တာ ဆယ်နှစ်ကြာတဲ့ထိ မအောင်မြင်သေးတဲ့အပြင် ခုတော့ အထက်တန်းရှေ့နေအဖြစ်က ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။