DVB Logo
Home
မြန်မာသတင်း
လွှတ်​တော်အစည်း​အ​ဝေး​ သတင်း​ယူခွင့်​ စီမံခန့်​ခွဲ​ရေး​ပိုင်း​ အား​နည်း​ချက်များ​ရှိဟုဆို
DVB
·
August 23, 2011
Donate to DVB

မနေ့က​ ​နေပြည်​တော်မှာ စတင်ပြုလုပ်​နေတဲ့​ ဒုတိယအကြိမ် ပုံမှန်လွှတ်​တော် အစည်း​အ​ဝေး​ဖွင့်​ပွဲအခမ်း​အနား​ သတင်း​ယူခွင့်​အစီအစဉ်​တွေမှာ စီမံခန့်​ခွဲ​ရေး​ပိုင်း​ အား​နည်း​ချက်​တွေ ရှိတယ်လို့​ သတင်း​ယူ​နေကြတဲ့​ ပြည်တွင်း​ပြည်ပ သတင်း​မီဒီယာသမား​တွေက ​ဝေဖန်​ပြောကြား​လိုက်ကြပါတယ်။

ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ စီစဉ်​ပေး​မှုနဲ့​အတူ လွှတ်​တော်သတင်း​ထုတ်ပြန်​ရေး​နဲ့​ ပြန်ကြား​ရေး​ကော်မတီရဲ့​ သတင်း​ယူခွင့်​စီစဉ်​ပေး​မှု​တွေအ​ပေါ် အဆင်မ​ပြေမှု​တွေ ရှိခဲ့​တဲ့​အ​ပေါ် သတင်း​မီဒီယာသမား​တွေက ​ပြောကြား​လိုက်ကြတာလည်း​ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ လွှတ်​တော်ဖွင့်​ပွဲမှာ တက်​ရောက် သတင်း​ယူ​နေတဲ့​ သတင်း​သမား​တဦး​က အခုလို​ပြောပါတယ်။

“ဥပမာဆိုပါ​တော့​ သမ္မတ​ပြောတဲ့​ မိန့်​ခွန်း​ကို တက်တဲ့​သတင်း​ထောက်က အ​ယောက် ၅၀ ​လောက်မှာ ​ကော်ပီကူး​တာ၊​ အ​စောင် ၂၀ ​လောက်ဆို အမှန်က ဒါ​တွေကို လုယူ​နေစရာ မလိုအပ်တဲ့​ကိစ္စ။ ​နောက်တခါ နှစ်မိနစ်၊​ သုံး​မိနစ် အချိန်​ပေး​တယ်။ အပြည်ပြည်ဆိုင်ရာ ပုံစံမျိုး​။ နှစ်မိနစ် အထဲဝင်လိုက်၊​ ပြီး​ရင် အပြင်မှာပြန်ဆုတ်​ပေါ့​။ အဲဒီမှာ လူကြီး​က စကား​ထ​ပြောပြီဆိုမှ ဝင်ရိုက်ဆို​တော့​မှ တဝုန်း​ဝုန်း​နဲ့​ ​နေရာ​ပြေး​ယူရတယ် အဆင်မ​ပြေဘူး​။ အဲဒီအား​နည်း​ချက်​တွေ ရှိတယ်။ အခုမှ စတာဆို​တော့​ စနစ်တကျ မရှိဘူး​။”

သတင်း​ဂျာနယ် အယ်ဒီတာတဦး​ကလည်း​ အ​တွေ့​အကြုံ​တွေကို အခုလို​ပြောပြပါတယ်။

“ကျ​နော်တို့​မီဒီယာ​တွေကို သပ်သပ် အ​ပေါ်ထပ်မှာမီဒီယာအုပ်စုဆိုပြီး​ မှန်​တွေထဲက လှမ်း​မြင်​နေရတယ်။ အသံက​တော့​ အထဲမှာ အသံချဲ့​စက်​တွေ ရှိ​တော့​ ကြား​နေရတယ်။ ဓာတ်ပုံရိုက်တဲ့​အချိန်ကျရင် လွှတ်​တော်ဥက္ကဋ္ဌကို ဓာတ်ပုံသွား​ရိုက်လို့​ ရတယ်။ လွှတ်​တော်ဥက္ကဋ္ဌ လာပြီဆိုရင် ဓာတ်ပုံရိုက်ခွင့်​ ၅မိနစ်​ပေး​တယ်။ အဲဒီမှာ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ​မေး​ခွန်း​မေး​မြန်း​ဖို့​ မပြုလုပ်ဖို့​ ​မေတ္တာရပ်ခံထား​တာ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ ဟိုမှာ​တော့​ ဘာပဲဖြစ်ဖြစ် သိတဲ့​လူနဲ့​ ​တွေ့​တဲ့​အချိန်မှာ စကား​အနည်း​ငယ်​ပြောပြီး​တော့​ အချို့​လည်း​မေး​ကြတယ်။ အရမ်း​တော့​ တင်း​တင်း​ကျပ်ကျပ် မဟုတ်​ပေမယ့်​ ဓာတ်ပုံရိုက်ရတာ ကန့်​သတ်​တော့​ အခက်အခဲ ရှိတာပါ။ ကျန်တာ​တော့​ အခက်အခဲလို့​ မမြင်ဘူး​။”

အခု နှစ်နှစ်ဆယ်​ကျော်ကာလအတွင်း​ ​ပေါ်​ပေါက်လာတဲ့​ လွှတ်​တော်​တွေမှာ သတင်း​မီဒီယာ​တွေကို သတင်း​ယူခွင့်​ပေး​တဲ့​အ​ပေါ် ပြည်တွင်း​သတင်း​ဂျာနယ်အယ်ဒီတာအချို့​က​တော့​ ကြိုဆိုထား​ကြသလို လွှတ်​တော်ပြန်ကြား​ရေး​ကော်မတီ​တွေအ​နေနဲ့​ သတင်း​ယူခွင့်​တွေမှာ ဒီထက်ပိုမိုအဆင်​ပြေ​အောင် ​ဆောင်ရွက်​ပေး​ဖို့​ကိုလည်း​ တိုက်တွန်း​ပြောကြား​ထား​တာမျိုး​တွေရှိပါတယ်။

ဒီလွှတ်​တော်ဖွင့်​ပွဲ သတင်း​ယူဖို့​အတွက် ပြည်တွင်း​ပြည်ပ မီဒီယာ​တွေကို လွှတ်​တော် ပြန်ကြား​ရေး​ကော်မတီက အချက် (၁၆) ချက်ပါ စည်း​ကမ်း​ချက်​တွေကိုလည်း​ ထုတ်ပြန် ​ပေး​ထား​ပြီး​ သတင်း​မီဒီယာသမား​တွေအ​နေနဲ့​ လိုက်နာကြဖို့​ ​မေတ္တာရပ်ခံထား​ပါတယ်။

အဲ့​ဒီထဲမှာ​တော့​ လွှတ်​တော်ရဲ့​ လျှို့​ဝှက်ကိစ္စ​တွေ မ​ပေါက်ကြား​စေ​ရေး​၊​ ပြင်ပလွှမ်း​မိုး​မှုများ​ မရှိ​စေ​ရေး​နဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ လုံခြုံ​ရေး​အတွက် သတင်း​မီဒီယာသမား​တွေအ​နေနဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ဝန်ထမ်း​တွေကို လွှတ်​တော်ပရဝဏ်အတွင်း​ ပြန်ကြား​ရေး​ကော်မတီရဲ့​ ခွင့်​ပြုချက်ရရှိမှသာ ​တွေ့​ဆုံရန် အချက်​တွေ ပါဝင်ထား​ပါတယ်။

ဒါ့​အပြင် လွှတ်​တော်တွင်း​ ​ဆွေး​နွေး​ချက်​တွေနဲ့​ စပ်လျဉ်း​ပြီး​တော့​လည်း​ လွှတ်​တော်ရဲ့​ ဂုဏ်သိက္ခာကို ထိခိုက်​စေတဲ့​၊​ အများ​ပြည်သူတို့​ကို ထင်​ယောင်ထင်မှား​ ဖြစ်​စေတဲ့​ သတင်း​ရေး​သား​ဖော်ပြခြင်း​တွေ မပြုလုပ်ကြဖို့​ကိုလည်း​ သတိ​ပေး​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013