ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမြတ်ခွန်ဥပဒေရုပ်သိမ်းရေး တင်ပြ
ရွှေအောင်
·
August 23, 2011
မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမြတ်ခွန်ဥပဒေရုပ်သိမ်းရေး ဥပဒေကြမ်းအပါအဝင် အခွန်ငါးခုပြင်ဆင်ရေးဆွဲဖို့ ဘဏ္ဍာအခွန်ဝန်ကြီးက တင်ပြခဲ့ပါတယ်။
အမြတ်ခွန်ဥပဒေရုပ်သိမ်းလိုက်ရင် ဘာတွေထူးခြားလာမလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ စီးပွားရေးပညာရှင် ဦးဟန်ထွန်း (အခွန်) ကို ဆက်သွယ်မေးမြန်းထားပါတယ်။
အမြတ်ခွန်ဥပဒေဟာ ဘယ်လိုဥပဒေမျိုးလဲဆိုတာ အရင်ဆုံး ရှင်းပြပေးပါလား။
“အမြတ်ခွန်ဥပဒေဆိုတာ ၁၉၇၆ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ၊ အဲဒီတုန်းက ဒီအခွန်စည်းကြပ်မှုကို မြို့နယ်ပြည်သူ့ကောင်စီဝင်တွေ၊ တိုင်းဆိုလည်း တိုင်းကောင်စီဝင်တွေက အမြတ်ခွန်စည်းကြပ်မှုအဖွဲ့နဲ အယူခံအဖွဲ့မှာ တာဝန်ယူပြီး ဆုံးဖြတ်ပိုင်ခွင့်ကို သူတို့ကို အပ်ရတာပေါ့။ အပ်တဲ့အခါကျတော့ သူတို့က အခွန်နဲ့ပတ်သက်ရင် မူလရှိတဲ့ ဥပဒေတွေက အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတယ်။ နောက်တခါ အင်္ဂလိပ်ဘာသာကို မြန်မာလိုပြန်ထားတဲ့ ဝန်ငွေခွန်ဥပဒေဆိုတာ ရှိတယ်။ အဲဒါတွေက ရှင်းရှင်းပြောရင် ပညာအခြေခံလေးရှိမှ နားလည်နိုင်တယ်။ အဲတော့ အမြတ်ခွန်ဥပဒေကျတော့ ပညာအခြေခံ သိပ်မလိုဘဲနဲ့ ဇယားကြီးကိုကြည့်ပြီးတော့ ပုံချလို့ရတဲ့ဥပဒေဖြစ်တယ်။ ဆိုလိုတာကတော့ သာမန်လူတွေ ဖတ်လိုက်ပြီးတော့ လုပ်လို့ရအောင် အမြတ်ခွန်ဥပဒေ ဆိုတာကို ပြဋ္ဌာန်းခဲ့တာ။ မူလပြဋ္ဌာန်းစဉ်အခါတုန်းက သူ့ရဲ့ မူလရည်ရွယ်ချက်က ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အထောက်အကူပြုစေအောင်ဆိုတဲ့ သဘောလေးပါတယ်။ တနည်းပြောရရင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း မဖွံ့ဖြိုးအောင်၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းက ကြီးမားမလာအောင် ထိန်းချုပ်တဲ့သဘောလည်း ပါတယ်။ ဈေးကွက်စီးပွားရေး စနစ်ဖြစ်လာတဲ့အခါကျတော့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကို အထောက်အကူပြုဖို့ လိုအပ်လာတာကြောင့် ဒီအမြတ်ခွန် ဥပဒေကို ရုပ်သိမ်းလိုက်တာ။ အဲဒီအစားကို ဝင်ငွေခွန် ဥပဒေနဲ့ ပြန်စည်းကြပ်တာ။ ”
အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းဖို့လုပ်တယ်ဆိုတာ လက်ရှိသွားမယ်ဆိုတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ ကိုက်ညီလား။ အဲဒါလေးလည်း ရှင်းပြပေးပါဦး။
“ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အထောက်အကူပြုတဲ့ အမြတ်ခွန်ဥပဒေ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ဈေးကွက်စီးပွားရေး စနစ်သွားမယ်ဆိုရင် အဲဒီအမြတ်ခွန် ဥပဒေက စာရင်းအင်းတွေ မလိုဘူး။ မှန်းလုပ်လို့ရတယ်။ ဝင်ငွေခွန်ဥပဒေကျတော့ စာရင်းတွေဘာတွေ လိုအပ်လာတယ်။ အဆင့်နည်းနည်း ပိုပြီးတော့ အမြတ်ခွန်ဥပဒေနဲ့စာရင် ပိုမြင့်လာတယ်။ ပိုမြင့်လာပြီး စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ စာရင်းအင်းနဲ့ လုပ်မယ်ဆိုရင် ဝင်ငွေဥပဒေနဲ့ စည်းကြပ်တာဟာ ပိုပြီး မျှတမှု ရှိနိုင်တယ်လို့ သဘောတရားရေးအရ အဲလိုယူဆရတပေါ့။”
အဲဒီတော့ ဘယ်သူတွေ သက်သာရာရလဲ၊ ဘယ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာနိုင်လဲ။
“အဲဒီလိုတော့ ပြောမရဘူး။ ဝင်ငွေခွန်ဥပဒေနဲ့ အမြတ်ခွန်ဥပဒေက ဥပဒေသဘောအရကို ဝင်ငွေခွန်ဥပဒေက နည်းနည်းပိုပြီးတော့ အခွန်ဥပဒေဆန်တယ်။ နည်းနည်းလေး သက်သာခွင့်ပေးတာတွေ နှုန်းတွေဘာတွေ ဆိုတဲ့နေရာမှာ ပြောင်းလဲမှု ရှိသွားတာပေါ့။ ဘယ်ဟာက ပိုပြီးတော့ ဘယ်လိုဖြစ်မယ်လို့တော့ ပြောလို့မဖြစ်နိုင်ဘူး။ ဒါက လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ အများကြီးစကားပြောသွားတယ်။”
သူက အမြတ်ခွန်ဥပဒေကို ဖျက်သိမ်းပြီးတော့ ဝင်ငွေခွန်ဥပဒေကို ကောက်မယ်ဆိုပြီး ဆရာပြောသလိုဆိုရင် ဒါက အစိုးရရဲ့ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာပိုရသွားနိုင်သလား။ ဘယ်လိုထူးခြားချက် ရှိနိုင်သလဲ။
“မထူးပါဘူး။ ပိုရလိမ့်မယ်လို့ ပြောလို့လည်း မရဘူး။ လျော့သွားမယ်လို့လည်း ပြောမရဘူး။ ဘာလို့လဲဆိုတော့ အခွန်ကတော့ အမြတ်ခွန်ဥပဒေအတိုင်းပဲ စည်းကြပ်စည်းကြပ်၊ ဝင်ငွေခွန်ဥပဒေနဲ့ပဲ စည်းကြပ်စည်းကြပ် အခွန်လျာထားချက် ပြည့်မီရေးဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပဲ အဓိကထား အလုပ်လုပ်နေတော့ ဟိုတုန်းက ၁ သိန်းကျတဲ့လူက အခုလည်း ၁ သိန်း (သို့မဟုတ်) ၁ သိန်း ၂ သောင်း ၊ ၁ သိန်း ၅ သောင်း ဖြစ်ချင်ဖြစ်လာမယ်။ ဘာကြောင့်လဲဆိုတော့ ဘတ်ဂျက်လိုငွေ လျာထားချက် တက်လာတာနဲ့အမျှ အဲဒီအပေါ်မှာ အခွန်ကတက်သွားမှာပဲ။”
လုပ်ငန်းကိုင်ငန်းတွေလည်း ဖွံ့ဖြိုးလာစေ၊ နိုင်ငံတော်လည်း ရသင့်ရထိုက်တဲ့ အခွန်အခရစေဆိုရင်လည်း ဆရာတို့ ဘယ်လိုအကြံပြုချင်ပါသလဲ။
“နံပါတ်တစ်ကတော့ ကင်းလွတ်ခွင့် သက်သာခွင့် ပေးထားတဲ့ ကိစ္စတွေရှိတယ်။ အဲဒီကိစ္စတွေကို ပြန်လည်စိစစ်ဖို့ လိုတယ်။ ဆိုလိုတာက Level playing ground မဖြစ်တာတွေပေါ့။ အလုပ်အတူတူပဲ။ တချို့အလုပ်တွေက အခွန်သက်သာခွင့် ကင်းလွတ်ခွင့်ရနေတယ်။ တချို့က မရဘူးဆိုတော့ ဒါက Level playing ground မဖြစ်ဘူးပေါ့။ ကျနော်ပြောချင်တာက ကင်းလွတ်ခွင့်သက်သာခွင့် ပေးထားတဲ့ ကိစ္စတွေကို ပြန်လည်စိစစ်ရုပ်သိမ်းပေးဖို့သင့်တယ်။ ဘာလို့လဲဆိုတော့ ကင်းလွတ်ခွင့် သက်သာခွင့်ပေးထားတဲ့ ပမာဏက မနည်းလို့ကျနော်ကပြောတာ။ အဲဒါတွေ ပြန်လည်စိစစ်ရုပ်သိမ်းဖို့ လိုအပ်တယ်။
“နံပါတ်နှစ်က အခွန်နှုန်းတွေကို သိပ်များစရာမလိုဘူး။ အခွန်နှုန်းနိမ့်နိမ့်နဲ့ အခွန်အခြေခံ ချဲ့ရမယ်။ အခွန်အခြေခံဆိုတာတော့ အခွန်ထမ်းသင့် ထမ်းဆောင်ထိုက်တဲ့ လူဦးရေပေါ့၊ ပမာဏ များများပါအောင်လုပ်ပြီးတော့ အခွန်နှုန်းကို နည်းနည်းနဲ့ စည်းကြပ်လို့ရှိရင် ပေးရတဲ့လူကလည်း သက်သောင့်သက်သာပေးရတဲ့အတွက် အခွန်ပိုရလာနိုင်တယ်။ အဲဒီ နှစ်ချက်ကိုတော့ ကျနော်ပြောချင်ပါတယ်။”