DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အလုပ်ရုံ​ဆွေး​နွေး​ပွဲများ​ နိုင်ငံလုံး​အတိုင်း​အတာအ​နေဖြင့်​ မလုပ်နိုင်​သေး​ဟုဆို
DVB
·
August 23, 2011
နိုင်ငံ​ရေး​အလုပ်ရုံ​ဆွေး​နွေး​ပွဲများ​ နိုင်ငံလုံး​အတိုင်း​အတာအ​နေဖြင့်​ မလုပ်နိုင်​သေး​ဟုဆို
Donate to DVB

အစိုး​ရသစ်ရဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​က ဦး​ဆောင်ပြီး​ မကြာခင်မှာ နိုင်ငံ​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေကို စတင်ပြုလုပ်ဖို့​ အစီအစဉ်ရှိ​နေ​ပေမယ့်​ တနိုင်ငံလုံး​သ​ဘောကို ​ဆောင်တဲ့​ ​ဆွေး​နွေး​မှုမျိုး​တွေ​တော့​ လက်ရှိအ​ခြေအ​နေမှာ မဖြစ်နိုင်​သေး​ဘူး​လို့​ ဒီအဖွဲ့​ရဲ့​ခေါင်း​ဆောင် ဦး​ကိုကိုလှိုင်က ​ပြောကြား​လိုက်ပါတယ်။

ပြည်တွင်း​ပြည်ပမီဒီယာ​တွေမှာ တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ နိုင်ငံ​ရေး​အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေကို ပြုလုပ်ဖို့​ စီစဉ်မှု​တွေရှိ​နေတယ်ဆိုတဲ့​ သတင်း​တွေအ​ပေါ် ​ပြောကြား​လိုက်တာဖြစ်ပါတယ်။

[caption id="attachment_14586" align="alignright" width="300" caption="စီးပွားရေး အလုပ်ရုံ​ဆွေးနွေးပွဲ ကျင်းပ​နေစဉ်"][/caption]

“အခု စီး​ပွား​ရေး​ဆိုင်ရာ အမျိုး​သား​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေကျ​တော့​ သူ့​ရဲ့​ ဝန်ကြီး​ဌာန​တွေက အများ​ကြီး​ပဲ၊​ ဝိုင်း​လုပ်လို့​ရတယ်။ နိုင်ငံ​ရေး​ကျ​တော့​ လုပ်ဖို့​ရာ အများ​ကြီး​ complicate ဖြစ်တယ်​လေ။ ​လော​လောဆယ်​တော့​ အဲလိုမျိုး​ကြီး​ လုပ်ဖို့​မစဉ်း​စား​သေး​ဘူး​။ သို့​သော်လည်း​ ​သေး​သေး​လေး​တွေနဲ့​ စချင်စမှာ​ပေါ့​။ အခုမှ စဉ်း​စား​နေတုန်း​ပဲ။”

ဒေါ်​အောင်ဆန်း​စုကြည်တို့​ အပါအဝင် သူတို့​တွေနဲ့​ ​ဆွေး​နွေး​ဖို့​တွေ၊​ ပညာရှင်​တွေနဲ့​ အကြံပြုချက်​တွေ ဒါမျိုး​တွေများ​ ရှိနိုင်ဦး​မလား​ဆရာ။

“​လော​လောဆယ်​တော့​ အဲ​လောက်ကို စမသွား​နိုင်​သေး​ပါဘူး​။ စစချင်း​ party-politics နဲ့​ national-politics ​ပေါ့​။ လက်ရှိမှာ ရှိ​နေတဲ့​ အ​နေအထား​လေး​တွေကို ဝိုင်း​ပြီး​တော့​မှ ​ပြောဆို​ဆွေး​နွေး​ကြတဲ့​ round table ဟာမျိုး​လေး​တွေပဲ ရှိဦး​မယ်။ အဲဒီအခါကျ​တော့​လည်း​ စစချင်း​တော့​ တတိယပါတီ​ပေါ့​။ ကြား​လူ​တွေ ပညာရှင်​တွေ စသည်ဖြင့်​ပေါ့​။ အဲလိုမျိုး​ စုပြီး​မှ ဖြည်း​ဖြည်း​ချင်း​ ​နေရာ​လေး​ကျယ်လာတယ်။ အား​လုံး​ကလည်း​ပဲ အ​နေအထား​လေး​တွေ ​ပြောင်း​လဲလာတဲ့​အခါ တဖြည်း​ဖြည် ချဲ့​ထွင်သွား​မှာ​ပေါ့​။ အခု​တော့​ ​စော​သေး​တဲ့​အဆင့်​ပါ။”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​တွေက ​နေပြည်​တော်မှာ ကျင်း​ပပြုလုပ်ခဲ့​တဲ့​ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်အပါဝင် နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေ တက်​ရောက်ခဲ့​ကြသလို ပြည်ပ​ရောက် မြန်မာနိုင်ငံသား​ပညာရှင်​တွေပါ စာတမ်း​တွေ ဖတ်ကြား​ခဲ့​ကြတဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှုအတွက် ပြုပြင်​ပြောင်း​လဲမှုဆိုင်ရာ အမျိုး​သား​အဆင့်​ အလုပ်ရုံ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​ကိုကိုလှိုင်က အခုလို သုံး​သပ်​ပြောကြား​ထား​ပါတယ်။

“စီး​ပွား​ရေး​ဆွေး​နွေး​ပွဲက တခုထက်တခု ပွင့်​လင်း​လာတယ်။ ​နောက်ပြီး​တော့​ အ​နေအထား​လေး​တွေ ​ပြောင်း​လဲလာတယ်။ ပိုပြီး​မှ တ​ယောက်နဲ့​တ​ယောက် စည်း​လုံး​လာတယ်။ ဥပမာဆိုရင် participant ​တွေမှာဆိုရင် အရင်တုန်း​က စီး​ပွား​ရေး​ အသိုင်း​အဝန်း​ နဲ့​ official ​တွေပဲ ပါတာ​ပေါ့​။ အခုဆိုရင် အခြား​နိုင်ငံ​ရေး​ပါတီ​တွေပါ ပါလာတယ်။ ပိုများ​လာတယ်။ ပို​ပြောနိုင်ဆိုနိုင်နဲ့​ ပိုထိ​တွေ့​နိုင်တယ်။ ပိုပြီး​တော့​မှ နား​လည်မှုရလာတယ် ​ပြောရတာ​တွေလည်း​ ပွင့်​လင်း​မှုရှိလာတယ်၊​ အများ​ကြီး​တိုး​တက်လာတယ်လို့​ မြင်ပါတယ်။”

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013