Home
ဆောင်းပါး
ကုလသမဂ္ဂ၊ ၂၂၇၀၊ မြောက်ကိုရီးယားနဲ့ နျူကလီးယားစစ်ပွဲ
DVB
·
April 19, 2016
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မကြာခင်က မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်တာနဲ့ နျူကလီးယာ စမ်းသပ်မှုအတွက် ဆယ်စုနှစ် ၂ ခုအတွင်း မြောက်ကိုရီးယား နိုင်ငံအပေါ်အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုလုပ်ဖို့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီမှုအရ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့တာကို စာဖတ်သူတွေ အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် အဲဒီပြင်းထန်တဲ့ ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုလုပ်ပြီး နာရီ အတော်ကြာအတွင်းမှာပဲ တာတိုပစ် ဒုံးကျည် ၆ စင်းကို ပင်လယ်ပြင်ထဲ ပစ်လွှတ်စမ်းသပ်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်က မြောက်ကိုရီးယားရဲ့ အဲဒီ တာတိုပစ် ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုဟာ တကယ်တော့ တောင်ကိုရီးယားနိုင်ငံ လွှတ်တော်က မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပထမဆုံး ဥပဒေကို သဘောတူ ပြဋ္ဌာန်းလိုက်အပြီးမှာ ပြုလုပ်လိုက်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ဒီစမ်းသပ်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ မွန်းဆန်ဂွန်းက ဒီပစ်လွှတ်မှုကို ၀မ်ဆန်မြို့ရဲ့ အရှေ့ဖက်ကမ်းရိုးတန်းက ပစ်လွှတ်လိုက်တာဖြစ်ပြီး အာဏာပိုင်တွေကတော့ မြောက်ကိုရီးယားက တိတိကျကျ ဘာကို ပစ်မှာလဲဆိုတာ အဆုံးအဖြတ်ပေးဖို့ ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားဟာ ပုံမှန် ဒုံးကျည်ပစ်ခတ်မှုတွေကို နိုင်ငံတကာရဲ့ ကန့်ကွက်ပြစ်တင်ရှုတ်ချမှုတွေကြားကနေ ပိုပြီး လုပ်ဆောင်လာသလို တခြားလက်နက် စမ်းသပ်မှုတွေကိုလည်း ပိုပြီးလုပ်လာတယ်လို့ ဆိုရမှာပါ။ မြောက်ကိုရီးယားဟာ သူ့ရဲ့ စတုတ္ထမြောက် နျူကလီးယားစမ်းသပ်မှုကို ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ ပြုလုပ်ခဲ့ပြီး ဟိုက်ဒရိုဂျင်ဗုံးခွဲမှုကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့တဲ့အတွက် အကြီးအကျယ် အငြင်းပွားမှု ဖြစ်ပွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့လကပဲ တာဝေးပစ်ဒုံးကျည် တစင်းနဲ့ ဂြိုဟ်တုတခုကို အာကာသ ပတ်လမ်းထဲ လွှတ်တင်ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ နဲ့ တခြားနိုင်ငံတွေက ဒါဟာပိတ်ပင်တားဆီးထားတဲ့ တိုက်ချင်းပစ်ဒုံး နည်းပညာ စမ်းသပ်တာကို ဖုံးကွယ်ဖို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြင်ခဲ့ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုအသစ်ထဲမှာ မြောက်ကိုရီးယားနိုင်ငံကို ကုန်းလမ်းရေလမ်းနဲ့ လေကြောင်းက ၀င်ထွက်နေတဲ့ ကုန်တင်ယာဉ်တွေကို တရားဝင် စစ်ဆေးပိုင်ခွင့်လည်း ပါဝင်နေပါတယ်။ အဲဒါက မြောက်ကိုရီးယားနိုင်ငံကို လက်နက်ငယ်တွေ ရောင်းချတာ၊ လွှဲပြောင်းပေးတာမျိုး မလုပ်ဖို့ ပိတ်ပင်တားဆီးထားတာ၊ တရားမ၀င်လှုပ်ရှား ဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြောက်ကိုရီးယားသံတမန်တွေကို ပြည်နှင်ဒဏ်ပေးဖို့ ဆုံးဖြတ်ထားတာကို စနစ်တကျစစ်ဆေးဖို့ လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရသတင်းဌာန ကေစီအန်အေ ကတော့ တနင်္လာနေ့က ခုချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တမင်သက်သက် ကန့်သတ်ချုပ်ချယ်လိုက်တာဖြစ်သလို ပြင်းထန်တဲ့ စိန်ခေါ်မှုလည်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံအကြား အသေအချာ ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆမန်သာပါဝါက ကလည်း မြောက်ကိုရီးယားအပေါ် ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှု အသစ်ဟာ ဆယ်စုနှစ် ၂ ခုအတွင်း ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေထက် ပိုပြီး တာသွားပြင်းထန်ပြီး သူ့ရဲ့ နျူကလီးယား စမ်းသပ်မှု တွေအတွက် ရန်ပုံငွေကို ဖြတ်တောက်လိုက်တာဖြစ်သလို တခြားတားမြစ်ထားတဲ့ လက်နက် အစီအစဉ်တွေအတွက် ငွေကြေးကိုလည်း ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။ သူက “ကျမတို့ရဲ့ ပေါင်းစည်းလုံခြုံရေး တောင်းဆိုမှုက မြောက်ကိုရီးယားကို ဒီလို အဖျက်သဘောနဲ့ မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ လုပ်ရပ်တွေကို ဆက်မလုပ်နိုင်အောင် ရပ်ပစ်လိုက်တာ ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီလုံခြုံရေးကောင်စီက အရင်က ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှု ဆုံးဖြတ်ချက်တွေဟာ မြောက်ကိုရီးယားကို သူ့ရဲ့လက်နက်တွေကို ခေတ်မီတိုးတက်အောင်လုပ်ဖို့ ပိုပြီးခက်ခဲသွားစေနိုင်ခဲ့တာ မှန်ပေမယ့် အာဏာရှင်အစိုးရက ဆက်ပြီး လုပ်ဆောင်နေခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့ ၂ လလောက်က ပြသနေခဲ့တယ်” လို့လည်း ပြောသွားခဲ့ပါတယ်။ ခုအရေးယူပိတ်ဆို့မှုက မြောက်ကိုရီးယားရဲ့ ဆီးရီးယား၊ အီရန်နဲ့ ဗီယက်နမ် ကုန်သွယ်ရေး ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂရဲ့လူဆိုးစာရင်းဝင်တွေထဲမှာ ထပ်တိုးလာတဲ့ လူဆိုးစာရင်းဝင် ၁၆ ယောက်ထဲမှာ မြောက်ကိုရီးယားက ကုန်သွယ်ရေး ကိုယ်စားလှယ် ၁၂ ယောက်နဲ့ အတူပါဝင်လာခဲ့ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ နျူကလီးယားစမ်းသပ်မှု ၄ ကြိမ်နဲ့ ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုကို ၂၀၀၆ ခုနှစ်ကတည်းကစပြီး ခံခဲ့ရတာဖြစ်ပါတယ်။ အယ်လ်ဂျာဇီးယား သတင်းထောက် ဂျိမ်းစ်ဘေးက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ သတင်းပေးပို့ရာမှာ ခု အရေးယူပိတ်ဆို့မှုအသစ်ဟာ မြောက်ကိုရီးယားနိုင်ငံက အရင်က အသုံးပြုခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေရဲ့ လစ်ဟာချက်တွေကို ကိုင်တွယ်ဖို့ ကြိုးစားထားတဲ့ အရေးယူပိတ်ဆို့မှု ဖြစ်တယ်လို့ ဆိုပါတယ်။ သူက “သူတို့က ထိပ်ဆုံးက ကုမ္ပဏီတွေရဲ့ နာမည်တွေကို ပြောင်းပစ်ခဲ့ပြီး လူသစ်တွေကို သတ်မှတ်ခဲ့တယ်လေ။ သူတို့က မြောက်ကိုရီးယားကို နှိမ်နှင်းဖို့ နည်းလမ်းရှိသမျှ ကြိုးစားရှာပြီး လုပ်ခဲ့ကြတာပါပဲ။ ကျွမ်းကျင်သူတွေ အားလုံးကတော့ ခု အရေးယူပိတ်ဆို့မှုဟာ အပြင်းထန်ဆုံးနဲ့ အသေးစိတ် အကျဆုံးပဲလို့ ပြောကြတယ်ဗျ” လို့ ပြောပြပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူတွေကတော့ ခုကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုအသစ်ဟာ ကိုရီးယားကျွန်းဆွယ်ကို ပိုပြီးလုံခြုံအောင် မလုပ်နိုင်သလို သူ့ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကိုလည်း ရပ်သွားအောင် မလုပ်နိုင်ပါဘူးလို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကွတ်မင်းတက္ကသိုလ် ကိုရီးယားပညာဌာနက “တကယ့် မြောက်ကိုရီးယား၊ မအောင်မြင်ခဲ့တဲ့ စတာလင် စိတ်ကူးယဉ် နိုင်ငံရဲ့ ဘ၀ နဲ့ နိုင်ငံရေး” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ ပါမောက္ခ အန်ဒရေ လန်းခေါ့ဗ် ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က မြောက်ကိုရီးယားအစိုးရက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲတခု ဖြစ်လာနိုင်တယ်ဆိုတာကို ကျနော်တို့ သတိပြုပြင်ဆင်ထားသင့်ကြောင်း ကမ္ဘာကို ပြောခဲ့တယ်လို့ ပြောပါတယ်။ တရားဝင် အစိုးရ ကြေညာချက်တခုမှာလည်း မြောက်ကိုရီးယား လက်နက်ကိုင်တပ်တွေမှာ တောင်ကိုရီးယားကို လွတ်မြောက်အောာင်လုပ်ပေးဖို့နဲ့ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့ စစ်ဆင်ရေး အစီအစဉ်တခုရှိနေတယ်လို့ ဖော်ပြထားတဲ့အကြောင်းလည်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက မြောက်ကိုရီးယား တီဗွီသတင်းတခုမှာ ခေါင်းဆောင် ကင်ဂျုံ အန်းက မြေပုံကြီးတခုရှေ့မှာ ပစ်မှတ်တွေကို ပြသနေတဲ့ပုံကို ဖော်ပြသွားခဲ့ပါတယ်။ အဲဒီပစ်မှတ်တွေထဲမှာ ၀ါရှင်တန် နဲ့ နယူးယောက်သာမကပဲ စဉ်းစားစရာ တက္ကဆက် ပြည်နယ်မြို့တော် အော်စတင်လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒီတကြိမ်ကတော့ ပိုပြီး တင်းမာလာတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားစစ်ပွဲတခုကို စတင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ယူဆနိုင်ပေမယ့် လောလောလတ်လတ် အခြေအနေတွေက မြောက်ကိုရီးယားကို ပိုပြီး ထိပ်တိုက်ရင်ဆိုင်စရာ အခြေအနေကို ဖန်တည်းပေးသလို ဖြစ်နေတယ်လို့ သုံးသပ်ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ဒီကစားပွဲ အခင်းအကျင်းကို ဖြစ်စေလိုက်တာကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၂၇၀ ပဲဖြစ်ပါတယ်။ မတ်လ ၂ ရက်နေ့က ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယားရဲ့ ဇန်န၀ါရီလက ပြုလုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုနဲ့ ဖေဖော်ဝါရီ ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်လိုက်တာဖြစ်ပြီး ဒီမတိုင်ခင်က လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထက် ပိုပြီးပြင်းထန်သလို အရင်က မလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်မျိုးလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ ရွှေ၊ တိုက်တေနီယမ် နဲ့ ဗာနေဒီယမ်တွေကို မြောက်ကိုရီးယားက နိုင်ငံခြားတင်ပို့ရောင်းချမှုကို ပိတ်ပင်ထားသလို ကျောက်မီးသွေးတင်ပို့ ရောင်းချမှုကို တောင်ပိတ်ပင်ထားခဲ့တာပါ။ အဲဒီဓာတ်သတ္ထုတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြည်ပပို့ကုန်တွေရဲ့ ထက်ဝက်ကျော်ရှိနေခဲ့ပြီး ကျောက်မီးသွေး တခုတည်းမှာတင် ပြည်ပပို့ကုန်ရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိနေတာ တွေ့ရပါတယ်။ တကယ်လို့များ ဒီကုလသမဂ္ဂရဲ့အရေးယူပိတ်ဆိုမှုကို အပြည့်အ၀ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာငွေကြေးစနစ်ထဲက ပထုတ်လိုက်သလိုဖြစ်သွားမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တကယ်လို့များ မြောက်ကိုရီးယား အာဏာရှင်ကလေးက စိတ်ရူးပေါက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်ကို စပြီး တိုက်ခိုက်လိုက်ပြီ ဆိုရင်တော့….။      ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024