ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စတင်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
August 22, 2011
နိုင်ငံနဲ့ ပြည်သူလူထုအကျိုးအတွက် လက်ရှိအစိုးရနဲ့ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် စတင်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ခုလိုပြောကြား တာလို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“သူ့မှတ်ချက်က အားရကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တခု စပြီလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ သူပြောပါတယ်။ အသေးစိတ် ဆွေးနွေးတဲ့အချက်တွေတော့ ခုချိန်မှာ မပြောနိုင်သေးဘူးခင်ဗျ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေး နွေးခဲ့သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ် ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီးနောက် ခုလိုထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ တွေ့ဆုံဆွေးနွေးမှု၊ စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုထောက်ခံကြောင်း ဒီနေ့ထုတ်ပြန်တဲ့ အဖွဲ့ချုပ် ကြေညာချက် မှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ပြည်သူတရပ်လုံးရဲ့ လိုအပ်ချက်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးတဲ့ အနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။