အကျဉ်းသားလွတ်မြောက်ရေး ယူကေရောက်မြန်မာများ အစာငတ်ခံ ဆန္ဒပြ
DVB
·
August 22, 2011

အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ လန်ဒန်ရောက် မြန်မာလူငယ်တွေက အစာငတ်ခံဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
[caption id="attachment_14562" align="alignright" width="310" caption="လန်ဒန်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေစဉ်"]
[/caption]
လန်ဒန် မြန်မာသံရုံးရှေ့ မြေကွက် လပ်မှာ မြန်မာလူငယ် ၁၂ ဦးနဲ့ နိုင်ငံခြားသားနှစ်ဦးဟာ အမိုးအကာမပါ တာလပတ်ခင်းပေါ် ထိုင်ပြီး ဩဂုတ် ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။
ဩဂုတ်လ ၂၀ ရက်နေ့ဟာ ၂၀၀၇ အရေးအခင်းမှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို စတင် ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။
အခုဆိုရင် ၄ နှစ်ပြည့်ပြီမို့ ဒီနေ့နဲ့ တိုက်ဆိုင်ပြီး အခုလို ဆန္ဒပြ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
အစာငတ်ခံ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်နေတဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်တဦးဖြစ်သူ မမေမျိုးအောင်က အခုလို ရှင်းပြပါတယ်။
“ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ အမြဲအသင့်ရှိသူတွေဖြစ်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိစေချင်တဲ့ ဆန္ဒရှိသူတွေဖြစ်တယ်။ သူတို့တွေဟာ အကျဉ်းထောင်မှာ လုံးဝရှိမနေသင့်တဲလူတွေဖြစ်တယ်။ ပြည်သူတွေအတွက် မွန်မြတ်တဲ့အလုပ်တွေ လုပ်နိုင်ဖို့ သူတို့လွတ်မြောက်ရေးအတွက် အခုလိုလုပ်ရခြင်းဖြစ်တယ်။
“အခုလက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ စစ်မှန်တဲ့အပြုသဘောမျိုးရှိတယ်ဆိုရင် ပထမဆုံး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့တောင်းဆိုတာဖြစ်ပါတယ်။ အမျိုးသားပြန်လည်တွေ့ဆုံရေး စတင်ပြုလုပ်ဖို့လည်း တောင်းဆိုခြင်းဖြစ်ပါတယ်။”
အစာငတ်ခံ ဆန္ဒပြပွဲနေတာ အခုချိန်မှာ နာရီ ၂၀ ကျော်နေပြီဖြစ်တဲ့အတွက် လူငယ်တွေရဲ့ တညတာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
“ညကတော့ တော်တော်အေးတယ်။ ကျမတို့ မိန်းကလေးသုံးယောက်ကတော့ ယာယီတဲမှာနေကြပြီး ယောကျာ်းလေးတွေက အပြင်မှာပဲနေကြတယ်။ ယာယီတဲထဲမှာနေတာတောင် ကြမ်းပြင်က တော်တော်အေးနေတယ်။ သူတို့လိုမျိုး ခံစားကြည့်တာပေါ့။ သူတို့ဆို အကျဉ်းထောင်ထဲမှာ ရာသီဥတုဒဏ်တွေခံရတယ်၊ အစားအသောက် ပြဿနာတွေကအစပေါ့နော် လွတ်လပ်မှုလည်းမရှိဘူး။”
ဆန္ဒပြပွဲ လာရောက် ကြည့်ရှုသူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်နဲ့ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ အကြောင်း ပါဝင်တဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ကြပါတယ်။
