Homeမွနျမာသတငျးရန်ကုန်မြို့အနီးတွင် အစိမ်းရောင်ရွာ တည်ထောင်မည်

ရန်ကုန်မြို့ပြင်တနေရာမှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး စံပြကျေးရွာအဖြစ် အစိမ်းရောင်ရွာ တည်ထောင်ဖို့ ပြင်ဆင်နေကြပြီလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
Green Development & Green Growth (GDGG) အဖွဲ့မှာ မြန်မာပညာရှင် ဆယ်ဦးပါ အဖွဲ့ကိုဖွဲ့စည်းထားပြီး လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ် တချို့ကို အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးထွန်းလွင်က ခုလို ပြောပါတယ်။
“ကျနော်တို့က Green economy, green knowledge, green village စပြီးလုပ်ဖို့ ကြိုးစားနေတယ်။ လောလောဆယ် စာတမ်းတွေ ဖတ်ကြမယ်။ တနေ့က နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာ ဒီအကြောင်းလေးကို ကျနော်တို့အဖွဲ့ ကိုယ်စားပြုပြီးတော့ ဒေါက်တာခင်မောင်လွင်က ဖတ်လိုက်တဲ့အခါမှာ လူတွေက တော်တော်သဘောကျတယ်။ တနည်းအားဖြင့် Environmental Conservation နဲ့ ပတ်သက်ပြီးတော့ တချိန်မှာ ကျနော်တို့အားလုံးက အဲဒီကိုပဲ သွားကြရမှာပဲ။ Green economy, green society, green village မြန်မာပြည်မှာတော့ ပထမဆုံး ကြိုးပမ်းမှုတခုလို့ပဲ ပြောကြတာပေါ့။”
အဖွဲ့ထဲမှာ သစ်တောပညာရှင် ဦးအုန်း၊ ထွန်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းစတဲ့ သူတွေအပြင် နယ်ပယ်စုံက အငြိမ်းစား အစိုးရ အရာရှိတွေ ပါဝင် ဖွဲ့စည်းထားတယ်လို့လည်း ပြောပါတယ်။
အဖွဲ့အနေနဲ့လာမယ့် အောက်တိုဘာလထဲမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေပါတဲ့ ဆွေးနွေးပွဲတခုပြုလုပ်ဖို့ရှိပြီး အစိမ်းရောင်ရွာကိုတော့ နိုဝင်ဘာလလောက်မှာ စတင်အကောင်အထည်ဖော်ဖို့ရှိတယ်လို့ သိရပါတယ်။
“လက်တွေ့လုပ်ကြည့်မှ အောင်မြင်မှုတို့၊ အခက်အခဲတို့ သိမယ်ပေါ့။ သီအိုရီပိုင်းတော့ ပထမဆုံး တည်ဆောက်ကြည့်တယ်။ တည်ဆောက်တဲ့အခါမှာ ခုနပြောသလို စာတမ်းဖတ်တယ်ဆိုတာ သီအိုရီပိုင်းတည်ဆောက်လိုက်တာပဲ။ အထူးတလည် နည်းလမ်းတွေ၊ တတ်သိစရာတွေကို စုလိုက်တာပေါ့၊ နောက်မှ လက်တွေ့လုပ်မှာ။ ရွာကို တည်ပြီးတော့လုပ်ဖို့ ရည်ရွယ်ထားပါတယ်။”
လတ်တလောမှာ အဖွဲ့ဝင်တွေထည့်ဝင်တဲ့ ရန်ပုံငွေနဲ့ရပ်တည်မှာဖြစ်ပြီး နောင်တော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အန်ဂျီအိုဆန်ဆန် ဖွဲ့စည်းသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။