DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေက တံတားဖျက်ဟု ပြော
DVB
·
August 22, 2011
ကေအိုင်အေက တံတားဖျက်ဟု ပြော
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာက မလိချောင်း ကြိုးတံတားကို ကေအိုင်အေက ဗုံးခွဲဖျက်ဆီးပြီး ခေါင်းလန်ဖူးမြို့က ရွာတရွာကို မီးရှို့ဖျက်ဆီးတယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

တံတားကို ဖျက်ဆီးတာဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက် ဖြစ်စေသလို ဒေသတွင်းပြည်သူရဲ့ စီးပွားရေး၊ လူမှုရေး လမ်းပန်း ဆက်သွယ်ရေး ထိခိုက်နစ်နာတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ခရန်ထီဒမ်းကျေးရွာက အိမ်ခြေ ၃၀ ကျော်နဲ့ ကျောင်းတကျောင်း မီးရှို့ဖျက်ဆီးခံရပြီး ရွာသား ၆၆ ဦး လဂျာကျေးရွာကို ထွက်ပြေး ခိုလှုံနေကြရတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက အစိုးရအနေနဲ့ ကချင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့ ရိက္ခာတွေ ပို့ဆောင်တာကြောင့် ခုလို လုပ်ဆောင်ရတာလို့ ရှင်းပြပါတယ်။

“ကားလမ်းပေါ်က မသွားဘဲနဲ့ ချောင်ကြိုချောင်ကြားကနေ သွားပြီး၊ ရိက္ခာပို့တာမျိုး၊ စစ်အင်အားဖြည့်တင်းတာမျိုး လုပ်နေတယ်။ ဒါကြောင့်မို့ သူတို့ အမြဲ ဖြတ်သွားဖြတ်လာလုပ်တဲ့ လမ်းတို့၊ တံတားတို့ကတော့ အဲလိုထိခိုက်တာ ရှိသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တောထဲမှာ အဲဒီလို တံတားတွေသုံးပြီး သွားလာလှုပ်ရှားတာမျိုး ရှိတယ်။ အဲဒီတော့ လိုအပ်လာရင်တော့ ဒီလိုကိစ္စတွေ လုပ်မှာပါ။”

ကချင်ပြည်နယ် ခေါင်းလန်ဖူးမြို့နယ် ခရန်ထီဒမ်းကျေးရွာက နေအိမ်နဲ့ စာသင်ကျောင်းတွေကို KIA က ဖျက်ဆီးတယ်လို့ အစိုးရရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့တော့ သူတို့တပ်ဖွဲ့လုပ်တာ ဟုတ်မဟုတ် စုံစမ်းနေဆဲလို့ ပြောပါတယ်။

ရွာနဲ့ကျောင်းကို သူတို့ တပ်ဖွဲ့ဝင်က ဒီလို မီးရှို့ဖျက်ဆီးတယ်ဆိုတာ မှန်ရင် အရေးယူမယ်လို့လည်း ဦးလနန်းက ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်လို့ အခုမှ သိရတာပါ။ အမှန်တကယ်ပဲ အဲလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့သလား ဆိုတာ စုံစမ်းနေတုန်းပဲ။ ဖြစ်စဉ်က တကယ်ဖြစ်ခဲ့ရင်လည်း ဘယ်သူလုပ်တယ်ဆိုတာ စုံစမ်းနေတုန်းပါ။ ဘယ်သူတာဝန်ရှိတယ်ဆိုတာ စုံစမ်းပြီးတော့ အရေးယူသင့်ရင် အဲဒီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကို အရေးယူသွားမှာပါ။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုစုံစမ်းဆဲ ဖြစ်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ငြိမ်းချမ်းရေးလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က ဒီလ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ပေမယ့် ဒီလို စစ်မက်ပဋိပက္ခ ဖြစ်နေမှုနဲ့ ပတ်သက်ပြီး အစိုးရကို ဦးလနန်းက ဝေဖန်ပြောကြားပါတယ်။

“အပစ်အခတ်ရပ်ဆိုင်းရေးဆိုပြီး ညှိတဲ့အချိန်မှာ တဖက်က လက်နက်ကြီးနဲ့ ပစ်တာမျိုး အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်။ ပြည်နယ်ညှိနှိုင်းရေးအဖွဲ့တွေ ရောက်လာချိန်မှာလည်း ပစ်ခတ်တာတွေက ရှေ့တန်းမှာ ရှိနေတာပဲ။ ဒါကြောင့်မို့ တဖက်မှာ ငြိမ်းချမ်းရေးလို့ ပြောနေပေမယ့် တဖက်မှာ တပ်အင်အားတွေ ဖြည့်ဆည်းတာမျိုး၊ လေယာဉ်ပျံနဲ့ ညတိုက်ပွဲဝင်လေ့ကျင့်တာမျိုးတော့ သူတို့ အမြဲတမ်းလုပ်နေတယ်။

“နောက်တခုကတော့ အောက်ပိုင်းက တပ်မတွေက အရပ်သားပုံစံနဲ့နေပြီး စုံစမ်းတာမျိုးကို ဆက်တိုက်လုပ်နေတာမျိုး ရှိတယ်။ တဘက်မှာ ငြိမ်းချမ်းရေး ပြောနေပေမယ့် တဘက်မှာတော့ စစ်ရေးအတွက် ပြင်ဆင်တာမျိုး တော်တော်လုပ်နေတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013