DVB Logo
Home
မြန်မာသတင်း
စီးပွားရေးရာဆွေးနွေးပွဲအကြောင်း ဆက်သွယ်မေးမြန်းချက်
DVB
·
August 22, 2011
စီးပွားရေးရာဆွေးနွေးပွဲအကြောင်း ဆက်သွယ်မေးမြန်းချက်
Donate to DVB

နိုင်ငံတော်အဆင့် စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဩဂုတ် ၁၉ ရက်ကနေ ၂၁ ရက်အထိ နေပြည်တော်မှာ ပြုလုပ်သွားပါတယ်။

[caption id="attachment_14524" align="alignleft" width="310" caption="ဦးကိုကို​​ (ကိုကို-စက်မှုတက္ကသိုလ်)"][/caption]

ဒီအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသား​ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၊ စီးပွားရေး​ ပညာရှင်တွေ၊ အစိုးရ​ တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီ​ ကိုယ်စားလှယ်တွေ အပါအ၀င် စုစုပေါင်း ၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်​ တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းမ်​ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ကို ဆက်သွယ်​ မေးမြန်းထားပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ထူးခြားချက် ဘယ်နှချက်လောက် မြင်မိပါလဲ။

“နံပါတ်တစ်ကတော့ သမ္မတကြီးကိုယ်တိုင် မိန့်ခွန်းပြောတယ်။ ဒါကတော့ နိုင်ငံတော်အဆင့်က လုပ်တယ်။ နံပါတ်နှစ်ကတော့ အားလုံးမြင်ချင်တဲ့မြင်ကွင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီးတော့ ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့ စကားတွေဘာတွေ ပြောသွားတယ်။ ဒီဆွေးနွေးပွဲကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်လို့ ပြောဆိုသွားတာဟာလည်း ဆွေးနွေးပွဲအတွက် အင်အားတခုပဲဖြစ်ပါတယ်။

“ဆွေးနွေးပွဲမှာ ထူးခြားတဲ့အချက်က နိုင်ငံပြင်ပက ပညာရှင်တွေဖြစ်တဲ့ ဆရာ ဒေါက်တာကျော်ရင်လှိုင်တို့၊ ဆရာ ဒေါက်တာတင်မောင်မောင်သန်းတို့၊ ဆရာ ကိုဇော်ဦးတို့ လာရောက်ကြတယ်။ သူတို့ရဲ့ အမြင် မြန်မာ့စီးပွားရေး စာတမ်းတွေ ဖတ်ကြတယ်။ နောက်တခါ ပြည်တွင်းက UMFCCI (ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) က ဥက္ကဋ္ဌကြီး ဦးဝင်းအောင်၊ နောက်တခါ တချို့ တယောက်၊ နှစ်ယောက်၊ အပြင်က ပညာရှင်တွေ အပါအ၀င် ဌာနဆိုင်ရာတွေလည်း ဖတ်တယ်။

“စာတမ်းတွေကတော့ ပွင့်ပွင့်လင်းလင်း ရေးထားတာ တွေ့ရတယ်။ ဌာနဆိုင်ရာ တွေမှာလည်း ရှေ့ပိုင်းမှာ သူတို့ဌာနဆိုင်ရာ လုပ်ငန်းဆောင်တာတွေ တင်ပြတာ များလွန်းပေမယ့် နောက်ပိုင်းမှာတော့ သူတို့ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်တွေနဲ့ လုပ်သင့်တဲ့ဟာတွေကို တင်ပြတယ်။ အဲဒီတော့  အားလုံး ခြုံငုံပြီးတော့ ပြောရင်တော့ အလုပ်ရုံဆွေးနွေးပွဲက ဘယ်လောက် အောင်မြင်တဲ့ အတိုင်းအတာဆိုတာ တိုင်းတာလို့ မရပေမယ့် ထိုက်ထိုက်တန်တန် တခုတော့ ဖြစ်သွားတယ်လို့ မြင်ပါတယ်။”

အများပြည်သူအတွက် လက်တွေ့ကျတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆွေးနွေးတာ ဘာများ တွေ့မိလဲ။

“အများပြည်သူအတွက် လက်တွေ့ကျတဲ့ စီးပွားရေးလုပ်ငန်းဆိုတာ အခုကတော့ Macro Level စီးပွားရေးဆိုတော့ Macro စီးပွားရေး အရေးကြီးတာကိုး။ Macro စီးပွားရေးဝါဒတွေက ချို့ယွင်းချက်၊ အားနည်းချက်တွေကို ထောက်ပြပြီးတော့ ပြုပြင်ပြောင်းလဲဖို့ပေါ့။ အဓိက ဘဏ်စနစ်တွေ၊ နိုင်ငံခြားငွေ လဲလှယ်မှုကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ အကုန်ပါသွားတော့ တိုက်ရိုက်ဆိုတာထက် မြန်မာ့စီးပွားရေးရဲ့ အနေအထားကြီး တခုလုံးကို လွှမ်းခြုံနေတဲ့ဟာတွေ ဖြစ်တယ်။ ဒါကြီးကို လုပ်ပေးလိုက်ရင် ကျနော်ထင်တယ် - စီးပွားရေးတွေ ကောင်းမွန်လာမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။ ခုနပြောတဲ့ ငွေကြေးဈေးကွက်တွေလည်း ကောင်းမွန်လာမယ်ဆိုရင် ဒါက စီးပွားရေး ချောင်လည်လာရင်တော့ ပြည်သူတွေကို အကျိုးပြုမှာပေါ့။”

လောလောဆယ် ပြည်တွင်းမှာ ဒေါ်လာဈေး ကျဆင်းမှုနဲ့ပတ်သက်လို့ ဆွေးနွေးတာတွေ၊ ဝေဖန်တာတွေ ပြောကြပါသလား။

“တော်တော်ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ ဒေါ်လာဈေးကျတယ်။ ဦးဝင်းအောင်(ကုန်သည်-စက်မှုအသင်းချုပ် ဥက္ကဌ) က နောက်ဆုံးနေ့ အပိတ်မှာကိုပဲ ‘ဒေါ်လာဈေးက ဘယ်လောက်ရှိနေပါပြီ၊ အဲဒီတော့ နိုင်ငံတော်က ဘာလုပ်သင့်တယ်ပေါ့။ အရေးတယူ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကတော့ ဒါတွေပါ’ ဆိုပြီး ပြောသွားတယ်။ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ ဆိုလိုတာကတော့ ဆွေးနွေးပွဲမှာ လက်ရှိ ဒေါ်လာဈေးတွေ ကျဆင်းနေမှုအပေါ်နဲ့ ထိခိုက်နေတာပေါ့။ Industry ကို ထိခိုက်နေတုန်းမှာ ဘယ်လို ကုစားမယ်ဆိုတာကို ဆွေးနွေးတယ်။ Action Plan မှာလည်း အဲဒါတွေ ပါလာပါလိမ့်မယ်။”

အခုလက်ရှိ ပြည်တွင်းမှာ ဒေါ်လာဈေးကျတဲ့ဒဏ် ခံနေရတော့ လတ်တလော ဖြေရှင်းရမယ့်ကိစ္စတွေ ပြောကြဆိုကြသေးလား။

“ပါတယ်။ ခုနပြောတဲ့ လတ်တလော ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ ကျနော်တို့ ဦးဝင်းအောင် ပြောတဲ့ထဲမှာ နောက်ဆုံး ကြေညာသွားတာလေးတွေ ပါတယ်။”

အလုပ်ရုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်တာ ထူးခြားချက်တခု ဖြစ်နေတယ်။ လုပ်ငန်းရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတာတွေ တွေ့ရတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ငန်းရှင်ကြီးတွေ ဆက်သွယ်ပြောဆိုမှု အနေအထားကို ဘယ်လို သဘောထားတွေ တွေ့ရလဲ။

“ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ အရမ်းအံ့အားသင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုမျိုး မတွေ့ဘဲနဲ့ နေတဲ့လူတွေ ၀ုန်းဒိုင်းကြီး တွေ့တဲ့အချိန်မှာ တဦးနဲ့တဦး တဘက်နဲ့ တဘက်၊ လုပ်ငန်းရှင်တွေနဲ့ ဒေါ်စုနဲ့ကြားထဲဖြစ်ဖြစ်၊ ဒေါ်စုနဲ့ ပြည်ထောင်စုဝန်ကြီးတွေ ကြားထဲမှာပဲဖြစ်ဖြစ်၊ အခုအခံပေါ့။ အခုအခံဆိုတာ လူစိမ်းတွေ ပြန်တွေ့တွေ့ချင်း မရင်းနှီးတဲ့သဘောပေါ့။ အဲ့လိုမျိုး ရှိလိမ့်မယ်လို့ ကျနော်က တွက်ထားတယ်။ သို့သော် တကယ်တွေ့တဲ့အခါမှာ အရမ်း ရင်းနှီးသွားတယ်။

“ကျနော်မြင်တာတော့ စကားပြောဆို ဆက်ဆံတာ ဒေါ်စုအနေနဲ့ကလည်း အင်မတန်မှ ရိုးရှင်းစွာနဲ့ ဆက်ဆံတယ်။ ဒီဘက်က လူတွေကလည်း ရိုးရိုးရှင်းရှင်းပဲ။ ဘာလို့လဲဆိုတော့ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေ ပြန်တွေ့ကြလို့ လက်ဖက်ရည်ဝိုင်းမှာ ပေါ့ပေါ့ပါးပါး စကားပြောဆိုကြသလိုပဲ။ အဲဒါတော့ တွေ့တယ်ဗျ။ အဲဒီ့အတွက်တော့ ဖော်မပြနိုင်အောင် ၀မ်းသာတယ်။ ကျနော်တို့ မြင်ချင်တဲ့ မြင်ကွင်း၊  အနှစ်နှစ်အလလက တွေ့ချင်တဲ့ မြင်ကွင်း၊ အခုကျနော်တို့ တွေ့ခွင့်ရတယ်။”

အခု အလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြောချင်တာရှိရင်လည်း ပြောပေးပါ။

“အလုပ်ရုံဆွေးနွေးပွဲကတော့ ကျနော်မြင်တာ နောက်ထပ်ခြေလှမ်းတခုပေါ့။ ဒီကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ပြီးသွားရင် စီးပွားရေးနဲ့ ပတ်သက်တဲ့  အလုပ်ရုံဆွေးနွေးပွဲဗျာ။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာလည်း ၀န်ကြီးနှစ်ဦးလည်း စာတမ်းဖတ်တယ်။ စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းနဲ့ နယ်စပ်-စည်ပင်ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးတို့လည်း စာတမ်းဖတ်တယ်။ သူတို့စာတမ်းတွေကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း လုပ်လာတယ်။ ကျနော်မြင်တာတော့ ပြောင်းလဲမှုတော့ တွေ့ပါပြီ။ ဒါတော့ ကျနော်ပြောရဲတယ်။

“အဲဒီပြောင်းလဲမှုကို ဆက်ပြီးပြောင်းလဲစေဖို့၊ အခု လုပ်ငန်းစဉ်တွေ ဆက်အောင်မြင်ဖို့မှာ အဲဒီပြောင်းလဲမှုကို တကယ်လိုလားသူတွေ၊ အစိုးရအဖွဲ့က ပြောင်းလဲမှုကို လိုလားတဲ့သူတွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်၊ လုပ်အားကိုင်အားတွေ တက်လာအောင် အားလုံးက ၀ိုင်းဝန်းပြီးတော့ ကူညီပေးရမယ်လို့ ကျနော်မြင်တယ်။ အဲ့လိုကူညီမှာသာလျှင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက ပိုပြီးမြန်ဆန်လာပါလိမ့်မယ်။ အပြစ်တွေ ပြောနေရင်တော့ ပြန်နှောင့်နှေးသွားမှာ စိတ်ပူတယ်။ ဒါလေးပါပဲ။ ဘယ်သူ့ဘက်မှ ကျနော်လိုက်ပြောတာ မဟုတ်ဘူး။

“နိုင်ငံ့အကျိုးအတွက် မေတ္တာရပ်ခံတာတော့ တကယ်ယုံကြည်တဲ့ ပြောင်းလဲမှုကို လုပ်ချင်သူတွေ ရှိနေပါပြီ။ သူတို့ထဲမှာ အဲဒီ့ရှိနေတဲ့လူတွေကို ကျနော်တို့က အားပေးပြီးတော့ သူတို့နဲ့အတူ ပူးပေါင်းပြီးတော့ ကျနော်တို့တိုင်းပြည် ကောင်းစားရေး အတွက် ၀ိုင်းလုပ်ကြရင် ပိုကောင်းမယ်ဗျာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013