နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဆက်လုပ်မည်
DVB
·
August 21, 2011

နိုင်ငံတော်အဆင့် နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ဆက်လက် ကျင်းပမယ်လို့ သိရပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ပြောကြားလိုက်တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
“စီးပွားရေးနဲ့ ပတ်သက်လို့ အကြံပေး ဦးမြင့်က ဦးဆောင် လုပ်တာပေါ့နော်။ ကျန်သော နိုင်ငံရေးနဲ့ ဆိုင်တဲ့ အကြံပေး အဖွဲ့တွေကလည်း သီးခြား နိုင်ငံရေးပါတီများ အားလုံးနဲ့လည်း အခုလိုမျိုး အလုပ်ရုံ ဆွေးနွေးပွဲ လုပ်မယ်လို့ ကျနော်တို့ကို ပြောလိုက်တာ ရှိတယ်။ ဘယ်တော့လဲတော့ မသိဘူးပေါ့။ ဒီလကုန်လောက်လို့တော့ ဆိုပါတယ်။”
နိုင်ငံရေးပါတီ တခုချင်းကို ဆွေးနွေးပြီးမှ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ပြည်ထောင်စု သမ္မတ ကြံပေး ဦးနေဇင်လတ်က ပြောတယ်လို့လည်း ဦးသုဝေက ဆိုပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ကျင်းပခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုက်တက်မှုအတွက် ပြုပြင်ပြောင်းလဲဆိုင်ရာ အမျိုးသားအဆင့် ဆွေးနွေးပွဲ ပြီးဆုံးသွားပေမယ် နောက်ထပ်လည်း အလားတူ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲမျိုးတွေ ပြုလုပ်ဖို့ လိုအပ်သေးတယ်လို့လည်း ဦးသုဝေက ပြောကြားသွားပါတယ်။
“နောက်ဆုံးရက်ဆိုတော့လည်း အောင်အောင်မြင်မြင် ပြီးသွားတာပါပဲ။ ပထမနေ့ကတည်းက ပညာရှင်တွေ တော်တော်များတာကို သူတို့ရဲ့ စာတမ်းတွေလည်းပဲ တော်တော်များများ ဖတ်ပြသွားတာ။ ပညာရှင်တွေ ၂၀ ကျော်လောက် ရှိမယ်ဗျ။ အစိုးရ၀န်ကြီးတွေ၊ ဌာနဆိုင်ရာ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လုပ်ငန်းရှင်တွေ၊ ကျနော်တို့ ပါတီတွေ၊ သတင်းထောက်တွေ တော်တော်စုံစုံ တက်တော့ တော်တော်လေး ဆွေးနွေး နိုင်ခဲ့ကြတယ်ပေါ့ဗျာ။ ဆွေးနွေးနိုင်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် ပြည့်ပြည့်စုံစုံကြီးတော့ မဟုတ်ဘူးပေါ့နော်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေ အားလုံး ပါဝင်ပါတယ်။ သို့သော်လည်းပဲ ဒီလို အလုပ်ရုံ ဆွေးနွေးပွဲတွေက ပထမအကြိမ်ပဲ ရှိသေးတာဆိုတော့ ဆက်ပြီး ဆွေးနွေးသွားဖို့ လိုပါတယ်။”
