DVB Logo
Home
မြန်မာသတင်း
စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ စီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ
DVB
·
August 21, 2011
စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ စီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ
Donate to DVB

နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးဂျာနယ်နဲ့ သတင်းစာစောင်တချို့ သတင်းတက်ယူခွင့် မရဘူးလို့ ရန်ကုန်က သတင်းသမားတချို့က ပြောပါတယ်။

အစိုးရက ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက စလုပ်တဲ့ ဒီဆွေးနွေးပွဲကို တက်ခွင့်မရပုံကို ရန်ကုန်အခြေစိုက် မြန်မာသမာဓိ စီးပွားရေးဂျာနယ်က တာဝန်ခံအယ်ဒီတာ ဦးကျော်သွင်နိုင်က ပြောပြပါတယ်။

“သတင်းစုံဂျာနယ် ၁၀ စောင်ကို သူတို့ တက်ခွင့်ပေးတယ်။ သတင်းစုံဂျာနယ်တွေ ထွက်နေတဲ့ ဂျာနယ် တိုက်တွေပေါ့ဗျာ။ ကျနော်တို့ကတော့ စီးပွားရေး ဂျာနယ်ရယ်၊ အိုင်တီနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေ တက်ခွင့် မရှိဘူးပေါ့ဗျာ။”

ဒီဆွေးနွေးပွဲကိုတက်ဖို့ နေပြည်တော် ပြန်ကြားရေးဌာနက တိုက်ရိုက် ဖိတ်ကြားတယ်လို့လည်း ရန်ကုန် ဂျာနယ်တိုက်တွေက ပြောကြပါတယ်။ သတင်းစုံဂျာနယ် ၁၀ စောင်တည်းကို ဖိတ်ထားပြီး စီးပွားရေး ဂျာနယ်တွေ အပါအ၀င် ဒီ့ပြင် အပတ်စဉ်ထုတ် ဂျာနယ်တွေကိုတော့ မဖိတ်ဘူးလို့လည်း ဆိုကြပါတယ်။

စီးပွားရေးဂျာနယ်တစောင်အနေနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်သတင်းယူခွင့် ရသင့်ပါတယ်လို့ မြန်မာသမာဓိဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးကျော်သွင်နိုင်က ပြောပါတယ်။

“နိုင်ငံရေးပိုင်းဆိုင်ရာ ပွဲတွေ လုပ်တဲ့ အခါမှာတော့ ကျနော်တို့က ဈေးကွက်လည်း မရဘူး။ ကျနော်တို့ ဖော်ပြခွင့်မရဘူး။ ဒါတွေကိုတော့ ကျနော်တို့ မပြောပြလိုတော့ပါဘူး။ ဒါပေမယ့် အခုလိုမျိုး ဆင်းရဲမွဲတေမှုကဏ္ဍတွေ တွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ ကျနော်တို့ စီးပွားရေး ဂျာနယ်တစောင် အနေနဲ့ တက်သင့်တယ်လို့ ယူဆပါတယ်။

“ဟိုတနေ့က လုပ်သွားတဲ့ စီးပွားရေးပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲဆိုရင် ဒီလိုမျိုးပွဲကို တက်ခွင့်ရရမယ်။ ဖော်ပြခွင့်တော့ သူတို့က ဟိုတနေ့က ပေးပါတယ်။ ပေးပေမယ့် ကျနော်တို့က တဆင့်ခံ ဖော်ပြနေရတော့ ကျနော်တို့ကိုယ်တိုင် တိုက်ရိုက် မြန်မာစီးပွားရေး ဂျာနယ်တခုအနေနဲ့ တက်ခွင့်ရမယ် သတင်းယူခွင့်ရမယ် ဆိုရင်တော့ ကောင်းတာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013