DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဖွံ့​​ဖြိုး​မှု အလုပ်ရုံစည်းဝေးပွဲ တက်ရောက်
DVB
·
August 20, 2011
ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဖွံ့​​ဖြိုး​မှု အလုပ်ရုံစည်းဝေးပွဲ တက်ရောက်
Donate to DVB

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အစိုးရသစ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်​မှု အတွက် ပြုပြင်ပြောင်းလဲဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာတယ်လို့ သိရပါတယ်။

[caption id="attachment_14465" align="alignright" width="300" caption="(ဓာတ်​ပုံ-mrtv)"][/caption]

တညအိပ် နှစ်ရက်ခရီးစဉ် အဖြစ် နေပြည်တော်ကို သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီခရီးစဉ်ကို လိုက်ပါသွားတဲ့ ပါတီရဲ့ အဆင့်မြင့် အရာရှိတဦးဖြစ်တဲ့​​ ဦးခွန်သာမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ခရီးစဉ်ဟာ ကောင်းမွန်ပြီး အဆင်ပြေ ချောချောမွေ့မွေ့ ဖြစ်တယ်လို့ ဦးခွန်သာမြင့်က ဆက်လက် ပြောဆိုပါတယ်။

ပြည်ထောင်စုအစိုးရသစ် သမ္မတ ဦးသိန်းစိန်ကို တွေ့ဖို့ နေပြည်တော်ကို သွားတာ ဖြစ်ပေမယ့် ဒီကနေ့မှာ ဒုတိယနေ့အဖြစ် ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးဖို့အတွက် အမျိုးသားအဆင့် အစည်းအဝေးပွဲကို ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးရဲ့ မနက်ပိုင်း အစီအစဉ်ကို တက်ရောက်တယ်လို့ သိရပါတယ်။

စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ရင်း ပြည်ထောင်စုဝန်ကြီး တချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဦးခွန်သာမြင့်က ဆိုပါတယ်။

“မနက်ကမှ အခမ်းအနားမှာ သွားတွေ့တော့ စာတမ်းဖတ်တာ နှစ်စောင်ကို နားထောင်ပါတယ်။ ပြီးတော့ tea break ပေးပါတယ်။ tea break ပေး​တာ​က​ အတူထိုင်ကြတဲ့ ၀န်ကြီးတွေနဲ့ တွေ့တာပါ။ သီးသန့် တနေရာမှာ တွေ့တာ မရှိပါဘူး။ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ၊ ၀မ်းပမ်းတသာပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီဆွေးနွေးပွဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

နေပြည်တော်က မထွက်ခွာခင် သတင်းထောက်တွေအမေးကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရတာဟာ အားရကျေနပ်မှုရှိတယ်လို့ ဖြေဆိုကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံ​ ဆွေးနွေးပွဲကို တက်ရောက်လာစဉ် ကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကို အဲဒီသတင်းထောက်ကပဲ အ​ခု​လို​ သုံးသပ်ပါတယ်။

“မနေ့က တွေ့တယ် ဆိုတာကတော့ ကျေကျေနပ်နပ်ပါပဲ။ အကောင်းဘက်ကို ကျနော် မြင်ကြည့်တာပေါ့လေ။ မီဒီယာတွေကိုလည်း တော်တော်များများ တွေ့တယ်။ ဒီပွဲကိုလည်း တက်လာတယ်ဆိုတော့ အားလုံးက ဖက်လဲတကင်းပေါ့။ အစိုးရ အကြံပေး အဖွဲ့တွေကလည်း ဓာတ်ပုံလေးဘာလေး ရိုက်ပေးပါပေါ့။ တဖက်နဲ့ တဖက်က တရင်းတနှီးပေါ့ မြင်ရတာပေါ့။ တခြားဝန်ကြီးတွေကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ဦးကျော်ဆန်းကတော့ သိပ် မကြိုဆိုဘူးဗျ။ ဦးကျော်ဆန်းကတော့ သီးသန့် နားတဲ့အချိန်လောက်ပဲ။ အဲဒီနောက်ကို လိုက်မသွားဘူးပေါ့ဗျာ။ မျက်နှာစူပုပ်ပြီး ပြန်ထွက်သွားတယ်။”

ပြည်ထောင်စုဝန်ကြီး အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာ ရှိပေမယ့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သိသိသာသာ ကျေနပ်မှု မရှိတာကို တွေ့ရတယ်လို့လည်း အဆိုပါ သတင်းထောက်က ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013