Home
မြန်မာသတင်း
ရေအလုံလောက် မရသဖြင့် ပြည်မြို့ ရေကစားသူများ အခက်ကြုံ
မင်းညို
·
April 13, 2016
ပဲခူးတိုင်း၊ ပြည်မြို့သင်္ကြန်အကျနေ့မှာ ရေအလုံလောက် မရခဲ့ပေမယ့် လည်ပတ်ရေကစားသူတွေ ခါတိုင်းနှစ်ထပ် ပိုများလာပါတယ်။ ပဲခူးတိုင်း ပြည်မြို့ ၂၀၁၆-သင်္ကြန်မှာ ရေကစားသူ၊ ရေပက်သူ၊ ရေပက်ခံထွက်သူတွေ ခါတိုင်းနှစ်တွေထက် များလာခဲ့ပေမယ့် ရေအလုံအလောက်မရခဲ့တာကြောင့် လည်ပတ်သူတွေ စိတ်အနှောက်အယှက်ဖြစ်နေကြပါတယ်။ “အရမ်းပျော်တာပဲ၊ ရေမရတာကလွဲလို့ပေါ့။ ဒါပေမယ့် မဏ္ဍပ်ရှေ့ရောက်တော့ အားလုံးရေစိုသွားတာပေါ့၊ အရမ်းမိုက်တယ်၊ ရေသာအပြည့်အ၀ရမယ်ဆိုရင် ရေအလယ်မိုက်တယ်” လို့ DRY SNAKE ရေကစားမဏ္ဍပ်က ကိုရင်ဘွိုင်းက ပြောပါတယ်။ ရေပေးတာနည်းတဲ့အပြင် လျှပ်စစ်မီးကလည်း မကြာခဏ ပျက်တာကြောင့် ရေကစားမဏ္ဍပ်အချို့ ရေမရှိဘဲ စက်ဖွင့်ပြီး ကနေရတယ်လို့ သင်္ကြန်လည်ပတ်သူ ကိုဝေယံ က ပြောပါတယ်။ “ရေကမရတဲ့အပြင် မီးကလည်း ပျက်သွားတာ ၂ ခါတောင်၊ ကစားနေတဲ့ သူတွေကို အတင်းတားထားရတယ်၊ သူတို့ကပြန်တော့မလို့ ရေမရတော့ အစဉ်မပြေဘူး ရေကအရမ်းနည်းတာ၊ ချောက်ချောက်ကပ်ကပ်ကြီးနဲ့လည်နေရတာ။ စည်တာကတော့အရမ်းစည်ပါတယ်၊ ရေအပြည်အ၀ရရင်တော့ ကောင်းမယ်” လို့ POSEIDON ရေကစားမဏ္ဍပ်က ကိုဆန်းလင်းက ပြောပါတယ်။ နှစ်စဉ်သင်္ကြန်ရက်တွေမှာ ပြည်မြို့ရပ်ကွက်တွေကို နေ့စဉ်ပေးဝေလေ့ရှိတဲ့ ရေပေးစနစ်ထက် ထပ်မံတိုးချဲ့ပြီး ရေပေးဝေခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်သင်္ကြန်အထိ ရေလုံလောက်မှုရှိအောင် ရေ အချိန်တိုးချဲ့ပြီး ပိုပေးခဲ့နေကျြဖစ်ပါတယ်။ အခုနှစ်မှာတော ရေအချိန်ပိုပေးဖို့နဲ့ပတ်သက်ပြီး ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိ သူရဦးမြင့်သူက “အယ်လ်နီညိုနဲ့ မီးဘေးစိုးရိမ်ရတဲ့ အခြေအနေတွေရှိတာကြောင့် ရေပိုပေးဖို့ကို မဖြစ်နိုင်ဘူး၊ ခုနှစ်သင်္ကြန်ရေပေးဝေမှုကို ပုံမှန်နေ့စဉ် ရပ်ကွက်အလိုက် ပေးဝေးသွားတဲ့အတိုင်းပဲ ပေးဝေသွားပါမယ်။ သင်္ကြန်အတွက်ဆိုပြီး သီးခြားရေပေးသွားဖို့အစီစဉ်မရှိပါဘူး။ ဒီနှစ်နွေကအရမ်းပူပြင်းတဲ့အတွက် တကယ့်ရေလိုအပ်ချိန်မှာ မီးသတ်ဖို့ ရေအရင်းအမြစ်က ကျနော့်ဆီမှာ ရေလုံလောက်အောင်ရှိနေဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က တရားဝင်ရေကစားမဏ္ဍပ်ကြီးတွေ ၁၃ ခုရှိခဲ့ပြီး အခုနှစ်မှာတော့ ပြည်မြို့မှာ တရားဝင်ရေကစားမဏ္ဍပ်ပေါင်း ၁၈ ခုရှိပါတယ်။ အဲဒီအပြင် ပြည်ခရိုင်ထဲက မြို့တွေအများစုမှာ အခုနှစ်ရေကစားမဏ္ဍပ်တွေ မလုပ်တာကြောင့် နယ်ဘက်တွေက အများစု ပြည်မြို့တက်လာပြီး ရေကစားကြတာကြောင့် လည်ပတ်သူတွေ ခါတိုင်းနှစ်ထက် ပိုပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024