ယခင်နှစ်များထက် ယခုနှစ်သင်္ကြန်အကြိုရက် ယာဉ်တိုက်မှု လျော့နည်း
DVB
·
April 13, 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုနှစ်သင်္ကြန်အကြိုရက်အတွင်း အရင်နှစ်တွေထက် ယာဉ်တိုက်မှု သိသိသာသာ လျှော့နည်းသွားကြောင်း အမှတ်-၂ ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးက ဒုရဲမှူး ဝင်းမြင့်ဦးက ဒီဗွီဘီကိုပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း အခုနှစ်မဟာသင်္ကြန်အကြိုနေ့ မှာ ယာဉ်တိုက်မှု ၂ မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သင်္ကြန်အကြိုနေ့မှာတော့ ယာဉ်တိုက်မှု ၁၀ မှုဖြစ်ပွားပြီး ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရခဲ့တာပါ။
ဒါကတော့ သင်္ကြန်ရက်တွေ ရေကစားချိန်အဖြစ် သတ်မှတ်ထားတဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်ပါတယ်။
အသစ်တက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ မူဝါဒအရ ဒီနှစ်သင်္ကြန်မှာ စည်းကမ်းတင်းကျပ်မှုတွေ ပိုလာခဲ့ပြီး မဏ္ဍာပ်တွေလည်း စီးပွားဖြစ် ဆောက်လုပ်ခွင့် မပေးတာကြောင့် ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ကန်ပတ်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတွေမှာ မဏ္ဍာပ်တွေမရှိတော့ပါဘူး။ ဒါကြောင့် တဆက်တည်းမှာ ရေပက်ခံကားတွေ အရေအတွက် လျှော့သွားတာတွေ ရှိလာပါတယ်။