Home
မြန်မာသတင်း
ပန့်လူငယ်များ စုစည်းပြီး ပန့်ဂီတပွဲတော် ကျင်းပ
ထွန်းထွန်းသိန်း
·
April 12, 2016
ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတားအောက်မှာ ပန့်လူငယ်တွေ စုစည်းပြီး Love Music Hate Fascism နာမည်နဲ့ ပန့်ဂီတပွဲတော်ကို ဧပြီ ၁၁ ရက်နေ့မှာ ပြုလုပ်သွားပြီး System Error၊ Rebel Riot၊ Never Reverse စတဲ့ လူငယ်ပန့်အဖွဲ့တွေ ဖျော်ဖြေခဲ့ပါတယ်။ ပန့်လူငယ်တွေစုစည်းပြီး နှစ်စဉ် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြပေမယ့် ဒီနှစ်ကတော့ ထူးထူးခြားခြား ပန့်ဂီတပွဲလုပ်ပြီး ကျင်းပတာပါ။ ပွဲစီစဉ်သူတဦးဖြစ်တဲ့ မစိုးပွင့်ဖြူက “နှစ်တိုင်းလုပ်ဖြစ်တယ်။ မနှစ်ကတော့ ညီမတို့ ရှိုးတော့မလုပ်ဖြစ်ဘူး။ ဗိုလ်ချုပ်ဈေးမှာတော့ ကလေးတွေနဲ့ ရေပက်ကြတယ်။ သူငယ်ချင်းတွေ ပန်းခြံသွားပြီးတော့ ဆော့တယ်။ ဒီနှစ်ကတော့ ဒီမှာ ပန့်ပါတီလုပ်မယ်ဆိုပြီး အားလုံးတိုင်ပင်ပြီးတော့ လုပ်ဖြစ်တာပါ။ ဒီမှာတော့ သုံးပန့်ပါတယ်။ System Error ရယ်၊ Rebel Riot  ရယ်၊ Never Reverse ရယ်။ ဖျော်ဖြေတာကတော့ ပုံမှန်အတိုင်းပါပဲ။ နဂိုဖျော်ဖြေသလိုပဲ နိုင်ငံရေးနဲ့ ပတ်သက်တာပဲ ဖျော်ဖြေမှာပါ" လို့ ပြောပါတယ်။ ပန့်လူငယ်တွေက ရန်ကုန်အပါအဝင် နေရာဒေသ ကွဲပြားစွာ တည်ရှိနေပြီး တနှစ်တခါ ဆုံဆည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဂီတပွဲတော်ကို ကျင်းပတာ ဖြစ်တယ်လို့ System Error အဖွဲ့က အဆိုတော် ဖိုးပြည့်က ပြောပါတယ်။ “အဓိကက ကျနော်တို့ ဘော်ဒါတွေ ဆုံဖို့အတွက်ပေါ့နော်။ တချို့နယ်တွေကကော၊ အခြားနိုင်ငံကလူတွေကော၊ တနှစ်တခါ မဆုံဖြစ်တဲ့သူများတယ်။ ကျနော်တို့လူငယ်တွေ အကုန်လုံး ဆုံဆည်းသွားအောင်လို့ လုပ်လိုက်တဲ့ပွဲပဲ။” နေ့လယ်ခင်း ရာသီဥတု ပူပြင်းချိန်မှာ ကျင်းပခဲ့တဲ့ ပန့်ဂီတပါတီကိုတော့ လူငယ်ပန့်သမား ၅၀ ဝန်းကျင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဒီပွဲကို ခွင့်ပြုချက်မတောင်းဘဲ ကျင်းပခဲ့တာကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းက လာရောက်မေးမြန်းမှုတွေ ရှိခဲ့ပေမယ့် အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ food not bombs အဖွဲ့ကိုလည်း ပန့်လူငယ်တွေ စုစည်းထူထောင်ထားပြီး ပရဟိတ ဆောင်ရွက်မှုတွေ အပတ်စဉ် ပြုလုပ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024