DVB Logo
Home
မြန်မာသတင်း
စစ်မှန်သည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် မဟုတ်ဟု တိုင်းရင်းသားများဝေဖန်
DVB
·
August 19, 2011
စစ်မှန်သည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် မဟုတ်ဟု တိုင်းရင်းသားများဝေဖန်
Donate to DVB

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ဖို့ မနေ့ ဩဂုတ်လ ၁၈ ရက်နေ့က အမိန့်ကြေညာစာ ထုတ်ပြန်ဖိတ်ခေါ်လိုက်ပါတယ်။

သမ္မတရဲ့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဒါဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် မဟုတ်ကြောင်း တုံ့ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့က ပြည်တွင်းရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာစာထဲမှာ ငြိမ်းချမ်းရေးလုပ်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရကို တဖွဲ့ချင်းစီ အရင်ဆုံး ဆက်သွယ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒီငြိမ်းချမ်းရေး ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက  လက်ရှိအစိုးရဟာ တိုင်းရင်သားအဖွဲ့တွေ တဖွဲ့ချင်းစီခွဲဖို့ ကြိုးစားနေတာ ဖြစ်ပြီး စစ်မှန်တဲ့  ငြိမ်းချမ်းရေး ခေါ်ဆိုခြင်း မဟုတ်ဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာအစိုးရကို နှစ် ၆၀ ကျော် လက်နက်ကိုင် တော်လှန်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ကတော့  ဒီအစိုးရရဲ့ ဖိတ်ခေါ်ချက်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် မဟုတ်သလို တိုင်းရင်သားတွေရဲ့ အရေးကိစ္စကို အလေးမထားတာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နော်ဖိုးရာစီက ပြောပါတယ်။

“ဒီအစိုးရ ထုတ်ပြန်ကြေညာချက်ကိုတော့ မလုံလောက်ဘူးပေါ့။ သူ့ဟာက ဗမာပြည် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ဒီလိုသဘောမျိုး ထားလို့တော့ မရဘူးပေါ့နော်။ ကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအရ သူတို့ ပြောနေတာက ဗဟို အစိုးရကပဲ အာဏာရှိတယ်။ ဒါပေမယ့် အခုကျတော့ တိုင်းရင်းသား ပြဿနာကို ပြည်နယ်အစိုးရကို သူတို့ ပေးထားတယ်။ အဲဒါနဲ့ လုံးဝ မဆိုင်ဘူး။ သူတို့ရဲ့လုပ်ဆောင်ချက်က တိုင်းရင်းသား ပြဿနာကို အလေးမထားဘူး။ ပြီးတော့ တခုလုံးရဲ့ ငြိမ်းချမ်းရေး အတွက် သူတို့ မလိုလားဘူးဆိုတာ ပြသနေတယ်လို့ ဒီနေရာမှာ ရှင်းရှင်း သွားတွေ့နေတယ်။ တကယ်လို့ သူတို့ ဖြေရှင်းဖို့ ဆိုရင် ပထမအဆင့်ကတော့ ဆွေးနွေးရေး ခေါ်ရမယ်။ တနိုင်ငံလုံး အနေနဲ့ အပစ်အခတ် ရပ်စဲ လုပ်ရမယ်။ အပစ်အခတ် ရပ်စဲရာမှာ တိုင်းရင်းသားနယ်မြေမှာ ရှိနေတဲ့ သူတို့ရဲ့ တပ်တွေကို ပြန်ဆုတ်ပြီးတော့ စကားပြောရမယ်။ ဒါပေမယ့် အခု သူတို့ ဘာမှလည်း မလုပ်ဆောင်ဘူး။ နောက်ပြီး သူတို့ တပ်တွေကိုလည်း ထပ်လွှတ်နေတယ်။ တိုက်ခိုက်နေသေးတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ဒါကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားအရေးကို လေးလေးနက်နက် မထားဘူး။ ပြီးတော့ သူတို့က စစ်မှန်တဲ့ စေတနာမှန် မရှိဘူးလို့ ကျမတို့ ယူဆပါတယ်။”

အစိုးရအနေနဲ့ ငြိမ်းချမ်းမှုလိုလားရင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် ကိုယ်စားလှယ်တွေနဲ့ ယာယီအပစ်ရပ်ရေးကိစ္စ ဆွေးနွေးနေတဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ကလည်း သမ္မတအနေနဲ့  ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်းထက် နိုင်ငံရေးရာ ဖိတ်ခေါ်ခြင်း လုပ်သင့်တယ်လို့  အဖွဲ့ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

“အဲဒီ ကြေညာချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ရဖို့ကတော့ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းပြီးတော့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ပြောထားတယ်ခင်ဗျ။ လက်နက်ကိုင် ပဋိပက္ခကို ဒီအတိုင်း ချုပ်ငြိမ်းတာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာတော့ မဖြစ်နိုင်ပါဘူးဗျ။ အမှန်တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့  နိုင်ငံရေး ဆွေးနွေးမှုက အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းဆိုတာထက် နိုင်ငံရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ဆိုတာက ပိုပြီး ဖြစ်သင့်ပါတယ်။ ကြေညာချက်ကတော့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုလို့လည်း ပြောထားတယ်။ နိုင်ငံရေး ဆွေးနွေးမှုဆိုတာ စာသား တခုမှ မပါဘူးဗျ။ တကယ်လို့များ သူတို့ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း၊ စေတနာရှိရှိ လုပ်စေချင်တယ်ဆိုရင် ဦးကျော်ဆန်း ပြောတဲ့ သတင်းစာ ရှင်လင်းပွဲမှာရော၊ သမ္မတ ပြောတဲ့ မိန့်ခွန်းမှာရော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လွန်လွန်ကျွန်ကျွန် ပြောဆိုသွားတာ ရှိတယ်။ သောင်းကျန်းသူ၊ အဖျက်အမှောက် လုပ်တဲ့ အဖွဲ့အစည်းပေါ့ အမျိုးမျိုးပေါ့ ပြောဆိုသွားတာ ရှိတယ်။ အဲလို ပြောဆိုသွားပြီး နောက်ရက်ကျမှ ဒီလိုမျိုး ကြေညာချက် ထုတ်တယ်ဆိုတာ သူ့နောက်ကွယ်မှာ ဘာရှိတယ်ဆိုတာ သိသာထင်ရှား ကြည့်နိုင်တယ်။”    ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကလည်း  သမ္မတရဲ့ ဥပဒေဘောင်အတွင်း ကမ်းလှမ်းချက်ဟာ တိုင်းရင်းသားတွေကို လက်နက်ချခိုင်းတဲ့ ကမ်းလှမ်းချက်သာ ဖြစ်ပြီး သမ္မတအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားရင် ပင်လုံသဘောတူညီချက်ကို တွေ့ဆုံဆွေးနွေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“သမ္မတကြီး ဦးသိန်းစိန် ပြောသွားတဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုငြိမ်းချမ်းရေးကို ဆွေးနွေးချင်တာလဲဆိုတာ ကျနော်နားမလည်ဘူး။ ဥပဒေဘောင်အတွင်း ဥပဒေနှင့်အညီ ဖြစ်စေရမယ်ဆိုတော့ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေ အဲ့ဒီဥပဒေဘောင်နဲ့ အညီဆိုရင်တော့ လက်နက်ချခိုင်းတာပဲ ဖြစ်မယ်လို့ထင်ပါတယ်။ ကျနော်တို့ကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ထင်ပါတယ်။ ကျနော်တို့ လက်နက်ကိုင်တော်လှန်တယ်ဆိုတာကလည်း မပြေလည်သေးတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်းချင်တာပါ။ နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုပေါ်ပေါက်နိုင်ပါမလဲ။ ကျနော်တို့ တွေ့ဆုံဆွေးနွေးချင်တာက ပင်လုံသဘောတူညီချက်ပါ အချက်အလက်တွေနဲ့ ဆွေးနွေးချင်တာပါ။ ဒီလိုပုံစံ မဟုတ်ဘဲနဲ့ ဥပဒေဘောင်ထဲဝင်ခဲ့ပါ ငြိမ်းချမ်းရေးပေးမယ် ဆိုတာမျိုးကတော့ အဓိပ္ပာယ်မရှိတဲ့ ကမ်းလှမ်းချက်ပါလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ကရင်နီအမျိုးသား တိုးတက်ရေးပါတီကတော့ သမ္မတရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ကြိုဆိုလိုက်ပြီး ဒီကမ်းလှမ်းချက်ဟာ ရှင်းလင်းဖို့ လိုတယ်လို့ ကေအန်ပီပီအတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

“ဒီကမ်းလှမ်းမှုကိုတော့ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုလို့ ကျနော် မြင်ပါတယ်၊ ကျနော်တို့လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ သဘောတူညီမှုတခုရှိပါတယ်၊ တွေ့ဆုံကြမယ်၊ စုဖွဲ့ပြီးအဖြေရှာကြမယ်ဆိုတဲ့ သဘောထား ကျနော်တို့မှာရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ ဟိုတဖွဲ့ ဒီတဖွဲ့နဲ့ ခွဲခြားပြီးတွေ့ဆုံ စကားပြောပြီးတော့ ငြိမ်းချမ်းရေးစကားပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့ နေရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။ ပြဿနာတွေက များပြားလွန်းတော့ တွေ့ဆုံစကားပြောကြတဲ့အခါ ပြောရဆိုရတာ ခက်ခဲမယ်လို့ ထင်တယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ရော တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် တပြည်လုံး အတိုင်းအတာ အထိ ပစ်ခတ်မှုတွေကို ရပ်ရမယ်လို့ တောင်းဆိုထားတယ်။ နောက်ပြီး တွေ့မယ်ဆိုရင်တော့ စုဖွဲ့ပြီး တိုင်းရင်းသားတွေအားလုံးက သဘောတူညီတဲ့ ကိစ္စတွေအပေါ်မှာပဲ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုတဲ့ သဘောထားရှိပါတယ်။”

တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ ပင်လုံသဘောတူညီချက်ကို အခြေခံထားပြီး စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်ရေး စတဲ့တူညီတဲ့ အခြေခံ ရည်မှန်းချက် ရှိနေပြီး တဖွဲ့ချင်း သီးခြားခွဲပြီး တွေ့ဆုံဖို့ မလိုအပ်ကြဘဲ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေနွေးမှုကို လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013