DVB Logo
Home
မေးမြန်းခန်း
ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာတယ်
DVB
·
August 19, 2011
ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာတယ်
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ် ကျောထောက် နောက်ခံပေးထားတဲ့ လက်ရှိအစိုးရရဲ့ သမ္မတဦးသိန်းစိန်တို့ ပထမဆုံး အနေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံကြတယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဒီမိုကရေစီ အပြောင်းအလဲတွေ အများကြီး ပေါ်နိုင်တယ်လို့ ပြောပါတယ်။ ဦးဝင်တင်ကို ကိုနေသွင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒီရက်ပိုင်းမှာပဲ ဖြစ်စဉ်အသစ်တွေ ဖြစ်လာတာတွေ အများကြီး ကျနော်တို့ တွေ့ရပါတယ်။ ဥပမာ ပြည်ပရောက်နေတဲ့လူတွေ ပြန်လာကြပါ ဆိုတာမျိုး ပြောတဲ့ဟာမျိုးတွေ။ ဗမာပြည် နိုင်ငံရေးအနေအထားက ဒါ ဇာတ်ပေါင်းခန်းကြီး တခုလို ခြေလှမ်းစပျိုးနေပြီလား ဒါမှမဟုတ်ရင် နိုင်ငံတကာက ဖိအားတွေကို ကြောက်လို့ ဒါဟန်ပြလုပ်နေတဲ့ အနေအထား တခုလား ဘယ်လိုမျိုးများ ဖြစ်နိုင်ပါသလဲ။

“ကျနော်တို့က ဒီလိုရှိတယ်လေ။ ဇာတ်ပေါင်းခန်းကြီး သွားနေပြီလို့ ကျနော်တို့က ယူဆလောက်အောင်က သူတို့နဲ့ ကျနော်တို့က တူတာမှ မဟုတ်ဘဲ။ သီးခြားစီပဲ ဟာကြီးကို။ ဦးသိန်းစိန် အစိုးရလို ဟာမျိုးနဲ့ ကျနော်တို့နဲ့ ဘာမှ မတူဘူး။ ကျနော်တို့မှာ သီးခြားပြဿနာတွေ ရှိတယ်။ ဆိုပါတော့ဗျာ အန်အယ်လ်ဒီကို ဘယ်လိုလုပ် ကိုင်တွယ်မှာလဲ၊ ဘယ်လိုထားမှာလဲ ဒီလိုပြဿနာမျိုးကအစ ကျနော်တို့မှာ မတူတာတွေ အများကြီး ရှိနေတယ်။ အဲဒီတော့ မတူကွဲပြားမှုတွေ အများကြီးရှိတဲ့ အခါမျိုးမှာ ဒီလူတွေနဲ့ ကျနော်တို့ ဇာတ်ပေါင်းခန်းသွားတယ် ဆိုတာမျိုးတော့ ကျနော်တို့ကတော့ ပြောလို့မရဘူးလို့ ကျနော်ကတော့ ယူဆတယ်။ မဖြစ်နိုင်ဘူးလို့ ကျနော်ယူဆတယ်။ ဒီဇာတ်လမ်းဟာ သူတို့ဘက်ကနေပြီးတော့ ခြေလှမ်းသစ်တွေ လှမ်းလာတဲ့ ပြုပြင်ရေးလုပ်ငန်းအတွက် ပြောင်းလဲမှုလုပ်ငန်းတွေ လုပ်ပြလာတယ် ဆိုတာလောက်ပဲ အများဆုံးပြောလို့ ရမယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဥပမာဆိုပါတော့ဗျာ သူတို့ရဲ့ နိုင်ငံခြားကလူတွေ ပြန်ခေါ်ရေးဆိုတာ အန်အယ်လ်ဒီမှာ ဆွေးနွေးမယ့်အထဲမှာ ပါတဲ့ကိစ္စပဲ။ အလားတူပဲ ဥပမာ ဆိုပါတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေတို့ ဘာတို့ လုပ်ဖို့ကိစ္စကလည်း အန်အယ်လ်ဒီမှာ ဒီ (agenda) လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ကိစ္စပဲ။ အလားတူပဲ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရေးတို့ဆိုတာ အကုန်လုံးက လုပ်ငန်းစဉ်ထဲမှာ ပါပြီးသားကိစ္စတွေ။ အဲဒီတော့ အန်အယ်လ်ဒီ အဖို့ကတော့ ဒါ လုပ်ငန်းတွေ လုပ်ငန်း ဆက်ပြီးသွားမယ့်ဟာတွေမှာ လုပ်ငန်း တဆင့်ပြီးတဆင့် တိုးလာတယ်လို့ ပြောလို့ရတယ်လို့ ကျနော်တို့ ထင်တယ်။ ဒါ ဇာတ်ပေါင်းခန်းတွေ ဇာတ်မပေါင်းခန်းတွေ အဲဒါတွေ မပါဘူး။ အဲဒီဟာတွေ မရှိဘူး။ အန်အယ်လ်ဒီရဲ့ လုပ်ရမယ့် လုပ်ငန်းတွေက အစီအစဉ်တွေက ချမှတ်ပြီးသား ဖြစ်တယ်။ အဲဒီအစီအစဉ် ချမှတ်တဲ့ဟာတွေ တဆင့်တိုးလာခြင်း ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”

အဲဒီတော့ အန်အယ်လ်ဒီ မှတ်ပုံတင်ရေး ကိစ္စပေါ့လေ၊ အဘလည်း ခုနက ပြောပါတယ်။ မှတ်ပုံတင်ဖို့ကိစ္စက သူတို့ကလည်း မှတ်ပုံတင်ခိုင်းနေတာရှိတယ်။ နောက်တခုကလည်း နိုင်ငံရေးအကျဉ်းသား ကိစ္စပေါ့လေ။ ဒါတွေကလည်း ထင်ထင်ရှားရှားပဲ အန်အယ်လ်ဒီက လိုချင်တယ်ဆိုတာ တိုက်ရိုက်လည်းပြောပြီးသား ကိစ္စတွေ ဖြစ်နေတယ်။ အဲဒီတော့ အခုအနေအထားက အဲဒါတွေလည်း တခုမှ မရှိသေးဘူး၊ စကားလည်းပြောနေတယ်၊ အန်အယ်လ်ဒီကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူးဆိုတော့ အရပ်သားတွေ နားလည်အောင်ဆိုရင် ဒီလက်ရှိ ဒေါ်စုနဲ့ စကားပြောနေတယ် ဆိုတာက ဘာတွေအတွက် စကားပြောနေသလဲ၊ ကျနော်တို့ ဘယ်လောက် သိခွင့်ရမလဲ အရပ်သားတွေက။

“ဒေါ်စုနဲ့ စကားပြောခြင်းကိစ္စဟာ ကျနော်တို့ တိုင်းပြည်မှာ ပြင်စရာတွေက အများကြီး။ ဒီ စစ်အစိုးရအဆက်ဆက် လုပ်လာခဲ့တဲ့အထဲမှာ တိုင်းပြည်အတွက် နစ်နာတဲ့အချက်တွေ၊ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲဖို့ ကောင်းတဲ့ အနေအထားတွေက မြောက်မြားစွာ ရှိတာကိုးဗျ။ မြောက်မြားစွာရှိတော့ ကျနော်တို့က ပြင်လို့ရတဲ့ဟာကို ပြင်ဖို့အတွက် ကျနော်တို့ကလည်း တွန်းနေတာပဲ။ အမှန်အတိုင်းပြောရရင်တော့။ ပြင်လို့ရတဲ့ဟာတွေ ပြင်ဖို့ကို တောင်းနေတာ။ အဲဒါကို ဒီမှာ ဇာတ်ပေါင်းခန်းတွေ ဘာတွေ ဘာမှ မရှိဘူး။ ပြုပြင်ပြောင်းလဲမှု အခြေအနေသစ် တခုကို ဖန်တီးခြင်းပဲ။ အခြေအနေသစ်တခု ဖန်တီးခြင်းဟာ ဒီမိုကရေစီထွန်းကားရေး အတွက်၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက်ကို ဒါ အရေးကြီးတဲ့ အနေအထားတွေဆိုတာ ကမ္ဘာကလည်း အသိအမှတ်ပြုပြီးတော့ ပြောဆိုနေတယ်။ အဲဒီတော့ ကျနော်တို့ ပြောနိုင်တာက ဘာလဲဆိုတော့ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါဆိုပြီးတော့ ကျနော်တို့က တွန်းနေခြင်းဖြစ်တယ်။ သူတို့ဘက်ကလည်း ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများ အပြောင်းအလဲများကို သူတို့ဘက်ကလည်း တဖြည်းဖြည်းနဲ့ လုပ်နေခြင်းဖြစ်တယ်လို့ အဲဒီလိုပဲ ကျနော်က ယူဆပါတယ်။”

အရင် စစ်အစိုးရတုန်းကလည်း ဒေါ်စုနဲ့ တွေ့တာတွေ ရှိတယ်။ အခု သူတို့နဲ့ လုပ်ရကိုင်ရတာ ပိုပြီး ပျော့ပျောင်းမှုတွေ တွေ့နေရတာ အဘတို့ ဘယ်လို ယူဆပါသလဲခင်ဗျ။

“ဒီဟာကတော့ တခု ရှိပါတယ်။ ဟိုတုန်းက ဟာနဲ့ကတော့ သိပ်မတူဘူးဗျ။ ဟိုတုန်းက ဦးအောင်ကြည်နဲ့ ၁၀ ခါ တွေ့ခဲ့တယ်ဗျာ။ အဲဒီ ၁၀ ခါတွေ့ခဲ့တဲ့အထဲမှာ အဲဒါတွေ အကုန်လုံးက ကျနော် တခါတုန်းကလည်း သုံးခဲ့ဖူးတဲ့ စကားရှိပါတယ်။ ဦးအောင်ကြည်ဟာ ဆက်သားလိုပဲ ဒီကစကား ဟိုယူ၊ ဟိုကစကားဒီပို့ ဆိုတဲ့ လုပ်ငန်းလောက်ပဲ လုပ်နေတာ။ သူကလည်း ဘာမှ အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားမှာ မရှိဘူး။ အဲဒီတော့ ကျနော်တို့က ဥပမာဆိုပါတော့ ကျနော်တို့ ရွှေဂုံတိုင်ကြေညာ စာတမ်းမှာ ကျနော်တို့ ပါပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များနဲ့ တွေ့ပါဆိုတဲ့ဟာ ပါပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များဆိုတာ အဲဒီအချိန်တုန်းက ဦးသန်းရွှေပေါ့ဗျာ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ဒါပေမဲ့ အဲဒါတွေက ဆွေးနွေးပွဲတွေ မဖြစ်ခဲ့ဘူး။ ၁၀ ကြိမ်သာ ဦးအောင်ကြည် ကူးသန်းသွားလာပြီးတော့ သွားလာလှုပ်ရှားနေတယ် တွေ့ဆုံဆွေးနွေးရေးက မဖြစ်ခဲ့ဘူး။ အခု ဒီမှာကျတော့ စကားလုံးအသုံးအနှုန်းကိုက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲလို့ ဦးသိန်းစိန် အစိုးရက သုံးနှုန်းတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုတာနဲ့ သုံးတယ်။ ကျနော်တို့ကလည်း ဒါကို နိုင်ငံရေးဆွေးနွေးပွဲလို့ သတ်မှတ်တယ်၊ ယူဆတယ်။ အများကြီးတော့ အပြောင်းအလဲတွေ ပေါ်နိုင်မယ်လို့ ကျနော်တို့ ထင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ စစ်အစိုးရ လက်ထက်တုန်းကတော့ သူကတော့ ဘာလုပ်လုပ် ဘူးခံပြီးတော့ ငြင်းနေတာပဲ။ တွင်တွင်ငြင်းနေတာဆိုတော့ ဘာတခုမှ မဖြစ်ခဲ့ဘူး။ အခု ဒီအစိုးရကျတော့ ပြုပြင်ပြောင်းလဲ ချင်ပါတယ်ဆိုတာ သူတို့အစိုးရအဖွဲ့ စပြီးတော့ ပေါ်ပေါက်တဲ့ အချိန်ကတည်းက ပြောခဲ့တဲ့စကား။ ပြောခဲ့တဲ့ စကားအတိုင်းလည်း အခုလည်း အပြောင်းအလဲများအတွက် လုပ်တယ်ပေါ့ဗျာ။ အဲဒါတွေက လုပ်ပြတာ ဖြစ်တယ်တို့ ဘာတို့ ဆိုတာတွေကတော့ နောက်ပိုင်းမှပါ။ ကျနော်တို့ အဓိပ္ပာယ် ထပ်ပြီးတော့ သုံးသပ်ချက်တွေ ဖော်ထုတ်ရမယ့် ကိစ္စ ဖြစ်တယ်။ ဒါပေမယ့် လောလောဆယ် ကတော့ အခုထက်ထိကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့ ကိစ္စမှာတော့ ဒီတွေ့ဆုံ ဆွေးနွေးပွဲအတွက် ဆိုတာတွေ ပေါ်လာတဲ့ ရလဒ်တွေက ဘာတွေလဲ ဆိုရင် ဒီမိုကရေစီထွန်းကားရေးအတွက် လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ပြတာပဲ ခေါ်ခေါ် ဘာခေါ်ခေါ်ပေါ့ဗျာ အပြောင်းအလဲတွေတော့ ပေါ်ပေါက်လာတယ်။ အခု ဒီမှာ ဒီကနေ့အထိ ဖြစ်ထွန်းလာတဲ့ အခြေအနေဟာ ဒီမိုကရေစီထွန်းကားရေးအတွက် လိုအပ်တဲ့ အပြောင်းအလဲများရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲ ယူဆလို့ ရပါတယ်။”

အဆုံးအဖြတ် ပေးတဲ့ လူအကြောင်းပြောတော့ ဦးသိန်းစိန်ကရော လောလောဆယ် အဆုံးအဖြတ်ပေးနိုင်တဲ့ လူတယောက်အနေနဲ့ အဘ မြင်ပါသလား။

“အဲဒီလိုပဲ ယူဆရမှာပေါ့ဗျာ။ အဆုံးအဖြတ်ပေးနိုင်ခြင်း မပေးနိုင်ခြင်းကတော့ နောက်ထပ် တပိုင်းထပ်ပြီးတော့ စဉ်းစားစရာတွေ ပြောစရာတွေတော့ အများကြီးတော့ ရှိဦးမှာပေါ့။ သို့သော် ဘာပဲပြောပြော သူက အခုက နိုင်ငံတော် သမ္မတဆိုတဲ့လူ ဖြစ်နေတယ်။ အဲဒီကြားထဲက သမ္မတသည် သမ္မတ ဩဇာလည်းမရှိဘူး၊ သမ္မတ ဂုဏ်သိက္ခာလည်း မရှိဘူး၊ သမ္မတရဲ့ စွမ်းရည်သတ္တိ လည်း မရှိဘူး ဆိုရင်တော့ ဒါက သူ့ကိစ္စပေါ့ဗျာ။ သို့သော် ကျနော်တို့ကတော့ ဆက်ဆံတဲ့နေရာမှာတော့ နိုင်ငံတနိုင်ငံမှာ နိုင်ငံရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ သမ္မတ။ ဒီသမ္မတနဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကရပ်ပြီးတော့  ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘယ်ပုံစံနဲ့ ဆင်လဲဆိုတော့ ပြည်သူတွေရဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တဦးအနေနဲ့ ဒါတွေနဲ့ ဆွေးနွေးနေတာ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာက နာမည် ဥပမာဆိုပါတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာနဲ့ ဒါလောက်နဲ့ ကျနော်တို့ ဆွေးနွေးနေတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီအဖွဲ့ချုပ်လို အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး။ ဒီပုဂ္ဂိုလ်အနေနဲ့ ကျနော်တို့ ရပ်တည်ဆွေးနွေးနေတာ သူတို့ဘက်ကလည်း နိုင်ငံတော် သမ္မတဆိုတဲ့ ဂုဏ်ထား သိက္ခာနဲ့ အညီ သူတို့ကလည်း အဒီလိုဘဲ ဆွေးနွေးနေတာ ဖြစ်တဲ့အတွက် ဒီ သမ္မတ စစ်ခြင်းမစစ်ခြင်း၊ သမ္မတဂုဏ်ရည်များ ပြည့်စုံခြင်း မပြည်စုံခြင်း ဆိုတာကတော့ တပိုင်း ထားရလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလိုပဲထင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013