ဘုရားကျောင်းမီးလောင်ပြီး လူသေဆုံးခဲ့မှုအတွက် ကူညီရန် အိန္ဒိယ၀န်ကြီးချုပ် ပြော

အိန္ဒိယ၀န်ကြီးချုပ် မိုဒီ။ (ဓာတ်ပုံ - ရိုက်တာ)
အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ကဲရာလာမီးဘေးကို လိုအပ်သမျှ အားလုံးကူညီဖို့ သူ့အစိုးရက အဆင်သင့်ပဲလို့ ဧပြီ ၁၀ ရက်နေ့က ပြောလိုက်ပါတယ်။ နိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ် ဟိန္ဒူနှစ်သစ်ကူး မီးပွဲတော်မှာ မီးရှူးမီးပန်း ပစ်ဖောက်ရာက ဘုရားကျောင်း မီးလောင်ခဲ့လို့ လူအယောက် ၁၀၀ လောက် သေဆုံးခဲ့တာပါ။ ဒဏ်ရာပြင်းထန်တဲ့ လူနာတွေကို မွမ်ဘိုင်းကို ပြောင်းဖို့လိုရင် ပြည်ထောင်စုအစိုးရက ချက်ချင်း စီစဉ်ပေးမယ်လို့ ကဲရာလာပြည်နယ် ဝန်ကြီးချုပ်ကို ပြောပြီးပြီလို့ ပြည်နယ်ရဲ့ မြို့တော် သီရူဗာနံသပူရမ် ဆေးရုံမှာ မိုဒီက ပြောပါတယ်။ မီးနဲ့ မီတာ ၂၀၀ အကွာက လူတွေပါ မီးတောက်ကြောင့် ဒဏ်ရာရခဲ့လို့ ဘယ်လောက် ပြင်းထန်လဲဆိုတာ နားလည်တယ်လို့လည်း သူက ပြောပါတယ်။ ကမ်းရိုးတန်းခရိုင် ကိုလမ်က ပွတ်တင်းဂယ်လ်ဒေဝီ ဘုရားကျောင်းမှာ ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေ စုရုံးခဲ့ပြီး သန်းခေါင်ကနေ မနက် ၄ နာရီထိ ကျင်းပတဲ့ မီးရှူးမီးပန်းပွဲကို လာကြည့်ခဲ့တာပါ။ မီးပန်းတခုက မီးရှူးမီးပန်းပစ္စည်းတွေ သိုလှောင်ထားတဲ့ နေရာပေါ် ကျခဲ့လို့ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ပါတယ်။ ဘုရားကျောင်း အုပ်ချုပ်ရေးရုံးအမိုး ပွင့်ထွက်ခဲ့ပြီး အနားက အဆောက်အဦလည်း ပြိုကျခဲ့ပါတယ်။ ကဲရာလာပြည်နယ်မှာ ချမ်းသာပြီး သြဇာကြီးတဲ့ ဘုရားကျောင်းတွေ ပေါများလို့ တခါတရံ ဒေသခံ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန် ဆောင်ရွက်လေ့ ရှိပါတယ်။ နှစ်စဉ် ဘုရားကျောင်းတွေက မီးရှူးမီးပန်းပြိုင်ပွဲတွေ ကျင်းပပြီး အလှဆုံး မီးပန်းဖောက်တဲ့ ကျောင်းကို ဒိုင်တွေက ဆုံးဖြတ် အနိုင်ပေးလေ့ရှိပါတယ်။ ဘုရားကျောင်းနားမှာ နေတဲ့လူတွေက အရင်ကလည်း မီးပန်းတွေရဲ့ အန္တရာယ်ကို တိုင်ကြားဖူးတယ်လို့ ကိုလမ်ခရိုင် အုပ်ချုပ်ရေးမှူး အေ ရှိန်းနာမိုက ပြောပါတယ်။ ကဲရာလာ ပြည်ထဲရေးဝန်ကြီးက သေဆုံးသူ အယောက် ၁၀၀ ထဲက ၆၀ ဟာ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီးပြီလို့ ပြောပါတယ်။ ပြည်နယ်နဲ့ ပြည်ထောင်စု ဆေးရုံတွေမှာ တက်ရောက်ကုသနေရတဲ့ လူဦးရေ ၃၈၃ ဦးထိ တိုးလာခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

More News
Up