DVB Logo
Home
သုံးသပျခကျြ
ဂန္ဒီကြောင့် ကမ္ဘာကြီးပြောင်းလဲသွားသလား
DVB
·
August 19, 2011
ဂန္ဒီကြောင့် ကမ္ဘာကြီးပြောင်းလဲသွားသလား
1 / 8
Donate to DVB

ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး​ ဆုရှင်ဖြစ်တဲ့ တရုတ်အတိုက်အခံ လျူရှောင်ဘို၊ အကျဉ်းချခံနေရလို့ ဆုချီးမြှင့်ပွဲကို မတက်ရောက်နိုင်ဘူး​ ဆိုတော့ နိုဘယ်လ်ငြိမ်းချမ်းရေး တခါမှ မရသွားရှာတဲ့ မဟတ္တမ္မ ဂန္ဒီအကြောင်း ပြန်သုံးသပ်ဖို့ ကောင်းပါတယ်။ နိုဘယ်လ်ဆုမရတာက လွဲလို့ ကမ္ဘာကြီးမှာ ဂန္ဒီ ဘယ်လောက် အရေးပါသလဲဆိုတာ မေးနေဖို့တောင်​ မလိုပါဘူး။ လျူရှောင်ဘိုအတွက်လည်း ဂန္ဒီက အရေးကြီးမှာပါပဲ။

[caption id="attachment_14392" align="alignleft" width="210" caption="လျူရှောင်ဘို"][/caption]

ဒီနေ့ခေတ်မှာ ဂန္ဒီဓာတ်ပုံနဲ့ ကြော်ငြာတွေကလည်းး Apple ကွန်ပျူတာကနေ၊ Mont Blanc ဖောင်တိန်တွေ အထိပါပဲ။ ၁၉၈၃ တုန်းက Richard Attenborough ဆိုတဲ့ ဒါရိုက်တာရိုက်ကူးပြီး အော်စကာဆုတွေ သိမ်းကျုံးယူသွားခဲ့တဲ့ ဂန္ဒီအကြောင်း ရုပ်ရှင်ပိုစတာမှာ ဒီလိုရေးထားပါတယ်။

“ဂန္ဒီ -- ကမ္ဘာကြီးကို ရာသက်ပန် ပြောင်းလဲပေးလိုက်သူ၏ အောင်ပွဲ”

တကယ်ပဲ ဂန္ဒီက ကမ္ဘာကြီးကို ရာသက်ပန်ပြောင်းလဲပေးခဲ့ပါသလား။

ဒီကိစ္စနှင့် ပတ်သက်လာရင် အမေရိကန် ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာအကြောင်း ပြောစရာ ဖြစ်လာပါတယ်။ မာတင်လူသာကင်းဟာ မဟတ္တမ္မဂန္ဒီ အကြောင်း ကျောင်းသင်ခန်းစာကို တချိန်တက်ခဲ့ဖူးပြီး၊ ဂန္ဒီအကြောင်းရေးထားတဲ့ စာအုပ် ဒါဇင်ဝက်လောက် ၀ယ်ခဲ့ပါတယ်။ ဒါ့အပြင် ဂန္ဒီရဲ့ သစ္စာဂြဟ လှုပ်ရှားမှုကို နည်းယူပြီး အမေရိကန် ပြည်ထောင်စုတောင်ပိုင်းက အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး တိုက်ပွဲမှာ လက်တွေ့ အကောင် အထည်ဖော်လိုက်တာ အိန္ဒိယနိုင်ငံရဲ့ အပြင်ဘက်မှာတော့ သူ့ရဲ့ အကြမ်းမဖက် တိုက်ပွဲအောင်မြင်မှုကို ဘယ်သူမှ လိုက်မမီခဲ့ပါဘူး။

ဂန္ဒီက လူတွေစိတ်ထဲ စွဲကျန်သွားလောက်အောင် “အမုန်းတရားက နောက်ထပ် အမုန်းမီးကိုပဲ ပွားစေလိမ့်မယ်၊ အကြမ်းဖက်မှုဟာလည်း နောက်ထပ် အကြမ်းဖက်မှုကိုပဲ မွေးဖွားပေးလိမ့်မယ်”

ဒါကြောင့် “အမုန်းအင်အားကို နှလုံးရည်နှင့် ရင်ဆိုင်ကြ” လို့ ဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ မာတင်လူသာကင်းက “ဂန္ဒီရဲ့ အကြမ်းမဖက်အာခံနည်းဟာ ကျွန်ုပ်တို့ လှုပ်ရှားမှုရဲ့ လမ်းပြအလင်းရောင်” လို့ အတိအလင်းဝန်ခံခဲ့ပါတယ်။

[caption id="attachment_14394" align="alignright" width="279" caption="မာတင်လူသားကင်း​"][/caption]

“ခရစ်တော်က ၀ိညာဉ်နဲ့ စိတ်ဓာတ်အင်အားကို ပေးတယ်။ ဂန္ဒီကတော့ နည်းလမ်းကို ပေးတယ်”  လို့ ဆိုပါတယ်။ နိုဝင်ဘာလက အိန္ဒိယပါလီမန်မှာ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားကလည်း ဂန္ဒီသာ မပေါ်ခဲ့ရင် သူလို လူမည်းတယောက် အမေရိကန်သမ္မတ အနေနဲ့ အိန္ဒိယ ပါလီမန်ထဲမှာ ခြေချခွင့်ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီလိုဆိုတော့ အမေရိကန်နိုင်ငံမှာ အပြောင်းအလဲကြီးပြောင်းလဲသွားအောင် ဂန္ဒီဝါဒက အထောက်အပံ့ ပေးခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဂန္ဒီဝါဒရဲ့ အောင်မြင်မှုနဲ့ပတ်သက်လို့ တခြား ဥပမာတွေကို ရှာဖွေဖို့ ခက်ခဲပါတယ်။ အိန္ဒိယလွတ်လပ်ရေးဟာ ကိုလိုနီစနစ်ပြိုကျမှုရဲ့နိဒါန်း ဖြစ်ခဲ့တာ မှန်ပေမယ့် တခြားနိုင်ငံတွေဟာ အင်ပါယာရဲ့ ထမ်းပိုးအောက်ကနေ သွေးထွက် သံယိုနည်း၊ အကြမ်းဖက်တိုက်ပွဲနည်းတွေနဲ့သာ ရုန်းထွက်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှာ တခြားနိုင်ငံက ပြည်သူတွေဟာ နယ်မြေကျူးကျော်လာတဲ့ တပ်တွေရဲ့ စစ်ဖိနပ်တွေအောက် ကျရောက်ခဲ့ကြ၊ ကိုယ့်ပိုင်နက်မြေတွေ ဆုံးရှုံး၊ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ပြီး ကြောက်လန့် ထွက်ပြေးခဲ့ကြရပါတယ်။ အကြမ်းမဖက်နည်းက ဘာတခုမှ ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။

တကယ်တော့လည်း အကြမ်းမဖက်နည်းဆိုတာဟာ သိက္ခာစောင့်စည်းတဲ့ အာဏာပိုင်တွေကို ရင်ဆိုင်တဲ့ အခါမျိုးမှာမှ အလုပ်ဖြစ်တာမျိုးပါ။ ဆိုလိုတာက ပြည်တွင်းနဲ့ နိုင်ငံတကာကို အလေး ထားတဲ့ အစိုးရမျိုးတွေနဲ့ ရင်ဆိုင်တဲ့အခါမျိုးမှာ သူတို့တွေ ရှက်ရွံ့ပြီး၊ အရှုံးကို လက်ခံသွားတာမျိုးပါ။ ဂန္ဒီတို့ရဲ့ ခေတ်မှာပဲ၊ ဟစ်တလာရဲ့ ဂျူးသုတ်သင်ရေးကို အကြမ်းမဖက်နည်းက ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။

[caption id="attachment_14395" align="alignleft" width="192" caption="နယ်ဆင်မန်ဒယ်လ်လား"][/caption]

ဂန္ဒီဝါဒ အကြမ်းမဖက်နည်းရဲ့ အင်အားဆိုတာက “ခင်ဗျား မှားတယ်ဆိုတာကို သက်သေပြဖို့၊ ကျုပ်ကိုယ်ကျုပ် အပြစ်ပေးတယ်”ဆိုတဲ့ နေရာမှာပဲ ရပ်တန့်သွားတယ်။ ဒါပေမယ့် အစကတည်းက  မှန်၏၊ မှား၏ စိတ်မ၀င်စားဘဲနဲ့ ကိုယ့်ကို “ချ” ဖို့ လုပ်နေတဲ့ လူမျိုးကို ရင်ဆိုင်တဲ့အခါမျိုးမှာ သူတို့ရဲ့ ရည်မှန်းချက်တွေ မြန်မြန်ပေါက်မြောက်ဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်လို့ ဂန္ဒီကို အမြဲတမ်း လေးစားအား ကျခဲ့ရတယ်လို့ဆိုတဲ့  နယ်ဆင်မန်ဒယ်လ်လားက တောင်အာဖရိကရဲ့ အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးတိုက်ပွဲမှာ အကြမ်းမဖက်နည်းက ထိရောက်မှုမရှိခဲ့ဘူးလို့ ကျနော့်ကို ခပ်ရှင်းရှင်းပြောခဲ့တဲ့ အပေါ်မှာ မအံ့ဩတော့ပါဘူး။

တကယ်တော့ ဂန္ဒီရဲ့ နည်းက အတော်လေးကို လက်တွေ့မကျတာပါ။

“ဘုရားဟောမဟုတ်၊ လူသားဝါဒကလက်မခံသော လူပါးဝစော်ကားမှုကို ရင်ဆိုင်ဖို့ အပြစ်ကင်းစွာ အနစ်နာခံပေးဆပ်မှုသည် အကြီးမားဆုံး အင်အားဖြစ်တယ်။ ယဉ်ယဉ်ကျေးကျေး၊ ရိုးရိုးသားသား၊ လေးလေးစားစား၊ ထိန်းထိန်းသိမ်းသိမ်း၊ ရန်မလိုသော အမိန့်မနာခံမှုမှာ မစ္ဆိရိယနှင့် အမုန်းစိတ်တွေ မပါစေနှင့်။ မတရားသော ဥပဒေအာဏာကို ဖီဆန်သောအခါမှာ စိတ်လှုပ်ရှားမှုတွေမပါမှ ကြုံရမယ့် ဒုက္ခတွေအတွက် ခံနိုင်ရည်မွေးပြီးသားဖြစ်မည်”လို့ ဟောပါတယ်။

ဖိနှိပ်တဲ့ အစိုးရအောက်မှာ ခံစားနေရတဲ့ ကမ္ဘာတလွှားက ပြည်သူတွေအတွက်တော့ ဒီလို သူတော်ကောင်းကျင့်စဉ်က ဘာမှ အသုံးမတည့်လှပါဘူး။ ကြိတ်မှိတ်သည်းခံဆိုတဲ့နည်းကတော့ ကိုယ်ကျင့်သီလ အရတော့ ကောင်းပါတယ်။ ဒီနည်းနဲ့ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ ဖြစ်မယ်ဆိုရင် အသုံးပြုနိုင်ပါတယ်။

စိတ်မကောင်းစရာ​ အမှန်တရားကတော့ အကြမ်းဖက်နည်းနဲ့ အာဏာရတာဟာ အကြမ်း မဖက်နည်းနဲ့ ရတာထက်ကို ပိုများပါတယ်။ ဂန္ဒီက “ တဖက်လူရဲ့ အမှားကို စိတ်ရှည်သည်းခံ၊ ကိုယ်ချင်းစာ​ တရား၊ အနစ်နာခံမှုနဲ့ တည့်မတ်ပေးလိုက်ပါ” လို့ ဟောတယ်။ ဒီနည်းနဲ့ မြန်မာပြည်မှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အနစ်နာခံကြိုးပမ်းနေပေမယ့် အပြောင်းအလဲ​ အတွက် လှုံ့ဆော်မှု​ ဖြစ်မလာဘဲ အပြောင်းအလဲကို ကာကွယ်တဲ့ အစိုးရရဲ့ အကြမ်းဖက်မှုတွေပဲ ပိုအားကောင်းလာတာကို တွေ့နေရပါတယ်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ မွန်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုလိုမျိုး အိန္ဒိယမှာလည်း နယ်စပ်ကျော် အကြမ်းဖက်မှု အန္တရာယ် ရှိနေပါတယ်။ ဒီကိစ္စမှာ​ မဟတ္တမ္မနည်းအတိုင်း ကိုယ်က ဥပုသ်စောင့်ရင်း ကန့်ကွက်နေရင် ဒုစရိုက်သမားတွေက ဘာမှ မှုမှာမဟုတ်ပါဘူး။

နိုင်ငံတကာဝါဒနဲ့ ပတ်သက်လို့ မဟတ္တမ္မဂန္ဒီရဲ့ စံနမူနာတွေကို လက်မခံသူ မရှိသလောက်ပါ။ ဒါပေမယ့် ဂန္ဒီကွယ်လွန်သွားပြီးနောက်ပိုင်း ဆယ်စုနှစ်တွေ အတွင်းမှာ ပဋိပက္ခကင်းတဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုလို့ မရှိခဲ့ပါဘူး။ ဂန္ဒီကွယ်လွန်ပြီး နောက်ပိုင်းနှစ်တွေမှာ လူသန်း ၂၀ ဟာ စစ်ပွဲတွေ၊ ဆူပူအုံကြွမှုတွေ အတွင်းမှာ အသက်ဆုံးသွားကြပါတယ်။ ဒီလို တုန်လှုပ်ချောက်ချားစရာ နိုင်ငံတွေထဲမှာ ဂန္ဒီကြီးရဲ့ အိန္ဒိယလည်း ပါတာပေါ့။ ကမ္ဘာပေါ်မှာ အစိုးရတွေရဲ့ စစ်အသုံးစရိတ်ဟာ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ နှစ်ရပ်ပေါင်းထက် ပိုများနေတယ်။ သိုမှီးထားကြတဲ့ နျူးကလီးယား လက်နက်တွေကို ဖောက်ခွဲလိုက်ရင် ဂန္ဒီကြီး အတော်ဝမ်းနည်းကြေကွဲခဲ့ရတဲ့ ဟီရိုရှီးမားမြို့ ပေါက်ကွဲစဉ်တုန်းကထက်  အဆပေါင်း တသန်းမက ပြင်းထန်သွားပါလိမ့်မယ်။

အိန္ဒိယမှာရော၊ တခြားမှာပါ ဂန္ဒီနည်းကို အကြမ်းဖက်သမားတွေ၊ ဗုံးဖောက်ခွဲရေးသမားတွေက ဖောက်လွဲဖောက်ပြန်သုံးပြီး သူတို့ရဲ့ ဒုစရိုက်မှုတွေကို အပြစ်ပေးတဲ့အခါမှာ အစာငတ်ခံတယ် ဆိုပြီး သံကောင်းဟစ်ကြတယ်။ ဂန္ဒီဝါဒမှာ ကိုယ်ကျင့်သီလကို စွန့်ပစ်လိုက်ရင်၊ မာ့စ်ဝါဒမှာ ပစ္စည်းမဲ့ကို စွန့်ပယ်လိုက်တာနဲ့ အတူတူပါပဲ။ ဒါပေမယ့်လည်း တကမ္ဘာလုံးမှာ ဂန္ဒီနည်းကို အသုံးပြုတဲ့ အင်မတန်နည်းတဲ့ လူတွေကတော့ ပုဂ္ဂလိက ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်ပိုင်းမှာ ကျော်ဇောကြပါတယ်။

ဒီလို လမ်းလွဲမှုတွေ၊ သံသယတွေကြောင့် ဂန္ဒီရဲ့ ကြီးကျယ်မှု၊ အံ့မခန်းတဲ့ သူ့ရဲ့ အရှိန်အ၀ါ၊ သူ့ရဲ့ တရားတွေက တန်ဖိုးလျှော့မသွားပါဘူး။ ကမ္ဘာကြီးမှာ ဖက်ဆစ်ဝါဒ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေနဲ့ အစိတ်အမွှာမွှာဖြစ်နေတဲ့ အချိန်မျိုးမှာ ဂန္ဒီက သစ္စာတရား၊ သုစရိုက်၊ အကြမ်းမဖက်မှု၊ ငြိမ်းချမ်းရေး​ တရားတွေကို​ သင်ကြားပေးခဲ့ပါတယ်။ နယ်ချဲ့ဝါဒကို အမှန်တရားရဲ့ အင်အားနဲ့ ဆန့်ကျင် ဖျက်စီးပစ်နိုင်ခဲ့ပါတယ်။ သူရသတ္တိ၊ ယုံကြည်မှုအရာမှာ သူမတူအောင် စံပြဖြစ်ခဲ့ပါတယ်။ သူဟာ နောက်လိုက်တွေရဲ့ မပြည့်ဝမှုထဲမှာပဲ ပိတ်မိမနေတဲ့ ရှာမှ ရှားတဲ့ ခေါင်းဆောင်မျိုးဖြစ်ပါတယ်။

ဒါပေမယ့် ဂန္ဒီရဲ့ သစ္စာတရားဟာ သူ့ကိုယ်ပိုင်ပါ။ သူ့ရဲ့ ကိုယ်ပိုင် ထူးခြားချက်၊ ထူးခြားတဲ့ အခြေအနေ၊ ထူးခြားတဲ့ သမိုင်းနောက်ခံမှာ သူ့ဝါဒရဲ့ လက်တွေ့ အသုံးဝင်မှုကို မှတ်ကျောက်တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ ဂန္ဒီရဲ့ ကြီးကျယ်မျိုးမှု၊ သူ့ရဲ့ လွှမ်းမိုးမှုမျိုးက လိုက်မီဖို့ မလွယ်တော့ပါဘူး။

ယနေ့ခေတ်မှာ ဂန္ဒီရဲ့ မူလ အတွေးအခေါ်၊  သူ့ဘ၀နမူနာမျိုးကို  လေးစားအားကျသူတွေ ထဲမှာ လျူရှောင်ဘိုလည်း တယောက်ပါနေပါလိမ့်မယ်။ ဒါပေမယ့် ဂန္ဒီရဲ့ အောင်မြင်မှုဟာ ကမ္ဘာကြီးကို ထာဝရ ပြောင်းလဲပေးခဲ့တာတော့ မဟုတ်တန်ရာပါဘူး။ ဒီနေ့ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို စစ်တမ်း ကောက်ကြည့်လိုက်ရင်ပဲ မဟတ္တမ္မဂန္ဒီ ကိုယ်တိုင်က သူရဲ့ အကြမ်းမဖက်နည်း အောင်မြင်ခဲ့တယ် ဆိုတာကို ခံစားမိပါ့တော့မလားလို့ ကျနော် ဆင်ခြင်မိပါတယ်။

စာရေးသူ​ - Shashi Tharoor - သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ ထွေထွေ အတွင်းရေးမှူးချုပ်၏ လက်ထောက်တဦးအဖြစ် တာဝန်ထမ်းဖူးပြီး၊ လက်ရှိ အိန္ဒိယပါလီမန် အမတ်၊  ဂျာမန်ဘာသာဖြင့် နောက်ဆုံးထုတ် Nehru: the Invention of India  စာအုပ်အပါ အ၀င် စာအုပ်ပေါင်းများစွာ​ ရေးသားခဲ့သူ​ ဖြစ်ပါသည်။ ယခု ဆောင်းပါး The Dissident and the Mahatma ကို ၂၀၁၀ ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲနှင့် www.project-syndicate.org  မှာ ဖော်ပြခဲ့ပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013