ဦးနေမျိုးဇင်နှင့် နော်အုန်းလှတို့ လွတ်မြောက်ပြီ
DVB
·
April 8, 2016

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင် အပါအ၀င် တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်တို့ အားလုံးကို ပုဒ်မ ၄၉၄အရ တရားရုံးက လွှတ်ပေးလိုက်တယ်လို့ ကာယကံရှင်ဖြစ်တဲ့ ဦးနေမျိုးဇင်က ပြောပါတယ်။
“ခုပဲ လွှတ်မိန့်ပေးလိုက်တယ်။ တောင်ညွန့်မှာ ဆွဲထားတဲ့အမှုတွေကတော့ ပိတ်သိမ်းလိုက်ပြီ။ ပန်းဘဲတန်းတရားရုံးကို အခုသွားရမယ်။ အဲ့ဒီက လွှတ်မိန့်ယူပြီး ထောင်ပြန်ရမယ်ဗျ။ ထောင်ပြန်ရောက်ပြီးတော့မှ ကျထားပြီးသား အပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ စာရွက်စာတမ်း ရောက်နေတယ်။ လွှတ်မိန့်ပေးတယ်ဆိုရင်တော့ ကျနော်တို့ ချက်ခြင်း ပြန်ထွက် လာမှာပေါ့။”
သူနဲ့အတူ ဒီနေ့ရုံးထွက်ပါလာတဲ့ မမီးမီး၊ နော်အုန်းလှနဲ့ ကိုတင်ထွဋ်ပိုင်တို့ အားလုံးကို အမှုက ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်တရားရုံးက ပြောလိုက်တယ်လို့ လည်း ပြောပါတယ်။
ဦးနေမျိုးဇင်တို့ကို ၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးခဲ့ရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ မြို့နယ်အတော်များများကနေ တရားစွဲဆိုပြီး ထောင်ဒဏ်တွေ ချမှတ်ထားတာဖြစ်ပါတယ်။
ပုဒ်မ ၄၉၄ အရ မည်သည့်အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သောအမှုများတွင် စီရင်ချက်မချမီ လူတယောက်ကို ၎င်းအပေါ်စွဲဆိုထားသောအမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာစစ်ဆေးနေသည့်ပြစ်မှုများအနက် ပြစ်မှုတရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ ပြစ်မှုများနှင့် စပ်လျဉ်း၍ဖြစ်စေ တရားရုံးရဲ့ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။