Home
မေးမြန်းခန်း
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ စိစစ်ဆောင်ရွက်နေဆဲပါ- ဦးဇော်ဌေး
အေးနိုင်
·
April 8, 2016
နိုင်ငံရေးအကျဉ်းသားလွတ်ရေးအတွက် နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်ရတဲ့ ကျောင်းသူကျောင်းသားတွေ လွတ်မြောက်ရေးကို ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်အပြီး ညနေပိုင်းမှာ စတင်ဆောင်ရွက်တာလို့ သူက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားကူညီစောင်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်ရှိပြီး နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ခန့်ရှိတယ်လို့သိရပါတယ်။ ဦးဇော်ဌေးကို ဒီဗွီဘီက ဧပြီ ၈ ရက် ၁၁ နာရီမှာ တယ်လီဖုန်းနဲ့ မေးမြန်းပါတယ်။ မနေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ပြန်ချက်အပြီးမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် နိုင်ငံတ၀န်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၄၀၀၀ လောက်လွတ်မယ်လို့ ထင်ကြေးတွက်ဆပြောဆိုမှုတွေထွက်ပေါ်ခဲ့တယ်။ မိသားစုဝင်တွေလည်း ကြိုနေကြပြီ။ အဲဒီသတင်း ဘယ်လောက်အခြေအမြစ်ခိုင်သလဲခင်ဗျ။ “ကျနော်တို့သိတာကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ကြေညာချက်ပေါ့လေ၊ အဲဒီမှာ ပြောထားပြီး သား နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီးတော့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူကျောင်းသားတွေ အဲဒါအတွက် လုပ်မယ်ဆိုပြီးတော့ လုပ်နည်းတွေ ပြောထားတယ်။ နှစ်သစ်ကူးအခါသမယမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ဆက်နွှယ်ပြီးတော့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူကျောင်းသားတွေ လွတ်မြောက်ရေးအတွက် ဒီနည်းလမ်းများကို အသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ပါတယ်။ အခုလောလောဆယ် ကျနော်တို့ သိသလောက်ကတော့ အဲဒါကို ဆောင်ရွက်နေပြီပေါ့နော်။ “ဆောင်ရွက်နေပြီဆိုတာက တရားရုံးမှာ အမှုရင်ဆိုင်တဲ့ ကိစ္စကကျတော့ ကျနော်တို့ က တရားသူကြီးရဲ့ တရားခွင်ရောက်သွားပြီပေါ့နော်။ ရောက်သွားတော့ တရားခွင်မှာ ဥပဒေအရဘာလုပ်ရမလဲဆိုတော့ အဲဒါကို စွဲဆိုထားတာ နိုင်ငံတော်ကနေ ကိုယ်စားပြုပြီး စွဲဆိုထားတာပေါ့နော်။ စွဲဆိုထားတော့ အဲဒီတရားရုံးမှာ ပြန်ပြီးတော့ နိုင်ငံတော်ကနေ အဲဒီအမှုကို ပိတ်သိမ်းရမယ်။ ပိတ်သိမ်းဖို့၊ ရုပ်သိမ်းဖို့အတွက် နိုင်ငံတော်ရဲ့ ကိုယ်စားလုပ်ရမယ်။ လုပ်ပြီးတာနဲ့ တရားရုံးခွင့်ပြုချက်ကို တရားရုံးက အမှုကို ပိတ်သိမ်းပြီးတော့ ပလပ်မယ်။ ပလပ်တဲ့အခါကျရင် တရားလိုဘက်က ပြန်ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေနဲ့အညီ ပြန်ရုပ်တာ။ ရုပ်တဲ့အခါမှာ တရားသူကြီးခွင့်ပြုချက်နဲ့ကျနော်တို့က ရပ်သွားမှာပေါ့။ အဲဒါက တနည်း။ “နောက်တနည်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (က)။ သူက amnesty (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်) မဟုတ်ဘူး။ သူ့ရဲ့လက်ကျန်ပြစ်ချက်ကို လျော့ပေါ့ပြီးတာ။ လျော့ပေါ့ပေးလိုက်တဲ့အချိန်မှာ သူက လွတ်သွားမှာပေါ့နော်။ အဲဒါကို ကျနော်တို့က လုပ်နေတယ်။ လုပ်နေတော့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်အတိုင်း နိုင်ငံရေးအကျဉ်းသားနဲ့နိုင်ငံရေးနဲ့ဆက်နွှယ်သူတွေ၊ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ကျောင်းသားကျောင်းသူတွေ အဲဒီသူတွေနဲ့ပတ်သက်ပြီး ကျနော်တို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ လွှတ်ပေးနိုင်ဖို့လုပ်နေတယ်။ ဆောင်ရွက်ဆဲပဲရှိသေးတယ်။” မနက်ဖြန်ဆိုရင် ရုံးပိတ်ရက်တွေကလည်း စတယ်ဆိုတော့ ဒီဖြစ်စဉ်က သင်္ကြန်မတိုင်ခင်ဖြစ်ပါ့မလား။ “အဲဒါ ကျနော်တို့ On Going ဆောင်ရွက်ဆဲပေါ့နော်၊ ဆောင်ရွက်နေတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆောင်ရွက်နေတယ်။ အခု လိုလားချက်ကတော့ အဲဒါပဲ၊ အဲဒါကို ကျနော်တို့က ဘယ်လိုပြောရမလဲ ပြောလို့မရဘူးပေါ့နော်။ အမြန်ဆုံးတော့ လွတ်အောင် ကြိုးစားနေတယ်။” ကျနော် ပြည်ထဲရေးဝန်ကြီးဌာနကို မေးတော့ ပြောပိုင်ခွင့်မရှိဘူး အင်းစိန်ထောင်ကိုမေးဖို့ ပြောတယ်။ သမ္မတရုံးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအကြား ဘယ်လောက်ထိအောင် ဆက်စပ်ပြီး အလုပ်လုပ်နေကြသလဲသိပါရစေ။ “အဲဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ မနေ့က ပြည်ထဲရေးက တာဝန်ရှိသူတွေခေါ်ပြီး အဓိက နံပါတ် ၁ က စိစစ်မယ်။ စာရင်းပေါ့နော်။ နိုင်ငံရေးအကျဉ်းသားစာရင်းဝင် ပုဂ္ဂိုလ်တွေပေါ့နော် အဲဒီလူတွေကို အဓိကထားတယ်။ ဒုတိယက ခုနပြောတဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ ကျောင်းသားတွေ အဓိကထားမယ်။ အဲဒါပဲ။ အခုအချိန်ရှိ လို့လေ သင်္ကြန်မတိုင်ခင်၊ သင်္ကြန်ပိတ်ရက်မှာ လွတ်မယ့်သူတွေ ကြိုလွှတ်ထားတာခြင်း ဖြစ်တယ်။ အဲဒါက သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ တရားရုံးအမှု ရုပ်သိမ်းတာနဲ့က ကျနော်တို့က ဆောင်ရွက်ဆဲပဲရှိတယ်။ အဲဒါတွေနဲ့ မဆိုင်သေးဘူး။” နိုင်ငံရေးအကျဉ်းသားမိသားစုတွေက သာယာဝတီထောင်မှာ သွားစောင့်နေကြတာလေ။ “မဟုတ်ဘူး အဲဒီသတင်းက ကျနော်တို့ကို မနေ့ကတည်းက ရတယ်။ ကျနော်တို့ ကွန်ဖန်း (အတည်ပြု) မပေးနိုင်ဘူး။ ကျနော်တို့က လုပ်နေတုန်းပဲရှိတယ်။ ဟိုလွှတ်တာက သူ သင်္ကြန်မတိုင်ခင်၊ သင်္ကြန်ပိတ်ရက်တွေမှာ လွတ်ရက်စေ့မယ့်သူတွေရှိတယ်။ အဲဒီလူတွေ လွှတ်တာကို ဘယ်ကနေ ဘယ်လိုသတင်းထွက်သွားလည်းမသိဘူး။ ကျနော်တို့တော့ မပြောဘူးဗျ။” ဒီနေ့က ဧပြီ ၈ ရက်နေ့ သင်္ကြန်က ၁၃ ရက်နေ့ဆိုတော့ သမ္မတရုံးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတို့က သင်္ကြန်တွင်းရုံးပိတ်တယ်မဟုတ်လား။ ဒီဖြစ်စဉ်ကို ဆက်လုပ်မလား။ “ရုံးပိတ်ရက်ရှိသော်လည်းပဲ ကျနော်တို့မှာက လုပ်ငန်းတာဝန်တွေ ဆက်လုပ်နေမယ်။ တရားရုံးတွေကလည်း ရုံးပိတ်ရက်မှာလည်း တရားရုံးတွေဖွင့်လှစ်ပြီးတော့ လုပ်တဲ့ဟာတွေ နှစ်တိုင်းနှစ်တိုင်းလုပ်လေ့ရှိတယ်။ ဆိုလိုတာက ဒီဟာကြီးက ရပ်မသွားပါဘူး။ ” နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာမယ်လို့မျှော်လင့်သူတွေကို ဦးဇော်ဌေး ဘာပြောနိုင်မလဲ။ “ပြောနိုင်တာကတော့အခု ကျနော်တို့နည်းလမ်း ၂ ခုနဲ့လုပ်မယ်။ လုပ်တဲ့ဟာက ၂၀၄ ကနဲ့လုပ်မယ်။ နောက်နည်းလမ်းတခုက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၄၉၄ အရ တရားလိုက ပြန်ပြီးပိတ်သိမ်းတဲ့ဟာ တရားရုံးရဲ့ခွင့်ပြုချက်ယူပြီးလုပ်ရတာ။ ပြန်လွှတ်ပေးမယ့်သူတွေက နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူကျောင်းသားတွေ အဲဒီလွတ်မြောက်ရေးအဓိက ပြန်လွှတ်ပေးဖို့ လုပ်နေပါတယ်။” မနေ့ကတည်းက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တွဲပြီး ဒီလွတ်မြောက်ရေးလုပ်နေတယ်ပေါ့နော် အချုပ်အားဖြင့်။ “ဟုတ်တယ် လုပ်နေပြီ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024