ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးများ ကျမ်းသစ္စာကျိန်ဆို

ဒီနေ့ မနက်က ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။ အစိုးရအဖွဲ့ဝင်တွေအဖြစ် အဆိုပြုခန့်အပ်ခံရတဲ့ ၀န်ကြီး ၅ ဦးနဲ့ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီးနောက် ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးတွေ ပြီးဆုံးသွားခဲ့ပါတယ်။ အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်ဦးညီပု၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးအဖြစ် ရခိုင်အမျိုးသားပါတီမှ ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးကျော်လွင်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် စီမံကိန်းဦးစီးဌာနအငြိမ်းစား ညွှန်ကြားရေးမှူး ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမင်းအောင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဆည်မြောင်းဦးစီးဌာနမှ အငြိမ်းစားဦးစီးအရာရှိ ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် ငှက်ဖျားတိုက်ဖျက်ရေး အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာချမ်းသာတို့ ပါဝင်ပါတယ်။ ပြည်နယ်ဥပဒေချုပ်အဖြစ်၊ ရှေ့နေချုပ်ရုံး အငြိမ်းစားဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်လှထွန်းနဲ့ စာရင်းစစ်ချုပ်အဖြစ် စာရင်းစစ်ချုပ်ရုံး၊ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ယဉ်လှတို့က ဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၇ ခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁ ဦး၊ ပြင်ပမှ ပညာရှင် ၂ ဦးတို့ပါဝင်ပြီး၊ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်မှာလည်း ပြင်ပပညာရှင်တွေ ဖြစ်ပါတယ်။ (သတင်း၊ ဓာတ်ပုံ - ကိုအောင်)  

More News
Up