DVB Logo
Home
မြန်မာသတင်း
သမ္မတပြည်တော်ပြန် မိန့်ခွန်း ပြည်ပရောက် အတိုက်အခံများ ဝေဖန်
DVB
·
August 18, 2011
သမ္မတပြည်တော်ပြန် မိန့်ခွန်း ပြည်ပရောက် အတိုက်အခံများ ဝေဖန်
1 / 7
Donate to DVB

ဒီလ ၁၇ ရက် မနေ့က နေပြည်တော်က မြန်မာကွန်ဗန်းရှင်းစင်တာ၊ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက အသင်းအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တဲ့ မိန့်ခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းချက်အပေါ် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ဝေဖန်ပြောကြားလိုက်ကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေထဲက သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ အခွင့်အရေးတွေကို အသုံးပြုပြီး လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမျိုး ပြဋ္ဌာန်း ဖိတ်ခေါ်ကမ်းလှမ်းတာမျိုး မရှိတဲ့အပေါ် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ဝေဖန်လိုက်ကြတာပါ။

အဲ့ဒီလို ပြောကြားလိုက်ကြတဲ့ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ကိုညိုအုန်းမြင့်က အခုလို ပြောပါတယ်။

[caption id="attachment_14348" align="alignright" width="248" caption="ဦးညိုအုန်းမြင့်​"][/caption]

“အဓိကကတော့ သမ္မတအနေနဲ့ စိတ်ကောင်း စေတနာ ရှိမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် အခု ပြည်ခိုင်ဖြိုး ဦးဆောင်တဲ့ အစိုးရအတွင်းမှာ သူ့အနေနဲ့ တော်တော်ကို အခက်အခဲ ကြုံတွေ့နေရမယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် တကယ်လို့ ဥပဒေကြောင်းအရ ဆိုရင် ဒီဘက်မှာ မြန်မာနိုင်ငံကို တကယ်ပြန်ဖို့အတွက် တိုင်းပြည်ကို ပြန်ပြီးတော့ အမျိုးသား​ ရင်ကြားစေ့ရေး အခန်းကဏ္ဍ အပိုင်းတပိုင်း ဖြစ်တဲ့ အားလုံး ဒီ မြန်မာနိုင်ငံသားတွေ ပြန်နိုင်ဖို့ဆိုတာ အင်မတန် အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ သမ္မတအနေနဲ့ ဥပဒေက ပိုပြီးတော့ အားလုံးအတွက် နှစ်ဘက်စလုံးအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော် ထင်ပါတယ်။ ဥပဒေ မရှိဘဲနဲ့ သမ္မတကနေပြီးတော့ ခွင့်ပြုပေမယ့် ကျန်တဲ့ တာဝန်ရှိတဲ့ ကျန်တဲ့ ခေါင်းဆောင် တချို့ကနေပြီးတော့ ဒီအပေါ်မှာ ကဖျက်ယဖျက် လုပ်လာနိုင်တဲ့အချက်လည်း ရှိပါတယ်။ ဒီအတွက်ကြောင့် သမ္မတအနေနဲ့ သမ္မတ ရဲ့ ဥပဒေ ပြဋ္ဌာန်းပြီးတော့ ပြည်သူ့လွှတ်တော်က အတည်ပြုတဲ့ အခါမျိုးဆိုရင်တော့ ဒီဘက်မှာ ရှိနေတဲ့ အတိုက်အခံ အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ အတွက် အမျိုးသား ရင်ကြားစေ့ရေးအတွက် လမ်းစသစ် တခုလို့ ပြောနိုင်ပါတယ်။”

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ကလည်း အခုလို ပြောပါတယ်။

[caption id="attachment_14349" align="alignleft" width="207" caption="​ဒေါက်တာနိုင်အောင်"][/caption]

“ကျနော်တို့ ဒီ ပြည်ပကို ထွက်လာတယ် ဆိုတာကလည်း နိုင်ငံရေး လွတ်လပ်ခွင့်တွေ မရှိလို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မရှိလို့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ရှိနေလို့ ကျနော်တို့က ဒီကိုထွက်လာတာကိုး။ ကျနော်တို့ရဲ့ ထွက်လာရတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားပေးမယ်ဆိုတဲ့ ကတိပြုမှုမျိုး ရှိမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့လည်း အပြင်မှာ ဘာလုပ်နေစရာ အကြောင်းရှိလဲ၊ ကိုယ့်တိုင်းပြည်ထဲမှာပဲ ကိုယ့်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ကျနော်တို့လည်း လုပ်မှာပေါ့။ ဒါပေမယ့် ကျနော်တို့ အခုဏပြောတဲ့ အခြေခံ လိုအပ်ချက်တွေ၊ ကျနော်တို့ ရပ်တည်ခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း အာမခံပေးနိုင်ရင်တော့ တကယ်ပဲ ဦးသိန်းစိန် အစိုးရက လိုလားမှု ရှိမရှိဆိုတာ ကျနော်တို့ ပိုသိမှာပေါ့။ အဲဒီလိုမျိုး ဖြစ်စေချင်တဲ့ စေတနာ တကယ်ရှိတယ် ဆိုလို့ရှိရင်တောင်မှ ကျနော့်အနေနဲ့ တင်ပြချင်တာကတော့ ထောင်ထဲမှာ ရှိနေတဲ့ ကျနော်တို့ ရဲဘော်တွေကို အရင်လွှတ်ပြခြင်းအားဖြင့် ကျနော်တို့ အတွက် ယုံကြည်မှုကို ပိုပေးနိုင်မယ်လို့ မြင်ပါတယ်။”

မြန်မာနိုင်ငံရှေ့နေများ ကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်သလို ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးသိန်းဦးက အခုလို ပြောပါတယ်။

[caption id="attachment_14350" align="alignright" width="248" caption="ဦးသိန်းဦး​"][/caption]

“မြန်မာနိုင်ငံ ပြင်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံကို ချစ်တဲ့ မျိုးချစ်ပြည်ချစ် အားလုံးကတော့ ကိုယ့်နိုင်ငံကိုယ် အမြဲတမ်း သတိရနေတယ်။ ကိုယ့်နိုင်ငံကို ကျနော်တို့ ဂုဏ်သရေရှိစွာနဲ့ ပြန်ရမယ်ဆိုရင် ပြန်ကြမယ့် သူတွေချည်းပဲ။ ဒါပေမယ့် လူတယောက်ရဲ့ ပြောစကားပေါ်မှာ မူတည်ပြီးတော့ အဲဒ်ီလို ပြန်လို့ကတော့ မရတာတော့ အမှန်ပဲဗျ။ ဘာတွေ​ အာမခံချက်​ ရှိသလဲ၊ ဘယ်လောက်အထိ ကျနော်တို့ လွတ်လပ်မှု ရှိသလဲ အဲဒါ အရေးကြီးဆုံးပဲပေါ့နော်။ ကျနော်တို့ ထွက်လာတာကိုက ကိုယ့်နိုင်ငံကိုယ် မနေချင်လို့ ထွက်လာတာမဟုတ်ဘူး။ ကိုယ်နိုင်ငံကိုယ် အဲဒီလို ဂုဏ်သရေရှိစွာနဲ့ ကိုယ့်နိုင်ငံအတွက် အလုပ် လုပ်ပေးချင်လို့ အပြင်ဘက်မှာ နေကြတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ သာမန်အားဖြင့် ပြောမယ်ဆိုရင်တော့ အဲဒီဟာကို ကြိုဆိုတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ တကယ့်ကို နှစ်နှစ်ကာကာနဲ့ အဓိပ္ပာယ်ရှိရှိ ဖိတ်ခေါ်တာ ဖြစ်ရလိမ့်မယ်။ အာမခံချက်တွေ ပေးနိုင်ဖို့ လိုလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။”

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့သတင်းသမဂ္ဂBMAရဲ့ ဒုဥက္ကဋ္ဌ ဦးဇင်လင်းကလည်း

[caption id="attachment_14351" align="alignright" width="248" caption="ဦးဇင်လင်း​"][/caption]

“ဒီစကားက ပြောရလို့ရှိရင် သတင်းစာကို အမြတ်ထုတ်တဲ့ သဘောပဲ။ နိုင်ငံရေး အမြတ်ထုတ်ပြီး ပြောတဲ့ စကားမျိုးပဲ ဖြစ်နေတယ်။ လက်တွေ့က ဘာမှလုပ်မှ မထားသေးဘဲ။ တကယ်တမ်းသာ သူတို့ ဒီဥစ္စာ လုပ်ချင်တယ် ကိုင်ချင်တယ် ဆိုလို့ရှိရင် တောင်မှ အနည်းဆုံး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြတာမျိုး ပထမ ဒီအခင်းအကျင်း ခင်းထားရမယ်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပြီးမှသာလျှင် ဒါ အပြင်မှာ ရောက်နေတဲ့၊ တောထဲမှာ ရောက်နေတဲ့ ဆိုတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ခေါ်ရမှာ ဖြစ်တယ်။ အဲဒီတော့ အခုဟာက ပြောရလို့ရှိရင် တကယ်လက်တွေ့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ သူပြောတဲ့ စကားနဲ့က ပြဒါးတလမ်း သံတလမ်း ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အခု သူ့ကြေညာချက်ဟာ အနှစ်မပါတဲ့ အဆန်မပါတဲ့ သင်္ကြန်အမြောက်ပဲ။ သူက ဒါ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့်တခု ကြေညာမှသာလျှင် ဒါက ဒီစကားက အတည်လည်း ဖြစ်မယ် အကျုံးလည်းဝင်မယ်။ အစိုးရတရပ်ရဲ့ သမ္မတတယောက်ရဲ့ လုပ်နည်းလုပ်ဟန်နဲ့လည်း တူမယ်။ ဆိုလိုတာက သူက ပါးစပ်နဲ့ လူကြုံမှာ သလို ဖြစ်နေတယ်။ လူကြုံပြောလိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒီလို ပြောလို့ကတော့ မရဘူးလို့ သုံးသပ်တယ်။”

၁၉၈၈ ခုနှစ်ကတည်း မြန်မာပြည်ကနေ ထွက်ခွာလာခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ခေါင်းဆောင်တဦး ဖြစ်သလို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမိုးဆွေကလည်း တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး အခုလို ထောက်ပြ ဝေဖန်ထားပါတယ်။

[caption id="attachment_14353" align="alignright" width="248" caption="ဦးမိုးဆွေ"][/caption]

“လက်ရှိ မြင်နေရာတာကိုက ဗမာပြည်ထဲကနေ နေ့စဉ်ရက်ဆက် အလုပ်သမားတွေက ဒီ ထိုင်းနိုင်ငံကို လာနေကြတယ်။ အဓိက လာရတဲ့ အကြောင်းရင်းက ဗမာပြည်ထဲမှာ အလုပ်အကိုင် ရှားပါးမှုပေါ့နော်။ အလုပ်လက်မဲ့ ပြဿနာတွေ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ နောက်တခုက လူ့အခွင့်အရေးချိုးဖောက်မှု။ ဒီဟာတွေ ဖြစ်နေတဲ့အတွက် ဒီနိုင်ငံမှာ လာနေကြရတာ ဖြစ်တယ် ကျနော်တို့ ဒီနေ့ အလုပ်သမားတွေက။ အဲဒီတော့ ဒီပြဿနာတွေ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှ၊ တကယ်လို့ အလုပ်ရှိတယ် ဆိုတောင်မှ ကုန်ဈေးနှုန်းနဲ့ နေ့စဉ်ဝင်ငွေ မျှတမှ အသက်ရှင်ရပ်တည် နိုင်လိမ့်မယ်။ ဒီလိုအခြေအနေတွေကို ဖန်တီးပေးမှသာလျှင် ကျနော်တို့ နိုင်ငံတကာကို ရောက်နေတဲ့ ရွှွှေ့ပြောင်းအလုပ်သမားတွေက တိုင်းပြည်ကို ပြန်လို့ ရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေ အခင်းအကျင်းတွေ မရှိသေးပဲနဲ့တော့ ဒီမှာရှိနေတဲ့ အလုပ်သမားတွေကတော့ ချက်ချင်းပြန်နိုင်ဦးမှာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဒါကြောင်မို့လို့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ နောက်တခုက ကုန်ဈေးနှုန်းတွေပေါ့နော် ကုန်ဈေးနှုန်းတွေနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေ ရှိလာစေရမယ်။ နောက်တခုက ကိုယ့်ရဲ့ ပြည်သူတွေပေါ့နော် လူ့အခွင့်အရေးအခြေအနေ ချိုးဖောက်ခံရမှု၊ မတရား ညှင်းပမ်းနှိပ်စက်ခံတာမျိုးတွေ ဒီလိုဟာမျိုးတွေ ကင်းရှင်းတယ်ဆိုရင်လည်း အဲဒီလို ဆိုရင်လည်း ဒီဗမာပြည် နိုင်ငံသားတွေက ဘယ်သူမှ မခေါ်ဘဲ ကိုယ့်နိုင်ငံကိုယ် ပြန်ကြမယ်လို့ ကျနော်တော့ မြင်တယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီပြည်တော်ပြန် မိန့်ခွန်းအပေါ် ပြည်တွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေး အင်အားစုတွေကလည်း အပြုသဘောဆောင် ကြိုဆိုကြတာမျိုးတွေ ရှိပေမယ့်လည်း ပထမဆုံး အဆင့်အနေနဲ့ အကျဉ်းထောင်​ အသီးသီးက နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို အရင်ဆုံး လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အတွက် အာမခံချက်ရှိတဲ့ ဖိတ်ခေါ်မှုမျိုးတွေကိုပဲ နိုင်ငံတော် သမ္မတအနေနဲ့ လုပ်ဆောင်သင့်ကြောင်း ပြောကြားကြတာမျိုးတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013