မြိတ်မြို့တွင် ယာဉ် ၃ စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

ဒီနေ့ မနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ကုန်စိမ်ဈေးအနီး ကန်ဖျားလမ်းဆုံမှာ  ယာဉ် ၃ စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဟိုက်ဂျက် မော်တော်ယာဉ်ကားနဲ့ မော်တော်ဆိုင်ကယ် ၂ စီးတို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဘက်ကနေ မောင်းနင်းလာတဲ့ ဟိုက်ဂျက် မော်တော်ကားဟာ ကန်ဖျားမြေနီလမ်းဘက်မှ မောင်းနင်းလာတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို ရှောင်တိမ်းရာမှ တဖက်ယာဉ်ကြောဘက်ရှိ မော်တော်ဆိုင်ကယ် ၂ စီးကို မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့တာပါ။ သုံးပွင့်ဆိုင် ယာဉ်တိုက်မှုကြောင့် ကားနဲ့ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးသွားခဲ့ပြီး ဆိုင်ကယ်စီးနင်းသူတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မြိတ်မြို့မှာ အခုနှစ်အတွင်း တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြို့တွင်းလမ်းတွေကို နိုင်လွန်ကတ္တရာခင်းပြီးနောက် လမ်းတွေ ကောင်းမွန်လာတာကြောင့် ဆိုင်ကယ်တွေ စည်းကမ်းမဲ့ စီးနင်းတာ၊ အသက်မပြည့် ကလေးငယ်တွေလည်း ဆိုင်ကယ်မောင်းနှင်နေကြတာကြောင့် နေ့စဉ်နီးပါး ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြိတ်မြို့ အမှတ် ၇၆ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့တဦးက ပြောပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)  

More News
Up