DVB Logo
Home
မြန်မာသတင်း
အစိုးရစစ်ကြောင်း လုံခြုံရေး ရွာသားနှင့် ကျောင်းသားများကို အကာအကွယ်ပြု
DVB
·
August 18, 2011
Donate to DVB

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲကြောင့် ဒဏ်ရရတဲ့ အစိုးရတပ်သားတွေကို မြို့တွင်း ပြန်လည်ပို့ဆောင်ရာမှာ လယ်သမား အပါအ၀င် ကျောင်းသူကျောင်းသားတွေကို လိုက်ပါပို့ ဆောင်ခိုင်းနေပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာရှိတဲ့ ရွာသားနဲ့ ကျောင်းသူ ကျောင်းသားတွေကို အစိုးရတပ်က ဒဏ်ရာရတဲ့ သူတို့တပ်သားတွေကို ပို့ဆောင်ရာမှာ လုံခြုံရေးအတွက် စစ်ကြောင်းနဲ့အတူ လိုက်ပါ ပို့ဆောင်ခိုင်းနေတာလို့ ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၈ နာရီလောက်က အစိုးရတပ် ခလရ ၁၄၃ တပ်ရင်းဟာ ဒဏ်ရာရတဲ့သူတို့ တပ်သားတွေကို ကျေးသီးမြို့ပေါ်ခေါ် ဆောင်ဖို့အသွား  လယ်တောထဲမှာ အလုပ်လုပ်နေတဲ့ ရွာသားနဲ့ ကျောင်းသားတွေကို သူတို့တပ်ရင်းနဲ့အတူ လိုက်ပါ လမ်းလျှောက်ပေးဖို့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

“၀မ့်ဖွီး ရွာကနေ ကျေးသီးမြို့ အ၀င်ဝအထိ ၇ မိုင် လောက်ဝေးတဲ့ခရီးကို တနေကုန် လမ်းလျှောက် ပို့ပေးခဲ့ရတယ်။ ကလေးတွေ ကျောင်းမတက်နိုင် ဖြစ်ခဲ့ရသလို လယ်သမားတွေ အလုပ်မလုပ်ရဘဲ လိုက်ပါပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အပြန်မှာ ကလေးတွေ လမ်းမလျှောက်နိုင်တော့လို့ မိဘတွေက အငှားဆိုင်ကယ်တွေနဲ့ သွားကြိုခဲ့ရတယ်”လို့ ဒေသခံတယောက်က ပြောပြပါတယ်။

“ကျနော်တို့ လယ်တောထဲမှာ အလုပ်ဆင်းနေတုန်း လာခေါ်တာ။ စခေါ်တုန်းက ကျနော်တို့ထဲက ၁၀ ယောက်ပဲ။ လမ်းမှာတွေ့တဲ့လူ အကုန်ဆွဲတော့ အားလုံး အယောက် ၃၀ လောက်ရှိတယ်၊ စစ်သား ၇၀ - ၈၀ လောက်ကြားထဲမှာ တယောက်ခြား နှစ်ယောက်ခြား လိုက်သွားရတယ်၊ တချို့က သူတို့ပစ္စည်းထုပ်တွေ ထမ်းပေးရတယ်။ လူနာလည်း ထမ်းကူရတယ်။ လမ်းတ၀က် နောင်ကား ရွာ မူလတန်းကျောင်းနားရောက်တော့ ကျောင်းသွားနေတဲ့ကလေးရော လမ်းမှာ ဆော့နေတဲ့ ကလေးတွေပါ အကုန်လုံး ခေါ်သွားတယ်။ ၁၀ နှစ် ၁၁ နှစ်အရွယ် ကလေး ၁၁ ယောက် ရှိတယ်၊ ဒီလိုပဲ စစ်တပ်ကြားထဲကနေ သွားခိုင်းတယ်။ ဘာမှလဲ မကျွေးဘူး။ ထမင်းပါတဲ့လူက မပါတဲ့သူကို ကျွေးပြီး ဝေစားကြတယ်။ ဒီလိုပဲသွားလိုက် နားလိုက်နဲ့။ ဒဏ်ရာရတဲ့ စစ်သားတွေကို ချောင်း မကြည့်ရဘူး အဆဲခံရတယ်။”

အစိုးရတပ်တွေပဲ သွားရင် ရှမ်းပြည်တပ်မတော်က ချုံခိုတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် အခုလို ရွာသားတွေကို ကြားထဲကနေ ညှပ်ခေါ်သွားတာ ဖြစ်ပါတယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

ရွာသားတွေဟာ  မကြာခဏ ဆိုသလို ဒီလိုခေါ်သွားခံရပြီး ရွာကနေ မြို့ထဲကို ကုန်သွားဝယ်တဲ့ ထော်လာဂျီကားတွေလည် မကြာခဏ  ချောဆွဲခံရတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

ရွာသားတွေကို ချောဆွဲမှု မလုပ်ခင် ဩဂုတ်လ ၁၄ ရက် ညမှ ၁၅ ရက် မွန်းလွဲ အထိ ရှမ်းပြည်တပ်မတော် တပ်ရင်း ၇၆၂ နဲ့  အစိုးရတပ် ခလရ ၁၄၃ တပ်တို့ ၀မ့်ဖွီးဒေသထဲမှာ အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်စလုံး အထိနာပြီး သေကျေ ဒဏ်ရာရခဲ့ကြပါတယ်။

ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ၀မ့်ဟိုင်းအခြေစိုက် ရှမ်းပြည် တပ်မတော်ကို အစိုးရတပ်က ၅ လကျော် ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ တိုက်ပွဲပေါင်း လေးရာကျော် ဖြစ်ပွားခဲ့တယ်။

ရွာသားတွေကတော့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ခံခဲ့ရပြီး သောင်းနဲ့ချီ ထွက်ပြေးနေရတဲ့အတွက် တိုက်ပွဲတွေရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ​ ဖြေရှင်းဖို့ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဦးသိန်းစိန် အစိုးရဆီကို တောင်းဆိုထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013