ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာန ၂ ခု အမည်ပြောင်းလဲသတ်မှတ်




1.8K
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာန ၂ ခု အမည်ပြောင်းလဲတာကို ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမ မြောက်နေ့မှာ တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။
အရင်က အတည်ပြုခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာနကို စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖြစ်နဲ့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာအဖြစ် ဝန်ကြီးချုပ် မန်းဂျော်နီက လွှတ်တော်ကို တင်ပြခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
အဲ့ဒီဝန်ကြီးဌာနနှစ်ခုရဲ့ ဝန်ကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ ပြင်ပတတ်သိပညာရှင်နှစ်ဦးကို ဝန်ကြီးတွေအဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးကို စိုက်ပျိုးရေးပညာရှင် ဦးဗဟိန်းကို ခန့်အပ်ထားပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်လက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် အင်ဂျင်နီယာတဦးဖြစ်တဲ့ ဦးဝင်းဌေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။
ဒီကနေ့လွတ်တော်မှာတော့ ကတိသစ္စာမပြုရသေးတဲ့ ခန့်အပ်ပြီးဖြစ်တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်နဲ့ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်တို့က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။
(သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး)