DVB Logo
Home
မြန်မာသတင်း
ကချင်လူထုနှင့်တော်လှန်ရေးအဖွဲ့ကြား ဆက်ဆံမှုလမ်းကြောင်းပျက်အောင် သမ္မတပြောဟုဆို
DVB
·
August 18, 2011
ကချင်လူထုနှင့်တော်လှန်ရေးအဖွဲ့ကြား ဆက်ဆံမှုလမ်းကြောင်းပျက်အောင် သမ္မတပြောဟုဆို
Donate to DVB

ကေအိုင်အိုအဖွဲ့ဟာ ကချင်လူထုကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘဲ အကြမ်းဖက် လုပ်ရပ်တွေကိုပဲ လုပ်နေတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုချက်ကို ကေအိုင်အိုအဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

ဩဂုတ်လ ၁၇ ရက်က နေပြည်တော်မှာ လုပ်တဲ့ စီးပွားရေးနဲ့ လူမှုရေး အသင်းအဖွဲ့တွေကို တွေ့ဆုံတဲ့ပွဲမှာ သမ္မတ ဦးသိန်းစိန်က ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီပြောဆိုချက်ဟာ ကေအိုင်အိုနဲ့ ကချင်လူထုကို သွေးခွဲလိုတဲ့ သဘောနဲ့ ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

“အမှန်တကယ်တော့ ကေအိုင်အိုက သူ့ဘာသာ ပေါက်ဖွားလာတာ မဟုတ်ပါဘူး။ ကချင်လူထုက ပေါက်ဖွားလာတဲ့ တော်လှန်ရေး အဖွဲ့အစည်းပါ။ သူတို့က အဲဒီလို ပြောတာဟာ ဘယ်အချက်ကို ကောက်နုတ်ပြီးတော့ ပြောတယ်ဆိုတာတော့ ကျနော်လည်း မသိဘူး။ ကချင်လူထုကို ကိုယ်စားမပြုဘူး ဆိုတာကတော့ အခြေအမြစ် မရှိဘူး။ ပြောရမယ်ဆိုရင်တော့ သမ္မတ တယောက်အနေနဲ့ နည်းနည်း လွန်သွားတယ်လို့ ထင်ပါတယ်။ သူ ရည်ရွယ်ချက်ကတော့ ပြည်နယ်သူ ပြည်နယ်သားတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကြားမှာ ဆက်ဆံမှု လမ်းကြောင်း ဖြတ်အောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။ ”

ဒါ့အပြင် ကေအိုင်အေအဖွဲ့ဟာ မိုင်းခွဲ၊ လမ်းတံတားတွေဖျက် လုပ်နေတဲ့ အကြောင်းလည်း သမ္မတပြောတဲ့အထဲ ပါပါတယ်။

ဒီနေ့ထုတ် သတင်းစာမှာပဲ ပန်ခမ်းကင်းစခန်းက လ၀ကရုံးကို ကေအိုင်အေ အဖွဲ့က ၀င်ရောက် ဖျက်ဆီးသွားတယ်လို့လည်း သတင်းတပုဒ် ဖော်ပြထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးလနန်းက ခုလို ဆိုပါတယ်။

“လမ်းတံတားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့လှုပ်ရှားမှုမှာ လမ်းတံတားတွေကို အသုံးပြုပြီး တပ်အင်အားတွေ တိုးချဲ့တာ၊ တပ်ကူတွေကို လွှတ်တာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ဖြတ်တဲ့သဘောပါပဲ။ ပြည်သူလူထုကို မထိခိုက်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ လုပ်တဲ့အခါမှာလည်း ပြည်သူလုထုတွေ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးကားတွေနဲ့ သွားလာလို့ ရအောင် ကျနော်တို့ လုပ်ထားပါတယ်။ သံချပ်ကာကားတို့၊ အမြောက်တင်ယာဉ်တို့၊ သူတို့ရဲ့ ရဲဘော်တွေကို တပ်အင်အား ဖြည့်တင်းတဲ့ကားကြီးတွေပဲ ဖြတ်သွားလို့ မရအောင် လုပ်တာပါ။ ဒါကိုလည်း သူတို့က အဖျက်အမှောက် လုပ်ငန်းတွေလို့ ပြောတာ။ အမှန်တကယ်တော့ သူတို့ လမ်းကြောင်းပေါ်မှာ သူတို့ စစ်တပ်အင်အားတွေ ဖြတ်သွားဖြတ်လာမှုတွေ မလုပ်ဘူးဆိုရင်တော့ အဲဒီကိစ္စတွေ လုပ်မှာ မဟုတ်ဘူး။ အခုအချိန်မှာ သူတို့က လက်နက်ကိုင် အင်အားစုတွေကို အဖျက်သမားလို့၊ သောင်းကျန်းသူတွေလို့ ကင်ပွန်း မတပ်တောင်မှ အဲလိုမျိုး ပြောဆိုမှုတွေ သူတို့ ရှိပါတယ်။ အခု လောလောဆယ်မှာတော့ သူတို့ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့်မို့ အခြေအနေအရ တခါတရံကျရင် အစိုးရနဲ့ သက်ဆိုင်တဲ့ ရုံးဌာနတွေကလည်း စစ်လမ်းကြောင်းပေါ်ရောက်ရင် ထိခိုက်တာမျိုးတော့ ရှိပါလိမ့်မယ်။ ”

အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေကို ပြောထားပြီး ဖြစ်တယ်ဆိုတဲ့အပေါ် ကေအိုင်အိုအနေနဲ့ အဲ့ဒီလို ကန့်သတ်ချက်တွေ မထားဘဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်လာရေးကိုပဲ လိုလားတဲ့ အကြောင်း တုံ့ပြန်လိုက်ပါတယ်။

ဩဂုတ်လဆန်းပိုင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ကေအိုင်အိုတို့ ဆွေးနွေးခဲ့ကြတုန်းက ကေအိုင်အိုက မေးထားတဲ့ မေးခွန်းတွေ၊ အကြောင်းကြားစာတွေကို အစိုးရဘက်က ခုထိ တစုံတရာ တုံ့ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ်ထားတဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေကြား ပြီးခဲ့တဲ့ ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013