Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် ကျောင်းသားများ ရာဇ၀တ်မှု ကျူးလွန်သူများ မဟုတ်ဟု ပြော
DVB
·
April 5, 2016
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေက ရာဇဝတ်မှု ကျူးလွန်သူတွေ မဟုတ်ဘဲ တရားခံက အစိုးရသာဖြစ်တယ်လို့ ဗကသကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။ တနှစ်ကျော် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးရဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ် ဦးမောင်ဝေရဲ့ စွပ်စွဲမှုကို ကျောင်းသားတွေက ပြန်လည်ပြောဆိုလိုက်တာပါ။ အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဖမ်းဆီးခြင်း မလုပ်ဘူးလို့  လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူခဲ့ကြောင်း ဖမ်းဆီးခံထားရသူတဦးဖြစ်တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင် မဖြိုးဖြိုးအောင်က ပြောပါတယ်။ “ကျမတို့ကို ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု သပိတ်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခြင်း မပြုပါဘူးလို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အစိုးရအဖွဲ့ ၀န်ကြီးကိုယ်တိုင်က ကတိက၀တ်ပြုပြီး လက်မှတ်ရေးထိုးထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒါကို သက်သေအနေနဲ့ လက်မှတ်ရေးထိုးထားတာတွေ ရှိပါတယ်။ ဒါတွေကလည်း နိုင်ငံပိုင် သတင်းမီဒီယာတွေ အပါအ၀င် ပုဂ္ဂလိက သတင်းစာတွေမှာ၊ အင်တာနက်တွေမှာပါ ပျံ့နှံ့ထားပြီးသား ဖြစ်ပါတယ်။ "ကတိက၀တ်ကို ချိုးဖောက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းတာကလည်း အစိုးရကိုယ်တိုင်ကသာ ဖြစ်ပါတယ်ရှင့်။ တကယ်တမ်း ကျမတို့ ပြောချင်တာက တရားခံက အစိုးရဖြစ်ပါတယ်။ ကျမတို့ ကျောင်းသားတွေက ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ဘူး။ ရာဇ၀တ်မှုကျူးလွန်ပြီးတော့ မတရား ဖမ်းဆီးထိန်းသိမ်းခဲ့တာက အစိုးရကသာ ဖြစ်ပါတယ်။ အဲတော့ အစိုးရအဖွဲ့ဝင် သံအမတ်တဦးအနေနဲ့ ဒီလိုစကားမျိုးပြောတာက အင်မတန်မှကို ရှက်စရာကောင်းတယ်လို့ ကျမပြောချင်ပါတယ်။” လေးပွင့်ဆိုင် သဘောတူညီချက်တွေကို အစိုးရဘက်က အဆင့်ဆင့် ချိုးဖောက်မှုတွေ လုပ်ခဲ့တာလို့လည်း ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန္ဒစစ်အောင်ကလည်း “စထွက်တဲ့နေ့ကလည်း အကြောင်းပြချက် တစုံတရာ မရှိဘဲနဲ့ ဖမ်းဆီး ရိုက်နှက်ထားတာဗျ။ ဘာလို့လဲဆိုတော့ ရှင်းတယ်ဗျ။ လက်ပံတန်းက ကျောင်းသားတွေ ဘာဖြစ်လို့ ဘုန်းကြီးကျောင်းထဲက ထွက်လာရတာလဲ၊ ပြဿနာကရိုးရိုးလေးပဲ နယ်/လုံဝန်ကြီးကိုယ်တိုင် ခွင့်ပြုထားလို့ ထွက်လာတာ။ နယ်/လုံဝန်ကြီးကိုယ်တိုင် မနက်ထွက်ခွင့်ပေးလို့ ထွက်လိုက်တဲ့အချိန်မှာ မနက်ကျမှ ရဲတပ်နဲ့လာဝိုင်းပြီးတော့မှ အ၀ိုင်းခံလိုက်ရတယ်။ အဲတော့ မူလကတည်းက ချိုးဖောက်တာ အစိုးရဘက်က ချိုးဖောက်တာလေ။ လေးပွင့်ဆိုင်ကတိ ဒီအချိန်မှာ ဖောက်ဖျက်ပြီးတော့ တရားမစွဲဘူးပြောတယ်၊ တရားစွဲတယ်။ ဘယ်သူဖောက်ဖျက်တာလဲ အစိုးရဖောက်ဖျက်တာ အရမ်းသိသာတယ်။ အဲတော့ ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းတဲ့အချိန်မှာ အစိုးရက ဘာဝင်ပြောလဲဆိုတော့ ဘာမှမပြောဘူး၊ လွှတ်တော်ကလည်း ဘာဝင်ပြောလဲဆိုတော့ ဘာမှမပြောဘူးလေ။ ကိုယ်ထိုးထားတဲ့ ကတိတွေအပေါ် ကိုယ်တာဝန်ယူမှု လုံးဝမရှိဘူးဗျ" လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ ကိုယ်ကျိုးစီးပွား တောင်းဆိုသူတွေ မဟုတ်ဘဲ မတရားမှု ဖော်ထုတ်ပေးဖို့ တောင်းဆိုလို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။ “ဒီနေ့ဒီကာလမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ကြည့်လိုက်ရင် ကိုယ်ကျိုးစီးပွားကို တောင်းဆိုတဲ့သူတွေ တယောက်မှမပါဘူး။ မတရားမှုတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့သူတွေပဲ ဖမ်းဆီးခံနေရတာကို တွေ့ရတယ်။ ဥပမာ ဒေါ်ခင်ဝင်းသေဆုံးမှုမှာ တရားခံအစစ်အမှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့လူတွေ ထောင်ကျတယ်၊ တရားစွဲခံရတယ်။ နောက် ကောင်းခါးရွာက ကချင်ဆရာမလေးနှစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ ကိစ္စကို တောင်းဆိုတဲ့လူတွေ တရားစွဲခံနေရတယ်ဆိုတာကို တွေ့ရတယ်။” ဆန္ဒဖော်ထုတ်တာဟာ လူ့အခွင့်အရေးဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် ၁၉ မှာ ခွင့်ပြုထားပါတယ်၊ ဒါကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာလည်း လက်ခံအသိအမှတ်ပြုထားပါတယ်၊ ဒါကြောင့် ခွင့်မပြုဘဲ ဆန္ဒဖော်ထုတ်တာကို ပုဒ်မ ၁၈ နဲ့ တရားစွဲတာမျိုးတင်မဟုတ်ဘဲ မသက်ဆိုင်တဲ့ ရာဇသက်ကြီးပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နဲ့ အာမခံပေးလို့မရတဲ့ ၅၀၅(ခ) နဲ့ အရေးယူတာဟာ အရေးယူတဲ့သူတွေ ကိုယ်တိုင်က လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ရောက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024