မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌရွေးပွဲ အန်အယ်လ်ဒီအမတ်ရှုံးနိမ့်၊ မွန်ပါတီအမတ်အနိုင်ရ
နော်နိုရင်း
·
April 5, 2016
မွန်ပြည်နယ်လွှတ်တော်မှာလစ်လပ်နေတဲ့ လွှတ်တော်ဒုက္ကဋ္ဌ နေရာအတွက် ဆန္ဒမဲပေး ရွေးချယ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ရှုံးနိမ့်ပြီး အမတ်နေရာအနည်းစုပဲရှိတဲ့ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မဲအများစုနဲ့ အနိုင်ရပါတယ်။
မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမင်းမင်းဦးဟာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်ခံရလို့ လစ်လပ်နေတဲ့ ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌနေရာအတွက် ဒီကနေ့ ဧပြီ ၅ ရက် ပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့ ကိုယ်စားလှယ်တွေအပြိုင် အမည်စာရင်း တင်သွင်းခဲ့ကြတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘီးလင်းမဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကို အမည်စာရင်းတင်သွင်းပြီး ကြံ့ခိုင်ရေးပါတီကတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ ချောင်းဆုံမဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို အမည်စာရင်းတင်သွင်းခဲ့တဲ့အတွက် လျှို့ဝှက်မဲစနစ်နဲ့ မဲခွဲဆုံးဖြတ်ခဲ့ရတာလို့ ပေါင်မြို့နယ်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောပါတယ်။
“နှစ်ယောက်ဆိုတော့ မဲခွဲတယ်ပေါ့။ မဲခွဲတော့ ဒေါက်တာအောင်နိုင်ဦးက ၁၃ မဲ၊ ကျနော်တို့ အဖွဲ့ချုပ်က ဒေါက်တာခင်နိုင်ဦး က ၁၂ မဲ၊ ပယ်မဲက ၅ မဲ၊ ပေါင်း ၃၀ ပေါ့။ ကျနော်တို့ လွှတ်တော်မှာ အကုန်လုံးရှိတာက ဥက္ကဋ္ဌမပါဆိုရင် အယောက် ၃၀ ကို။ အဲတော့ အခြေခံဥပဒေအရ မဲအများဆုံရတဲ့သူက ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခံရတယ်ပေါ့။”
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဦးမင်းအောင်မွန်က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ရွေးချယ်ခံရပြီးနောက် ဒေါက်တာ အောင်နိုင်ဦးက ဒုဥက္ကဋ္ဌအဖြစ် လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
မွန်ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၁၉ ဦး၊ မွန်အမျိုးသားပါတီက ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ၁ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးရှိပါတယ်။