Home
မေးမြန်းခန်း
ကျနော်တို့ ငယ်ငယ်တုန်းကလို ပြန်နေရရင် ကျနော်တို့ ဘာမှ နာစရာမရှိဘူးဗျ- ဦးထွန်းဝင်း
အေးနိုင်
·
April 5, 2016
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်ကိုက ဗွီအိုအေသတင်းဌာနနဲ့ ၂၀၁၆ခုနှစ် ဧပြီလ ၂ ရက်နေ့ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းခန်းတွင် “ဧည့်နိုင်ငံသားအများစုပါဝင်သော အစ္စလာမ်”များဟု သုံးနှုန်းဖြေဆိုခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ဌာနချုပ်က နိုင်ငံတော်သမ္မတထံ တိုင်ကြားပါတယ်။ သမ္မတဦးထင်ကျော်ထံ ဧပြီ ၃ ရက်နေ့ရက်စွဲနဲ့ လိပ်မူတပ်ပေးပို့တဲ့စာပါအကြောင်းအရာမှာ “ပြည်ထောင်စုမြန်မာနိုင်ငံမှ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်စပ်လျဉ်း၍ လွဲမှားစွာ ၀န်ကြီးက ပြောဆိုခဲ့ခြင်းအပေါ် ရုပ်သိမ်းဖြေရှင်းပေးပါရန်ကိစ္စ” လို့ပါရှိပါတယ်။ ၀န်ကြီးသူရဦးအောင်ကိုရဲ့စကားဟာ အစိုးရအဖွဲ့ရဲ့ သဘောထားမဟုတ်ကြောင်း ရှင်းလင်းဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကလည်း သူရဦးအောင်ကိုရဲ့ အဆိုပါ ပြောဆိုချက်အပေါ် ကန့်ကွက်စာထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးကွန်ဂရက်ဌာနချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးထွန်းဝင်းနဲ့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးအောင်ကိုရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ သမ္မတဦးထင်ကျော်ထံ စာပို့တော့ အဓိကအားဖြင့် ဦးထွန်းဝင်းတို့ရဲ့ ရပ်တည်ချက် သဘောထားကို ပြောပြပါ။ “ပြည်တွင်းမှာ ဘာသာ၊ လူမျိုး သေးသည်ငယ်သည် မခွဲခြားဘဲနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်အတွင်းမှာ အားလုံးဟာ စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ဖိနှိပ်ခံခဲ့ရတယ်ပေါ့ဗျာ။ ခွဲခြားခံခဲ့ရတယ်ပေါ့။ အခု အန်အယ်လ်ဒီ အရွေးခံရဖို့ဆိုရင် ဒီကိစ္စတွေအားလုံးကို ဖြေရှင်းနိုင်မယ်လို့၊ အထူးသဖြင့် ဗမာပြည်ထဲမှာ ရှိနေတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အထဲထဲမှာ ကျနော်တို့ပါတီ တည်ထောင်ထားခဲ့တဲ့ ပသီတွေလည်း ပါကြတာကိုး။ အနားနီးလာတဲ့အခါမှာ ကိုယ့်ပါတီကိုတောင်မှ ကျောခိုင်းပြီးတော့ကာ အန်အယ်လ်ဒီကို မဲပေးဖို့အတွက် ကျနော်တို့တွေကိုယ်တိုင်က တိုက်တွန်းခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပါတီလောက်နဲ့ ဒီအပြောင်းအလဲကြီးကို လုပ်နိုင်မှာ မဟုတ်လို့ပါ။ အဲဒီလို အကြီးအကျယ် မျှော်လင့်ပြီး အန်အယ်လ်ဒီအစိုးရဖွဲ့ပြီး တက်လာတဲ့ အခါကျတော့မှ သမ္မတကြီးမိန့်ခွန်းကို ကျနော်တို့ ကြားရတဲ့အခါ သူ့အသုံးအနှုန်းမှာ နိုင်ငံသူ၊ နိုင်ငံသားဆိုတဲ့ တိုတိုတုတ်တုတ် အသုံးအနှုန်းလေးကို သာသာယာယာနဲ့ မခွဲမခြား၊ မျှမျှတတ သုံးသွားတာကို ကြားလိုက်ရတော့ အဲဒီနေ့ကတည်းက ရင်ထဲမှာ အားလုံးအေးပြီး ကျေကျေနပ်နပ် ရှိနေခဲ့ကြတာ။ အဲသလို နိုင်ငံသူ နိုင်ငံသားလို့ မခွဲခြားဘဲ ၃ ရက်သားပဲ ရှိသေးတယ်၊ ဒီပုဂ္ဂိုလ်က လူနည်းစုလို့ ကျနော်တို့ကိုသုံးရင် ကျနော်က ခံသာပါတယ်။ ကျနော်တို့က Minority (အနည်းစု) ပဲ။ သို့သော် အစ္စလာမ်ဘာသာဝင်တွေထဲမှာ လူများစုက ဧည့်နိုင်ငံသားတွေလို့ သုံးလိုက်တဲ့ အခါကျတော့ ကိုးကွယ်တဲ့ဘာသာကို လူမျိုးရေးနဲ့ ပူးတော့ နောက်ထပ်နာမည်အသစ်တလုံးကို ကျနော်တို့ကို ပေးလိုက်သလို ဖြစ်သွားတယ်။ ကျနော်တို့ဆိုတာ ကျနော်တို့ ပသီတွေရော၊ တခြား ပသီမဟုတ်တဲ့ ဗမာမွတ်ဆလင်တွေရောပေါ့။ ဘာလဲလို့ဆိုတော့ ကျနော်တို့ လုံးဝအထိမခံနိုင်ဘဲနဲ့ တအားနာတဲ့ စကားလုံးတွေရှိတယ်။ အထိမခံနိုင်ဘဲနဲ့ တအားနာတဲ့ စကားလုံးတွေထဲမှာ အခု သူသုံးတဲ့စကားလုံးပေါ့ဗျာ၊ အိမ်ရှင် ဧည့်သည် ခွဲခြားတာမျိုးတို့၊ ဧည့်နိုင်ငံသားတို့၊ အိမ်ရှင်ခွဲခြားတာမျိုးတို့ ဆိုတဲ့ အသုံးအနှုန်းတွေက ကျနော်တို့ အရမ်း အခံရခက်တယ်။ "ပြောရလို့ရှိရင် ကျနော်တို့ ပသီလူမျိုးဟာ မြန်မာနိုင်ငံထဲကို တရုတ်ပြည် အနောက်မြောက်ပိုင်းကနေပြီးတော့၊ ကချင်ပြည်နယ် အရှေ့ခြမ်းကနေ ဖြတ်ပြီးတော့ကာ ခရစ်သက္ကရာဇ် ၈၃၂ ခုနှစ်ကတည်းက ၀င်လာခဲ့ပြီး ဗမာတပြည်လုံးမှာ အခြေချပြီး နေခဲ့တာပါ။ အဲဒါကို အင်္ဂလိပ် ဗမာပြည်ကို အုပ်စိုးစဉ်အခါတုန်းက အိန္ဒိယကလူတွေ ဗမာပြည်ထဲကို ကသောကမျော ၀င်လာတဲ့သူတွေနဲ့ အတူတူရောပြီးတော့ကာ ရှိသမျှ နဂိုတုန်းကတည်းက နှစ် တထောင်နဲ့နှစ်ရာ သက်တမ်းရှိနေတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်ပြီး ပသီလူမျိုးတွေအဖြစ် ရှိနေတဲ့သူတွေကိုပါ ချိုးနှိမ်၊ ဖျက်ဆီး၊ ချေမွပြီး ဒီနေ့ဆိုခဲ့လို့ရှိရင် လူမျိုးတမျိုးအဖြစ် သတ်မှတ်ဖို့တောင်မှ ကျနော်တို့က ဒီပါတီကိုထောင်ပြီး ရုန်းကန်နေရတဲ့အချိန်မှာ ဒီလိုမျိုး ပေါ်လာတဲ့အခါကျတော့ သမ္မတကြီးဆီကို ပို့တာကတော့ အန်အယ်လ်ဒီမဟုတ်တဲ့ ဒီပုဂ္ဂိုလ်ကဖြင့် ကျနော်တို့မျှော်လင့်ထားတဲ့ မျှော်လင့်ချက်ကို ပေးနိုင်တဲ့သူ မဟုတ်လို့ စုန်းပြူးများ ဖြစ်နေပြီလားလို့ သမ္မတကြီးကို ဆုံးမဖို့အတွက် တင်ပြတာပါ။" သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်ကနေပြီးတော့ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ နိုင်ငံသားအချို့ဆိုတဲ့ စကားလုံးကို ဖြည့်စွက်ဖော်ပြတာ တွေ့ရတယ်။ ဒီဖြည့်စွက်ဖော်ပြချက်နဲ့ ပတ်သက်လို့ သဘောထား သိပါရစေ။ “ဖြည့်စွက်တဲ့ အပေါ်မှာလည်းပဲ ပထမသုံးထားတဲ့ အသုံးအနှုန်း ပြေပျောက်သွားတဲ့အထိ ချေဖျက်တာ မဟုတ်တဲ့အပြင် နောက်ထပ်ပိုပြီးတော့ အခံရခက်ပြီးတော့ နာစရာ စကားလုံးတလုံး ပါလာပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဘာသာငယ်ဆိုတဲ့ စကားလုံးဗျ။ အဲဒီ ဘာသာငယ်ဆိုတဲ့ စကားလုံးဟာ ပထမ မပါဘဲနဲ့ နောက်ထပ် ထပ်ပါလာတဲ့ အခါကျတော့ အဲဒီစကားလုံးကလည်း ကျနော်တို့ကို ဒီနေရာမှာ ကျနော်တို့ကို Inferior (သေးသိမ်အောင်) လုပ်တာဗျ။ ကျနော်တို့လိုချင်တာက တိုင်းရင်းသားရယ်၊ နိုင်ငံသားရယ်ဆိုပြီးတော့ ခွဲတာကိုသည်ပင်လျှင် တိုင်းရင်းသားတွေ ကိုယ်တိုင်က တောတောင်ဒေသတွေမှာ နေရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ မြို့ပေါ်မှာ နေခဲ့တဲ့သူတွေထက်စာရင် သူတို့တွေ ပိုပြီး ဆင်းရဲတယ်၊ အနစ်နာခံရတယ်၊ အများကြီး ဆုံးရှုံးမှုတွေ ရှိကြတယ်ဆိုတာကို ကျနော်တို့က စာနာပေးလို့ တိုင်းရင်းသားဆိုပြီးသုံးတဲ့ အသုံးအနှုန်းပေါ်မှာ၊ သူတို့တွေအပေါ်မှာ ကျနော်တို့က ကျေနပ်အားရပေးနေပြီး ကျနော်တို့ကိုယ်တိုင်သည်ပင်လည်းပဲ ဟိုးပဝေသဏီ၊ ဟိုးအတီတေ နှစ်ပေါင်း တထောင့်နှစ်ရာကတည်းက ဒီနိုင်ငံမှာ ရောက်ရှိအခြေချပြီး ယဉ်ကျေးမှု တဆက်တည်းနဲ့ ဒီနေ့ထိ နေကြတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် ပသီဆိုတဲ့ လူမျိုးတမျိုးကိုလည်းပဲ တိုင်းရင်းသားလို့ ရအောင်ဆိုပြီး ကြိုးစားနေတာ။ အကယ်၍ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဆိုပြီး နာမည်တလုံးသာရပြီး အဲဒီနာမည်ကလွဲရင် ဘာတခုမှမရတဲ့ တခြားတိုင်းရင်းသားတွေနဲ့ ယှဉ်ကြည့်လိုက်ရင် သူတို့လည်း နာတာပါပဲ၊ ကျနော်တို့ နာတာပါပဲ။ အဲဒီတော့ကာ အဲဒီထဲကမှ ထပ်ပြီးတော့ တိုင်းရင်းသားရယ်၊ နိုင်ငံသားရယ်၊ ဧည့်နိုင်ငံသားရယ် ဆိုပြီးတော့ကာ ထပ်ပြီး ခွဲပြီးမပြောတော့ဘဲနဲ့ အားလုံးဟာ တပြေးညီ နိုင်ငံသားတွေလို့ ပြောလိုက်ခဲ့လို့ရှိရင် ဘယ်သူတွေက နာသွားမှာမို့လို့ တပြေးညီ မဖြစ်နိုင်ရတာတုန်း။ ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ယုံကြည်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် ဘယ်နည်းနဲ့ပဲခွဲခွဲ ခွဲတာမှန်သမျှ အားလုံးကို ကျနော်တို့ လက်ခံဖို့အတွက် ခက်ပါတယ်။ အဓိက အဲဒါပါ။” အခုလို ထိလွယ်ရှလွယ် နိုင်ငံရေးအခင်းအကျင်းမျိုး၊ အစိုးရသစ် သက်တမ်းနုနယ်ချိန်မှာ ဒီလို တဦးနဲ့တဦး အထင်အမြင် လွဲမှားစေနိုင်တဲ့ကိစ္စတွေ၊ ဒီကိစ္စကို (ဒီလိုမေးမြန်းချက်မျိုး လုပ်တာတောင် သတင်းထောက်ဖွတယ်ဆိုပြီး ဝေဖန်ခံရတဲ့ အခြေအနေမျိုးမှာ) ဦးထွန်းဝင်းတို့ ပျော့လွယ်ပြောင်းလွဲနည်းလမ်းနဲ့ ဘယ်လိုဖြစ်စေချင်လဲ။ “ဆိုပါစို့ဗျာ ကျနော်ဆိုရင် အခု အသက် ၆၇ နှစ်ရှိပြီ။ ကျနော်တို့ ငယ်ဘ၀မှာ ဒီခွဲခြားမှုမျိုးတွေ ကျနော်တို့ မကြုံခဲ့ရဘူး။ ရိုးရိုးလေး စကားတလုံးတည်းနဲ့ ပြောရလို့ရှိရင် ကျနော်တို့ ငယ်ငယ်တုန်းကလို ပြန်နေရရင် ကျနော်တို့ ဘာမှ နာစရာမရှိဘူးဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက ၁၄-၅ နှစ်၊ အခု ၆၇ နှစ်ထဲကနေ နုတ်လိုက်လို့ရှိရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ပေါ့ဗျာ။ ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ရဲ့ ဒီဘက်ခြမ်းမှာ ကျနော်တို့က အဖိနှိပ်ခံသက်သက် နေခဲ့ရတာပါ။ "ဥပမာဆိုပါစို့၊ ဗမာပြည်ကို အင်္ဂလိပ်ရောက်ပြီးတဲ့နောက် ဦးထင်ကျော်ဆီ ကျနော်ရေးတဲ့ စာထဲမှာလည်း အဲဒီစကားလုံးတလုံးကို ထည့်ရေးတာ အဲဒါကြောင့်ရေးတာ။ ဒီ ဘင်္ဂလားကနေပြီးတော့ ဗမာပြည်မှာ လယ်လုပ်ဖို့အတွက် လယ်ကူလီတွေ သွင်းလာရင်းနဲ့ ဘင်္ဂါလီလူမျိုး ဗမာပြည်ကို ရောက်လာခဲ့ပါတယ်ဆိုတဲ့ So Call ပေါ့ဗျာ၊ အဲဒီစကား တလုံးလောက်ကို ကြားမိပြီး ဗမာပြည်မှာ ရှိနေတဲ့ မွတ်ဆလင်တွေအားလုံးကို ဘင်္ဂါလီလို့လည်း ယိုးချင်တယ်၊ နိုင်ငံခြားက ကူးလာတဲ့ သူတွေလို့လည်း ဆိုချင်တယ်ဆိုတဲ့ စကားလောက်နဲ့တော့က သမိုင်းသုတေသနဆီကို ချဉ်းကပ်လို့ မရနိုင်ဘူးဗျ။ ကျနော်ကြားဖူးတဲ့ သမိုင်းသုတေသီတွေ ကြားဖူးတဲ့ စကားတခွန်းရှိတယ်။ အသင် သမိုင်းသုတေသနပြုလျှင် အသင်၏ အမျိုးသားဝတ်စုံကို အပြင်တွင် ချွတ်ခဲ့ပါတဲ့။ ဆိုလိုတာက သမိုင်းကို အမျိုးသားရေး (သို့မဟုတ်) လူမျိုးရေးနဲ့ ချဉ်းကပ်ပြီး ဖြေရှင်းလို့ မရပါ။ အခု ကျနော်တို့ ပြောနေတာက လူမျိုးတွေ ကျနော်တို့ တိုင်းပြည်ထဲမှာ အရမ်းများတယ်၊ ကျနော်တို့တိုင်းပြည်မှာ လူမျိုးတွေ အရမ်းများတာကိုသည်ပင်လျှင် ဖြေရှင်းလို့မရနိုင်အောင် တမင်လုပ်နေတယ်လို့ကို ကျနော်တို့ ယုံကြည်နေရတယ်။ ဘာကြောင့်လဲဆို အရာရာကို ကျနော်တို့က သံသယဖြစ်သွားပြီ။ သူက လူမျိုး ၁၀ မျိုး ရှိတယ်ဆိုလို့ရှိရင် အဖြေကို တဆယ်နဲ့ စားလိုက်လို့ရှိရင် ရလဒ်တခုစီ ထွက်လို့ရှိရင် ဝေရတာ ပိုလွယ်တယ်ပေါ့ဗျာ။ အခု ၁၃၀ တွေ၊ ၁၅၀ တွေ ဖြစ်ကုန်ကြတဲ့အခါကျတော့ ဘယ်လိုတည့်အောင်ဝေမတုန်း၊ ဒီလောက်အများကြီးကို။ အဲဒီတော့ ဒီလောက်ပွားအောင်၊ များအောင် လုပ်နေတာသည်ပင်လျှင် တဘက်ကကျတော့ကာ လူမျိုးလို့ အသိအမှတ်ပြုလိုက်သလို နောက်တဘက်မှာ ကျတော့ကာ ရှင်းမရအောင် အလိုတွေများပြီး မရနိုင်၊ အရတွေ အလိုမကျနိုင်တဲ့အခါမှာ ဒီလူမျိုးရေးပြဿနာကို ဖြေရှင်းလို့ မရနိုင်လောက်အောင် တမင်ဖန်တီးထားတဲ့ ဒါ ဘိုးဘိုအောင်ရဲ့ နည်းတနည်းလို ဖြစ်နေတယ်လို့ကို ကျနော်တို့က ခံစားလာရတယ်။ "အဲဒီတော့ ဒီလူမျိုးဆိုတဲ့ ကိစ္စတွေမှာ အကယ်၍ပေါ့လေ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ထိန်းသိမ်းပြီးတော့ကာ ကိုယ်ပျော်မွေ့ရာကိုလည်း ကိုယ်လုပ်ခွင့်ရမယ်၊ ကိုယ့်ဒေသမှာရှိနေတဲ့ သယံဇာတ ခံစားခွင့်တွေကိုလည်း သက်ဆိုင်တဲ့သူတွေဟာ မိမိတို့ဖွံ့ဖြိုးရေးအတွက် သုံးခွင့်ရကြမယ်လို့ ဆိုခဲ့လို့ရှိရင် လူမျိုးဘယ်လိုပဲနေနေ၊ လူ့အခွင့်အရေးတွေ ပြည့်ပြီးတော့ လူဟာ လူလိုနေခွင့်ရတဲ့ အတွက်ကြောင့် အားလုံး အခြေခံအားဖြင့် ကျေနပ်နိုင်ကြမှာပါ။ သို့သော် အခုဥစ္စာ ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာက နဂိုတုန်းက လူမျိုး ၈ မျိုးလောက်က ကျေနပ်စရာ မရှိတဲ့အတွက်ကြောင့် လက်နက်ကိုင်ပြီး တောခိုကြတယ်။ တဖြည်းဖြည်းနဲ့ စိပ်၊ စိပ်၊ စိပ်၊ စိပ်၊ စိပ်၊ စိပ်ပြီးတော့ကာ နာမည်တွေ ထိုးထည့်တာက လူမျိုးငယ်လေးတခုကို နာမည်တပ်ပေးပြီး ကျေနပ်မှုပေးအောင် လုပ်သလိုလိုနဲ့ တပြည်လုံး အတိုင်းအတာနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ကာ လူမျိုးတွေ ရာချီပြီး များသွားတဲ့ အခါကျတော့ အဲဒီလူမျိုးတွေအားလုံး ရာချီတဲ့ဆီမှာ ပြေလည်အောင်ညှိဖို့အတွက် ဘယ်ဘိုးဘိုးအောင်က လာပြီး ဖြေရှင်းတော့မှာတုန်း။ ဘယ်သိကြားမင်းက လာပြီး ဖြေရှင်းပေးတော့မှာတုန်း။ ကျနော်တို့နိုင်ငံမှာ ကြုံနေရတဲ့ ပြသနာက ဒီပြသနာ တက်တာပဲ။ နောက် ဒီကြားထဲ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ကြေကြေကွဲကွဲ ခံစားရတဲ့၊ နစ်နစ်နာနာခံစားရတဲ့၊ အသက်သေဆုံးတဲ့အထိ ခံစားရတဲ့ ပွဲကြီးတွေဖြစ်ခဲ့ကြတယ်၊ အထိကရုဏ်းကြီးတွေ ဖြစ်ခဲ့ကြတယ်။ သို့သော် ဒီဘက်ကို ရောက်လာတဲ့အခါကျတော့ ဒီကိစ္စဟာ အတို့အထိ မခံနိုင်တဲ့အတွက်ကြောင့် ခနခန တို့တယ်၊ ထိတယ်ဆိုခဲ့လို့ရှိရင် အစပြန်ပြန်ပေါ်လို့ အသားသေသွားအောင် ဆိုင်းပြီးထားတာမျိုးကို ကျနော်တို့ နားလည်ပေးလို့ရပါတယ်။ သို့သော် အန်အယ်လ်ဒီတက်လာတဲ့အခါမှာ ဒီကိစ္စတွေဟာ အခု ကမ္ဘာကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်ကိစ္စတွေနဲ့ပတ်သက်လို့ ဘာမှမပြောဘူးလို့ ပြောရင်လည်းပဲ ဆိတ်ဆိတ်နေတာဟာ အသားသေအောင်၊ အနည်ထိုင်အောင် စောင့်နေတယ်လို့ ကျနော်တို့က နားလည်ပေးလို့ရတယ်။ ဒီနေရာမှာ ကျနော်တို့က ပသီလူမျိုးအတွက်ကိုပဲ ကျနော်တို့ပါတီက ကိုယ်စားပြုပြီးပြောတာပါ။ ကျန်တဲ့လူမျိုးနဲ့ ကျနော်တို့ကိစ္စ ကိုယ်စားပြုစရာလည်း ကျနော်တို့မှာ မရှိပါဘူး။ သို့သော် ဘာသာရေးကိုပါ ကိုင်ပြီးပြောတဲ့အခါကျတော့ ပသီတွေရဲ့ အခြေခံယဉ်ကျေးမှုဟာ အစ္စလာမ်ယဉ်ကျေးမှုဖြစ်နေတဲ့အခါ၊ အဲဒီအစ္စလာမ်ဟာ ပသီတွေရဲ့ယဉ်ကျေးမှုလည်းဖြစ်နေတော့ကာ လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာကို ရောပြီးကိုင်တွယ်ပြီးပြောလိုက်တဲ့အခါကျတော့ အမျိုးသားရေးလည်း လာထိတယ်၊ ကိုးကွယ်ယုံကြည်မှုကိုလည်း လာပြီးထိခိုက်တဲ့အခါ ဒီနှစ်ခုစလုံးကို၊ ယဉ်ကျေးမှုကိုရော သာသနာရေးကိုရော ကိုင်ထားရတဲ့ပုဂိုလ်တယောက်အနေနဲ့ ဒီလောက်တောင်မှ ချို့တဲ့လှချည်လား၊ ဒီလောက်တောင်မှ မသိနားလည်မှု ကင်းဝေးလှချည်လားလို့ ကျနော်က ပထမတော့ ယူကျုံးမရဖြစ်တယ်။ နောက်ပိုင်းကျတဲ့အခါကျတော့ မဟုတ်ဘူးဗျ၊ ဒီကိစ္စဟာ စောစောက ကျနော်အဲဒီမှာ ထည့်ရေးသလို၊ ကျနော်တို့ နိုင်ငံရဲ့ တခြားဒေသတချို့ကိုရောက်ခဲ့တဲ့အခါ လ၀ကက ပေါ်လစီအဖြစ်နဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့သူတွေကို လူမျိုးထဲမှာ အပေါင်း အိန္ဒိယ၊ အပေါင်း ဘင်္ဂလားဒေ့ရှ်၊ အပေါင်း ပါကစ္စတန်၊ အဲဒါမျိုးတွေ ထည့်ပြီးတော့ကာ ကျနော်တို့လူမျိုးတွေကို မှတ်ပုံတင်မှာကြည့်ရင် ရုပ်ပျက်ဆင်းပျက်တွေဖြစ်အောင် လုပ်ထားတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့လူမျိုး။ နောက်ထပ် ကျနော်တို့ မြေးအဆင့်လောက်၊ မြစ်အဆင့်လောက် ရောက်လာလို့ရှိရင် လက်တ၀ါးစာလောက်ရှိနေတဲ့ မှတ်ပုံတင်ကတ်ပြားထဲမှာ လူမျိုးအမည်ကို ထည့်လို့ မဆန့်နိုင်လောက်အောင် ဖြစ်တဲ့ကိစ္စကြီးတွေ ဖြစ်နေကြပြီ။ အဲသလောက်ထိ ရုပ်ပျက်ဆင်းပျက်။ အဲဒါ ဘယ်ကစလာတာလဲ ဆိုတော့ကာ အစ္စလာမ်ဘာသာ ကိုးကွယ်တယ်ဆိုတာနဲ့ တပြိုင်နက် တိုင်းရင်းသားစစ်စစ်ကို ဘယ်လောက်ပဲ ဆင်းသက်လာလာ ညီအစ်ကိုမောင်နှမတွေကြားထဲမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေက ဒီနိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ဗမာဆိုတဲ့ နာမည်နဲ့ရမယ်၊ သို့မဟုတ် တခြားတိုင်းရင်းသားနာမည်တခုနဲ့ ရမယ်။ အဲ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ တပြိုင်နက် မောင်နှမအရင်းခေါက်ခေါက်တွေမှာ လူမျိုးကွဲသွားပြီ။ ညီအစ်ကို အရင်းခေါက်ခေါက်တွေမှာ လူမျိုးကွဲသွားပြီ။ ဒါမျိုးတွေကို ရယ်စရာဖြစ်လောက်အောင် တွေ့ပေမယ်လို့ ကျနော်တို့ကိုယ်တိုင်က ရယ်စရာမဖြစ်ဘူး ဒီကိစ္စကို။ ဘ၀မှာ ရင်နာစရာတွေ ကြုံလာခဲ့တဲ့အခါ၊ အထိမခံနိုင်လောက်တဲ့ အချိန်ကို ရောက်နေတဲ့အချိန်မှာ အန်အယ်လ်ဒီအစိုးရ ပြောင်းလာတဲ့အခါကျတော့ ဒီဟာတွေကို အတိုင်းအတာတခုဖြင့်တော့၊ ဒေါ်စုရဲ့ တတိုင်းပြည်လုံးအပေါ်မှာ သြဇာသက်ရောက်မှု၊ မေတ္တာမျှနိုင်မှု ဆိုတာတွေနဲ့ ကုစားလို့ ရလိမ့်မလား ဆိုပြီးတော့။ သိပါတယ်၊ ဒီနေ့လက်ရှိ ဗမာပြည်မှာရှိနေတဲ့ လွှတ်တော် နှစ်ရပ်စလုံးမှာ ဖရီးမွတ်ဆလင် ဖြစ်နေတယ်ဆိုတာ သမိုင်းမှာ ထင်ရှားတဲ့ဖြစ်ရပ်ကြီးဗျ။ ကျောင်းတွေမှာ ခြင်ကင်းဝေးတဲ့ကျောင်း၊ ဆေးလိပ်ကင်းစင်တဲ့ကျောင်းလို ဖြစ်သလိုမျိုး အခု ဗမာပြည်မှာ ကျနော်တို့လူမျိုးဟာ ရှစ်သန်း၊ ခုနှစ်သန်း၊ ခြောက်သန်း အဲဒီဝန်းကျင်လောက်မှာရှိတဲ့ ကိုးကွယ်ယုံကြည်သူတွေဟာ၊ အဲဒီမှာ ပသီကတော့ကာ ခုဂဏန်း သန်းဂဏန်းလောက်ပဲ ရှိမှာပါ။ သို့သော် လွှတ်တော်ထဲမှာ မွတ်ဆလင်တယောက်မှ၊ ပသီတယောက်မှ၊ အစ္စလာမ်ကိုးကွယ်တဲ့သူ တယောက်မှ မပါနိုင်တဲ့ ဖရီးမွတ်ဆလင် သို့မဟုတ် ဖရီးအစ္စလာမ်ကိုးကွယ်သူ ဖြစ်တဲ့ လွှတ်တော်တွေကို ဖန်တီးယူတဲ့ကိစ္စဟာ မဘသက အန်အယ်လ်ဒီကို ခြောက်လှန့်လို့၊ အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲမှာ ထိခိုက်မှာစိုးလို့၊ ကျနော်တို့ကိုယ်တိုင်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး အောင့်ခံတယ်၊ မျိုချတယ်။ အဲဒီအထဲထဲမှာ လက်သန်းကို မင်ဗူးထဲမှာ နှစ်ပြီးတော့ကာ အန်အယ်လ်ဒီကို သွားပြီးတော့ မဲပေးခဲ့ကြတဲ့သူတွေကို ကျနော်တို့က လွှတ်ပေးခဲ့တယ်။ သို့သော် ခုနက ကျနော်ပြောတဲ့ခံစားချက်က အဲဒါ။ မျှော်လင့်တာဟာ သုံးရက်ပဲ မြောက်တယ်၊ ဒီလိုမျိုးဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့ရင်ထဲမှာ ဘယ်ခံနိုင်တော့မလဲ။ အထူးသဖြင့် ကျနော်တို့စိုးရိမ်တာက ဘာလဲဆိုတော့ လူသားတွေ ဖြစ်ကြတဲ့အတွက်ကြောင့် ခွေးသည်ပင်လျှင် ချောင်မှာပိတ်ပြီး ရိုက်တဲ့အခါကျလို့ရှိရင် ကိုက်တတ်တဲ့အကျင့်ကို ရလာမယ်။ လူငယ်တွေကို ကျနော်တို့က ဘယ်လိုဆေးနဲ့ ချော့မလဲ၊ ဘယ်လိုဆေးနဲ့ နှစ်သိမ့်မလဲ။ အန်အယ်လ်ဒီ အုပ်ချုပ်ရေးကို ရောက်လာရင်တော့ လူ့အခွင့်အရေးတွေ တန်ဖိုးထားပြီ၊ လူလူချင်း တန်းတူတန်ဖိုးတွေ ထားကြပြီ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ဝေမျှမှုမှာ အဝေကျ မရရင်တောင်မှ ကျန်တဲ့ လူမှုဆက်ဆံရေးနဲ့ လွတ်လပ်မှုတွေမှာ အတူတူရကြတယ် ဆိုခဲ့လို့ရှိရင် ကလေးတွေကို ကျနော်တို့က နှစ်သိမ့်လို့ရတယ်။ အထူးသဖြင့် လူငယ်တွေကို ကျနော်တို့က နှစ်သိမ့်လို့ရတယ်။ လူငယ်တွေက အခု ကျနော်တို့ကို မေးခွန်းပြန်မေးနေပြီ။ ခင်ဗျားတို့မျှော်လင့်ခဲ့တယ်၊ ဒီခေတ်ကို ရောက်လာတဲ့ အခါမှာလည်းပဲ ဒီလိုလူတွေဟာ တာဝန်ရှိတဲ့သူတွေ၊ သြဇာရှိတဲ့သူတွေ၊ အမိန့်ပေးပြီး ညွှန်ကြားနိုင်ပြီးတော့ ပေါ်လစီတွေကို ဖန်တီးနိုင်တဲ့သူတွေ ကျန်နေသေးတယ်ဆိုရင် ကျနော်တို့သက်တမ်းတခုကို ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲဆိုတဲ့ မေးခွန်းကို ကျနော်တို့ ဖြေစရာ တော်တော်ခက်သွားတယ်ဗျ။” အန်အယ်လ်ဒီက နိုင်ပြီး အခု လွှတ်တော်တွေ အပြိုင်းအရိုင်း ပေါ်လာနေပြီ။ ဆိုတော့ သမ္မတဆီစာရေးသလို လွှတ်တော်ပိုင်းကိုရော မခွဲခြားရေးဆိုတဲ့ ဥပဒေတွေ ပိုမိုခိုင်ခံ့အောင် ဖိအားပေးတာ၊ ချဉ်းကပ်တိုက်တွန်း အကြံပြုရင်ရော။ “တကယ်တော့ဗျာ ဖိအားပေးတယ်ဆိုတဲ့ စကားလုံးက ကြမ်းပါတယ်။ ကျနော်တို့စိတ်ထဲမှာရှိတဲ့ ခံစားမှုက သိမ်မွေ့ပါတယ်။ သူတို့တက်လာတဲ့အခါမှာ အများကြီး စိတ်ကူးယဉ်ထားတာတွေက ချသုံးဖို့ပဲဗျ။ အခုဆိုပါစို့ ကျနော်က သမ္မတကြီးဆီကို သူ့အောက်ကလူ ဆုံးမပေးဖို့နဲ့ ခုနတုန်းက ကျနော်တို့ကို ထိခိုက်စေတဲ့ စကားလုံးကို ဖယ်ရှားပေးဖို့အတွက် ကျနော်က လှမ်းတိုင်လိုက်တယ်။ ထိုနည်းလည်းကောင်းပဲ ဒီသမ္မတကြီးဟာ ကျနော်တို့ ငယ်ငယ်လေးကတည်းက သူ့အဖေက ကျနော်တို့ကို စာသင်ပေးခဲ့တဲ့ပုဂ္ဂိုလ်ပါ။ သူ့အဖေမပါဘဲနဲ့ ကျနော်တို့မြန်မာပြည်မှာ မြန်မာစာ တတ်လာဖို့မရှိပါ။ ဆိုတော့ ကျနော်တို့ လူလားမမြောက်ခင်ကတည်းက ကြည်ညိုပြီးသား မိသားစုကနေ ဖြစ်ပေါ်လာတဲ့ သမ္မတကြီးကို ကျနော်တို့က ကြည်ညိုရင်းစွဲရှိတယ်၊ လေးစားရင်းစွဲရှိတယ်။ အခု အန်အယ်လ်ဒီက သူ့ကို ရွေးတင်လိုက်တဲ့အခါမှာလည်း ကျနော်တို့က ဒီပေါ်မှာ လုံးဝဥဿ ယုံကြည် ပြီးတော့ကာ ရှေ့သွားဖို့အတွက် စိတ်ကူးတွေ ကျနော်တို့မှာ ရှိနေပြီးပါပြီ။ ပါတီအနေနဲ့ရော၊ တဦးချင်းအနေနဲ့ပါ။ အန်တီစုဆီကိုလည်းပဲ ကျနော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြဖို့ ရည်ရွယ်ချက်ရှိပါတယ်။ တကယ်တမ်းပြောခဲ့လို့ရှိရင် ပါတီအနေနဲ့တောင်မှ အန်အယ်လ်ဒီပါတီရဲ့ ရှေ့ နိုင်ငံရေးအခင်းအကျင်းတွေမှာ အတူတွဲဖက် ဆောင်ရွက်ဖို့အတွက် အန်အယ်လ်ဒီကလည်း ကျနော်တို့ဆီကို စာပို့ထားတာ ရှိပါတယ်။ ကျနော်တို့ကလည်း သူတို့ဆီကို အတူတွဲပြီးဆောင်ရွက်ဖို့ အသင့်ဖြစ်နေပါပြီဆိုတာကို စာပို့ထားတာ ရှိပါတယ်။ အဲသလို အခြေအနေမျိုးမှာ ဒီလိုဖြစ်တဲ့အခါကျတော့ကာ ခုန ကျနော်တို့ရဲ့ အင်မတန်သိမ်မွေ့ပါတယ်ဆိုတဲ့ ကျနော်ပြောတဲ့ စိတ်ကူးလေးတွေဟာ ချောက်ချားစွာနဲ့ ရိုက်ပုတ်ပြီး အနှိုးခံရသလို ကစဥ့်ကလျား ဖြစ်သွားတယ်ဗျ။” ဦးထွန်းဝင်းတို့ ပါတီတရပ်အနေနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးကို တွေ့ခွင့် တောင်းဆိုတင်ပြတာကရော လမ်းကြောင်းတခုဖြစ်မလား။ “သူ့ကို ကျနော်တို့ တွေ့လိုတဲ့စိတ် မရှိပါဘူး။ တကယ်တမ်းပြောခဲ့လို့ရှိရင် လူမှာ ဇာတိကို ပဝတ္တိ လုပ်လို့မရဘူးလို့ ရှိတယ်ဗျ ဗမာစကားမှာ။ ဇာတိကို ပဝတ္တိ လုပ်လို့မရဘူးဆိုတဲ့ စကားကို ကျနော်က ယုံကြည်ပြီးသားဖြစ်တယ် ဆိုတော့ကာ တပ်ကလာတဲ့သူဟာ ဒီအနေအထားမျိုးနဲ့ ဒီလောက် ရက်တိုတိုလေးနဲ့ ဘယ်လိုမှ မပြောင်းနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ သမိုင်းကို မဖြတ်ဘဲနဲ့ မျက်နှာဖုံးချွတ်ထားတဲ့လူ။ အဲဒါကြောင့်မို့ သူတို့ဟာ အတွင်းမှာ ပြောင်းသွားလိမ့်မယ်လို့ ကျနော်ယုံကြည်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ပြောင်းသွားဖို့အတွက် အင်မတန်ခက်ခဲ ထက်သန်တဲ့ သမိုင်းတခုကို သူဖြတ်ဖို့လိုတယ်။ ဥပမာဆိုရင် ဘဘဦးတင်ဦးတို့လိုမျိုး။ အဲဒီလို သမိုင်းကို ဖြတ်ပြီးတဲ့အခါကျတော့မှ သူ့ကိုယ်ဟာ လိမ်ပြီး ညှစ်ချလိုက်တဲ့ အ၀တ်တခုတည်းက အညစ်အကြေးတွေလိုမျိုး စစ်စင်သွားတဲ့ အခါကျတော့မှ နေပူလှမ်းပြီး ခြောက်သွေ့သွားတဲ့အခါမှာ သူဟာ စင်ကြယ်ပြီးသား ပုဂ္ဂိုလ်တယောက် ဖြစ်သွားမယ်။ ဘဘဦးတင်ဦးကို ကျနော်တို့က သူ တပ်ထွက်ဖြစ်တဲ့ အတွက်ကြောင့် ဒီနေ့အထိ မယုံကြည်တာ မဟုတ်ဘူး။ သမိုင်းကို ဖြတ်သန်းခဲ့လို့ သူ့ကို ကျနော်တို့ ယုံလို့ရတာ။ သို့သော် ဒီပုဂ္ဂိုလ်တွေက မနေ့တနေ့ကမှ ဟိုခြံထဲကနေ ထွက်လာပြီး ဒီနေ့ ဒီခြံထဲကို ကူးရုံနဲ့ အားလုံး စင်ကြယ်သွားပြီလို့ ကျနော့်မှာ မယုံကြည်နိုင်ဘူး။ အခု ဒီဇာတိကို သူပြတာပဲ။ ဇာတိဟာ ပတ္တိလုပ်လို့မရဘူး။ ဘယ်လောက်ပဲ ပင်နီတွေထဲမှာ သွားပြီး ရောနေနေ ဒီဇာတိကို သူပြတယ်။ အဲဒါကြောင့်မို့လို့ ကျနော် သူနဲ့ တွေ့ဖို့အတွက် ရည်ရွယ်ချက်မရှိပါဘူး။ ကျနော်တို့ တကယ်တွေ့ရင် အလုပ်အင်မတန်များတဲ့ အန်တီစုနဲ့ မတွေ့နိုင်ရင်တောင် လက်ရှိပါတီကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့အတွက် ကျနော်တို့ စီစဉ်မှာပါ။ ပြီးခဲ့လို့ရှိရင် သမ္မတကြီးနဲ့ပတ်သက်လို့ ကျနော်တို့ တွေ့ဖို့အတွက် ကမ်းလှမ်းချင် ကမ်းလှမ်းမှာပါ။ ကျနော်တို့ အခွင့်အရေးတောင်းမှာပါ။ ဘာဖြစ်လို့လဲဆို ဒီပုဂ္ဂိုလ်နဲ့ ဆွေးနွေးလို့ ကျနော်တို့ မှန်ကန်တဲ့အဖြေကို ရလိမ့်မယ်လို့ လုံးဝယုံကြည်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို သူ့မှာ ဓာတ်ခံမရှိဘူးဗျ။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024